မြန်မာနိုင်ငံ၏ သမိုင်းဝင်ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရသွားသောကြောင့် အိမ်နီးချင်းဖြစ်သော အင်အားကြီးမားသည့် တရုတ်နိုင်ငံတွင် ခက်ခဲသောမေးခွန်းအချို့ ထွက်ပေါ်လာခဲ့ကြောင်း ဝါရှင်တန်ပို့စ်သတင်းစာက ရေးသားလိုက်သည်။
ပထမမေးခွန်းမှာ မြန်မာနိုင်ငံ နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးနှင့် နီးစပ်သော တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီမှ ခေါင်းဆောင်များက မြန်မာဒီမိုကရက်များနှင့် မည်သို့ဆက်ဆံသွားမည်နည်းဖြစ်ပြီး ဒုတိယမေးခွန်းမှာ အကယ်၍မြန်မာနိုင်ငံသာ ဒီမိုကရေစီရခဲ့မည်ဆိုလျှင် တရုတ်တို့သည်လည်း မရနိုင်ဘူးလားဟူ၍ပင်။
လွန်ခဲ့သည့်ရက်အနည်းငယ်က တရုတ်နိုင်ငံသားများအကြား မေးခွန်များမြင့်တက်ခဲ့သည်။
အနောက်တိုင်းပုံစံ ဒီမိုကရေစီစနစ်သည် တရုတ်နိုင်ငံ၏ လက်ရှိ ဖွံ့ဖြိုးတိုးတက်နေမှု အခြေအနေနှင့် မသင့်လျော်ကြောင်း ပြောနေသည့် တရုတ်အစိုးရ၏ တရားဝင်ပေါ်လစီကို ပထမဆုံး စတင်ဆွေးနွေးသူမှာ Tsinghua University မှ လူမှုဗေဒ ပါမောက္ခ Sun Liping ဖြစ်သည်။
“တကယ်တော့ ဒီမိုကရေစီဆိုတာ သာမန်လူမှုအသိုင်းအဝိုင်းအတွက်တော့ ပုံမှန်လမ်းကြောင်းတခုပါ။ ဒါက လူ့သဘာဝအရ ရှင်သန်မှုလမ်းကြောင်းတခုပါ။ ဘာလို့လဲဆိုတော့ အသက်ကြီးလာတဲ့သူတွေက ကလေးတွေကို အတိတ်မှာ အစာစားရင်း စကားမပြောနဲ့လို့ ပြောကြတယ်။ အဲဒါက စကားပြောတာနဲ့ အစားစားတာက သဟဇာတမဖြစ်ဘူးလို့ မဆိုလိုပါဘူး” ”ဟု Sun Liping က တရုတ်ဆိုရှယ်မီဒီယာ Sina Weibo စာမျက်မှာတွင် ရေးသားဖော်ပြခဲ့ကြောင်း ဝါရှင်တန်အခြေစိုက် RFA သတင်းဌာနမှ သိရသည်။
အဆိုပါ Sun Liping ၏ ရေးးသားမှုကို မိနစ်အနည်းငယ်အတွင်း အကြိမ်ပေါင်း ၂၀၀၀ ကျော် ပြန်လည်မျှဝေခဲ့ကြပြီး ထိုရေးသားမှုကို ထောက်ခံသူများနှင့် တပါတီအုပ်ချုပ်သည့်စနစ်ကို ထောက်ခံသူများကြား ငြင်းခုံခဲ့ကြကြောင်း RFA သတင်းဌာနမှ ဖော်ပြချက်အရ သိရသည်။ ထို့အပြင် တရုတ်နိုင်ငံ၏ လူမှုမီဒီယာများအပေါ် စိစစ်မှု တိုးများလာခဲ့သည်။
ရှေ့နေတဦးဖြစ်သူ Li Fangping က “မြန်မာနိုင်ငံသားတွေက တယောက်ပြီး တယောက် မဲပေးခဲ့ကြတယ်”ဟု မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၈ရက်နေ့တွေကျင်းပခဲ့သည့် ရွေးကောက်ပွဲကို ရည်ညွှန်း၍ ရေးသားခဲ့သည်။ “သူတို့တွေ ပြုံးပျော်နေကြတယ်ဆိုတာ တွေ့နိုင်ပါတယ်။ မြန်မာက တရုတ်ထက် ပိုကောင်းသွားသလား။ ကျနော်တို့အားလုံး သိတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ဂျီဒီပီ၊ လူလတ်တန်းစား၊ စာတတ်သူဦးရေ၊ သယ်ယူပို့ဆောင်ရေးတွေက တရုတ်နိုင်ငံလောက် မကောင်းဘူးလေ။”
weibo အသုံးပြုသူ အခြားတယောက်ကလည်း “လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် ပျော်ရွှင်မှုရဲ့ “မိစ္ဆာ” လမ်းကြောင်းပေါ်ကို တက်လှမ်းနိုင်ခဲ့ကြတယ်”ဟု နောက်ပြောင်မှတ်ချက်ပြုခဲ့သည်။
Sun Liping ၏ မူရင်းစာမျက်နှာမှာ ပယ်ဖျက်လိုက်ပြီး Sina Weibo တွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ရှာဖွေလျှင် ပိတ်ပင်ကန့်သတ်လိုက်သော်လည်း ငြင်းခုံမှုများကိုမူ အွန်လိုင်းပေါ်တွင် တွေ့နိုင်ပါသေးသည်။
မြန်မာနိုင်ငံ ရွေးကောက်ပွဲတွင် လေ့လာစောင့်ကြည့်၍ ပြန်လာခဲ့သော Xiamen University ရှိ School of Southeast Asian Studies မှ ပါမောက္ခတယောက်ဖြစ်သော Fan Hongwei က မြန်မာ့အရေး တရုတ်များ စိတ်ပါဝင်စားလာမှုကို အံ့ဩသင့်မိကြောင်း ပြောသည်။
“တရုတ်နိုင်ငံသားတွေက မြန်မာနိုင်ငံက ရွေးကောက်ပွဲကို စိတ်ဝင်စားကြတယ်။ ဘာလို့လည်းဆိုတော့ ဒီမိုကရေစီစနစ်က အချို့နိုင်ငံတွေအတွက် မလျော်ညီပါဘူးလို့ ပြောတာကို မကိုက်ညီကြောင်း ပြသလိုဖြစ်နေတယ်။ မြန်မာနိုင်ငံက တရုတ်နိုင်ငံထက်စာရင် ဆင်းရဲပြီးတော့ ပညာရေးလည်း နိမ့်ကျပါတယ်။ ဒါပေမယ့် ဒီမိုကရေစီ အကူးအပြောင်းကိုတော့ ငြိမ်းငြိမ်းချမ်းချမ်းလုပ်ဆောင်သွားနိုင်ပါတယ်။ တရုတ်နိုင်ငံသားတွေအနေနဲ့လည်း ဘာလို့ အဲဒီလိုမလုပ်နိုင်သလဲဆိုတာ သိချင်ပါတယ်။ သူတို့တွေ မြန်မာနိုင်ငံသားတွေကို မနာလိုကြပါဘူး”ဟုလည်း ဆိုသည်။
တရုတ်အစိုးရသည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအတွက် လေ့လာစောင့်ကြည့်သည့် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စေလွှတ်ခဲ့ပြီး ရွေးကောက်ပွဲ ချောမွေ့စွာပြီးစီးခဲ့မှုကိုလည်း ကြိုဆိုခဲ့ပါသည်။
သို့သော် မြန်မာတို့အနေဖြင့် တရုတ်အစိုးရအပေါ် ယုံကြည်မှုမရှိခြင်းသည် တညအတွင်း ပျောက်မသွားနိုင်ကြောင်း နှစ်ဖက်အစိုးရ အနေဖြင့် အပြန်အလှန်ယုံကြည်မှု ပြန်လည်တည်ဆောက်ရန် လိုအပ်ကြောင်း Xiamen University ပါမောက္ခ Fan Hongwei က ပြောသည်။
“တရုတ်အစိုးရ အနေနဲ့ အနာဂတ် တရုတ်-မြန်မာ ဆက်ဆံရေးအတွက် မရရာသေးပါဘူး။ ဘာလို့လည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ အပြန်အလှန် ယုံကြည်မှု မတည်ဆောက်ရသေးပါဘူး။ NLD ပ ါတီက တရုတ်နဲ့ နိုင်ငံရေးသဘောတရားကွဲပြားပြီးတော့ အနောက်တိုင်း တန်ဖိုးတွေနဲ့ ပိုနီးတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရဟာ မြန်မာပြည်က တရုတ်အကျိုးစီးပွားတွေကို ဘယ်လိုသက်ရောက်နိုင်မလဲဆိုတာ တရုတ်အစိုးရက စိုးရိမ်နေပါတယ်။”
တရုတ် အမျိုးသားရေး သတင်းစာ The Global Times သတင်းစာက မြန်မာနိုင်ငံတွင် အာဏာလွဲပြောင်းမှုသည် တရုတ်နိုင်ငံကို ထိခိုက်လိမ့်မည် မဟုတ်သော်လည်း တချိန်တည်းမှာဘဲ မြန်မာနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ပိုပြီး နီးစပ်ရန် မလိုဟု သတိပေး ရေးသားခဲ့သည်။
သို့သော်ငြား တရုတ်ကွန်မြူနစ်ပါတီသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို စောင့်ကြည့်လျက်ရှိသည်။
ဇွန်လတွင် မြန်မာနိုင်ငံမှ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘေဂျင်းသို့ ဖိတ်ခေါ်ခဲ့ပြီး ကော်ဇောနီခင်း၍ ကြိုဆိုခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံမှ ခေါင်းဆာင်များအား မြန်မာ-တရုတ် ဆက်ဆံရေးကို ခိုင်မာစေမည်ကို အာမခံခဲ့ကြောင်း သတင်းများအရ သိရသည်။
ဆစ်ဒနီရှိ Macquarie University မှ တွဲဖက်ပါမောက္ခတဦးဖြစ်သူ Sean Turnell က မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲရလဒ်ကို တရုတ်နိုင်ငံအနေဖြင့် အမှန်တကယ် ကြိုဆိုမည်ဆိုသည်မှာ အံသြဖွယ်ရာဖြစ်ကြောင်း ပြောသည်။
“တရုတ်အနေနဲ့ အမှားတွေလုပ်ခဲ့တယ်၊ ဒါကြောင့် သူတို့ပုံရိပ်ကို ပြန်ဆယ်ဖို့ ကြိုးစားမယ်၊ အတိုက်အခံနဲ့ ဆက်ဆံရေးလမ်းဖောက်မယ်ဆိုပြီး ဖြစ်ခဲ့ပုံ ပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည်ခရီးစဉ် အတွင်း “တိုင်းပြည်ခေါင်းဆောင်”တဦး ကဲ့သို့ ဆက်ဆံခဲ့ သည်ကို ရည်ညွှန်း ပြောဆိုသည်။
သို့သော့်် တရုတ်ခေါင်းဆောင်များအကြား ဒေါ်အောင်ဆန်းစုကြည် ပေါ်ပြူလာမဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ကို မယုံကြဟု တရုတ်တောင်ပိုင်း ဂွမ်ဒုံး(ကန်တုန်)ပြည်နယ် Jinan University က ပါမောက္ခ Lin Xixing ကဆိုသည်။ “တရုတ်က သူ့ကို မကြိုက်ရတဲ့အကြောင်းတွေ ရှိပါတယ်။ သူ့အဖေက ဒုတိယကမ္ဘာစစ်မှာ တရုတ်ကို တိုက်တဲ့ ဂျပန်ကို ကူခဲ့တယ်။ သူက အနောက်နိုင်ငံနဲ့ နီးစပ်တယ်။ အိန္ဒိယမှာ ကြီးတယ်။ ဥရောပမှာ နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျတယ်”ဟု ၎င်းက The Newyork Times သတင်းစာကို ပြောဆိုသည်။