Ethnic Issues

UNFC က အဖွဲ့ဝင် ၂ ဖွဲ့ကို ယာယီရပ်ဆိုင်း

This article has been converted from Zawgyi One to Unicode

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)က အဖွဲ့ဝင် ၂ ဖွဲ့ဖြစ်တဲ့ ပအို့ဝ် တိုင်းရင်းသားများ လွတ်မြောက် ရေး အဖွဲ့ (PNLO) နဲ့ ချင်း အမျိုးသားတပ်ဦး (CNF) တို့ကို တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ်(NCA) မှာ အရင် လက်မှတ် ထိုးတဲ့ အတွက် အဖွဲ့ဝင်အဖြစ်က ယာယီရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်အထိ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ UNFC အရေးပေါ် အစည်းအဝေးပြီးဆုံးတဲ့ နိုဝင်ဘာ ၁၂ ရက် က အဆိုပါ ၂ ဖွဲ့ကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ သိရကြောင်း ပအို့ဝ် နဲ့ ချင်း ခေါင်းဆောင်တွေက ဧရာဝတီကို ပြောပါတယ်။

UNFC အတွင်းရေးမှူး တဦးလည်း ဖြစ်တဲ့ PNLO က ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း ရပ်ဆိုင်းမယ် ဆိုရင် UNFC ဖွဲ့စည်းပုံအရသာ လုပ်ဆောင် သင့်တယ်လို့ ပြောပါတယ်။

CNF က ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းက “သူတို့က မလုပ်သင့် မလုပ်ထိုက်တဲ့ အလုပ်ကို လုပ်တာ။ ကျနော်တို့ကို NCA လက်မှတ် ထိုးလို့ဆိုပြီး စိတ်ဆိုး မာန်ဆိုးပြောတယ်။ ဒါက UNFC ဖွဲ့စည်းပုံ ပုဒ်မ ၂၈ အရ လုပ်ပိုင်ခွင့်မရှိဘူး။ အခုက ညီလာခံလည်း မဟုတ်၊ ကောင်စီ အစည်းအဝေးလည်း မဟုတ်ဘူး။ ဒီလိုလုပ်တာဟာ UNFC ဖွဲ့စည်းပုံကို ချိုးဖောက်ပြီးတော့ လုပ်တာပဲ ဖြစ်တယ်” လို့ ပြောဆိုပါတယ်။

၎င်းက ဆက်လက်ပြီး ဒီအရေးပေါ် အစည်းအဝေးကနေ ဆုံးဖြတ်လို့မရသလို အဖွဲ့ဝင်တွေကို ထုတ်လို့မရဘူး ဆိုတာကို CNF ချင်း ကိုယ်စားလှယ်က ကန့်ကွက်ခဲ့ကြောင်း၊ စည်းလုံးမှုကို ထိခိုက်စေတဲ့အတွက် ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း ပြောပါတယ်။

“ကျနော်တို့ ချင်းကိုယ်စားလှယ်က ကန့်ကွက်ခဲ့ တယ်။ ဒါက စည်းလုံးမှုကို ထိခိုက်စေတယ်။ NCA ကို အတူတကွ ဆွေးနွေးခဲ့ကြပြီး လက်မှတ်ထိုးခဲ့ကြတာ။ အခုက နောက်ကျောကို ဓားနဲ့ထိုးတာ။ ကျနော်တို့ ပြင်းပြန်းထန်ထန် ကန့်ကွက်ပါတယ်”လို့လည်း ဒေါက်တာ ဆလိုင်း လျံမှုန်း ဆာခေါင်းက ပြောဆိုပါတယ်။

CNF နဲ့ PNLO ၂ ဖွဲ့ကို အဖွဲ့ဝင်အဖြစ်က ယာယီ ရပ်စဲထားပြီး လာမယ့်နှစ်ပတ်လည် UNFC အစည်းအဝေးမှာ ဆုံးဖြတ်မယ်လို့ သိရပါတယ်။

ယခုကိစ္စနဲ့ ပတ်သက်ပြီး UNFC ကို ဧရာဝတီက ဆက်သွယ်မေးမြန်းပေမယ့်လည်း ဖြေကြားခြင်း မရှိပါ။

UNFC ကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလက ဖွဲ့စည်းခဲ့ပြီး လက်ရှိ အဖွဲ့ဝင် ၁၁ ဖွဲ့ရှိပါတယ်။

Loading