မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အောင်မြင်မှုအတွက် အမေရိကန် သမ္မတ အိုဘားမားက မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သမ္မတ ဦးသိန်းစိန် ကဲ့သို့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တယ်လီဖုန်းဆက် ဂုဏ်ပြုစကားပြောခဲ့သည်ဟု သိရသည်။
မြန်မာခေါင်းဆောင် ၂ ဦးလုံးက ရွေးကောက်ပွဲအပေါ် သမိုင်းဝင်မည့် ရွေးကောက်ပွဲတခုဟု ဖွင့်ဆိုခဲ့ကြပြီး ချောချောမွေ့ မွေ့ ပြီးဆုံးခဲ့သော ရွေးကောက်ပွဲ၏ အရေးပါသည့် အချက်များကို ရှင်းပြခဲ့ကြသည်ဟု ဆိုသည်။
“သမ္မတ အိုဘားမားကလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပိုမိုငြိမ်းချမ်းပြီး အောင်မြင်တိုးတက်တဲ့ အနာဂတ်ကို ဖော်ဆောင်ရေး ရွေးကောက်ပွဲနဲ့ အစိုးရသစ်တခု ဖွဲ့ စည်းရေးက အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်တယ် လို့ မှတ်ချက်ပြုခဲ့ပါတယ်” ဟု မြန်မာ ခေါင်းဆောင်များထံသို့ တယ်လီဖုန်းဆက်ပြီးနောက် အိမ်ဖြူတော်မှ ထုတ်ပြန် သည့် ကြေညာချက် ၂ ခုတွင် ဖော်ပြထားသည်။
နိုဝင်ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် သမိုင်းဝင် ရွေးကောက်ပွဲတွင် ၎င်းတို့၏ ပါဝင်ဆောင်ရွက်မှုအတွက် ဒေါ်အောင် ဆန်းစုကြည် နှင့် ဦးသိန်းစိန် တို့ ၂ ဦးလုံးကို အမေရိကန် သမ္မတ အိုဘားမားက ချီးကျူးဂုဏ်ပြုခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မမောနိုင်မပန်းနိုင် အားထုတ်မှုနှင့် အများစု ပိုမိုပါဝင်နိုင်၍ ငြိမ်းချမ်းသော ဒီမိုကရေစီဆန်သည့် မြန်မာနိုင်ငံဖြစ်လာရေး အတွက် နှစ်ပေါင်းများစွာ စွန့်လွှတ်ကြိုးစားခဲ့သည့်အတွက် အိုဘားမားက ချီးကျူးခဲ့သည်။
တရားဝင်ထုတ်ပြန်သည့် ရလဒ်များကို ပါတီများအားလုံးက လေးစားရန် အရေးကြီးကြောင်းနှင့် ပြည်သူတို့၏ ဆန္ဒကို ဖော်ပြနေသည့် ရွေးကောက်ခံ အစိုးရတခု ဖွဲ့စည်းနိုင်ရေးအတွက် အတူတကွ တစိတ်တဝမ်းတည်း အလုပ်လုပ်နိုင်ရန် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတအိုဘားမားတို့ ဆွေးနွေးခဲ့ကြသည်ဟု အိမ်ဖြူတော်က ဆိုသည်။
ဦးသိန်းစိန်နှင့် ပြောဆိုရာတွင် သမ္မတ အိုဘားမားက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ၏ အားထုတ်မှုနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်ရန် အစိုးရက နိုင်ငံရေးပါတီများ၊ အရပ် ဘက်အဖွဲ့အစည်းများ၊ မီဒီယာများနှင့် အတူ အစိုးရက လုပ်ဆောင်ခဲ့မှုများကို ချီးကျူး ဂုဏ်ပြုခဲ့သည်။
ဒီမိုကရက်ပါတီ၏ သမ္မတလောင်း ဟီလာရီကလင်တန်က သီးခြားထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် ပြည့်စုံမှု မရှိသော်လည်း ဒီမိုကရေစီသို့ သွားရမည့် တိုင်းပြည်၏ ခရီးရှည်ကြီးတွင် အရေးပါသည့် ခြေလှမ်းတခု ဖြစ်သည်ဟု ဖော်ပြထားသည်။
“ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေးနဲ့ တိုးတက်မှုကို ကာကွယ်ပေးဖို့ အတွက် အမေရိကန်နိုင်ငံက အဓိကနေရာက ပါဝင်နိုင်တယ်၊ ပါဝင်သင့်တယ်ဆိုတာကို အတည်ပြုပေးလိုက်တာလည်း ဖြစ်ပါတယ်” ဟု သူက ဆိုသည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ်က မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသူများနှင့်အတူ နိုင်ငံရေး အကျဉ်းသား ၁၁၀၀ ကျော် ပြန်လွှတ်ပေးခြင်းကဲ့သို့သော အမှန်တကယ် ပွင့်လင်းမှုဆီသို့ ဦးတည်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့သည့် အကြောင်းများကိုလည်း သူက ပြန်ပြောခဲ့သည်။ ထိုစဉ်က ပြန်လည်လွတ်မြောက်ခဲ့သော နိုင်ငံရေး အကျဉ်းသားများထဲမှ အချို့မှာ နိုဝင်ဘာလ ၈ ရက်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
“ဒါပေမယ့် ရွေးကောက်ပွဲတခုက လူ့အခွင့်အရေး၊ အားကောင်းတဲ့ ဖွဲ့စည်းမှုတွေနဲ့ အောင်မြင်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို ကတိပြု အာမခံတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကို တည်ဆောက်ပေးမှာ မဟုတ်ဘူးဆိုတာကို ကျမတို့ မေ့ထားလို့ မရပါဘူး” ဟု ဟီလာရီကလင်တန်က ပြောသည်။
“မြန်မာနိုင်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကနေ အခြေခံဥပဒေပြင်ဆင်ရေး၊ ကာလကြာရှည်နေပြီ ဖြစ်တဲ့ တိုင်းရင်းသား ပဋိပက္ခတွေ ဖြေရှင်းနိုင်ရေး၊ ရိုဟင်ဂျာပြဿနာဖြေရှင်းရေး တွေအထိ သွားရမယ့် ခရီးရှည်ကြီးတခု ရှိနေပါသေးတယ်” ဟုလည်း သူက ပြောသည်။
“ဒါပေမယ့် မြန်မာပြည်သူတွေက ပိုမိုကောင်းမွန်တဲ့ အနာဂါတ်တခုဆီကို ဆက်သွားမယ်လို့ စိတ်ဆုံးဖြတ်ထားကြောင်းကို နောက်တကြိမ် ထပ်မံပြသလိုက်ပါပြီ။ သမ္မတယောက်အနေနဲ့ အရွေးချယ်ခံခဲ့ရလျှင် အမေရိကန်နိုင်ငံက သူတို့နဲ့ အတူ ဆက်လက်ရပ်တည်သွားမယ်၊ ကမ္ဘာပေါ်က လွတ်လပ်ခွင့်နဲ့ ဂုဏ်သိက္ခာကို ရှာဖွေနေသူတွေနဲ့ အတူရှိသွားမယ်ဆိုတာက ကျမဘက်က သေချာပါတယ်” ဟု ဟီလာရီကလင်တန်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
အမေရိကန် ရွေးကောက်ပွဲတွင် ရီပတ်ဗလီကန် သမ္မတလောင်းအဖြစ် ထိပ်ဆုံးမှ ဦးဆောင်နေသော မာကိုရူဘီယို (Marco Rubio) ကလည်း သီးခြားကျေညာချက် တစောင်ထုတ်ပြန်၍ အောင်မြင်မှုအတွက် ဂုဏ်ပြုခဲ့သည်။
“ဒီရွေးကောက်ပွဲဟာ လမ်းကြောင်းမှန်တဲ့ ခြေလှမ်းတရပ်ဖြစ်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲလုပ်ငန်းစဉ်ရဲ့ အရေးပါတဲ့ နေရာတွေမှာ စင်းလုံးချော မဟုတ်ခဲ့တဲ့အတွက် ကျနော် စိတ်ပူနေတုန်းပါပဲ” ဟု သူက ဆိုသည်။
ပုံမှန် မဟုတ်သည့် ကြိုတင်မဲ သတင်းများနှင့် ရလဒ်ကို ထုတ်ပြန်ပေးရန် အချိန်ဆွဲနေခြင်းများအတွက် စိုးရိမ်ကြောင်းလည်း သူက ထုတ်ဖော်ပြောဆိုလိုက်သည်။
“ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ရလဒ်တွေကို လျှင်လျှင်မြန်မြန်နဲ့ ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ပြန်ပေးဖို့ ကျနော်တောင်း ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းကြောင်းအရ မဲရေတွက်မှုလုပ်ငန်းစဉ်တွေမှာ ရိုးသားစွာဆောင်ရွက်ခဲ့တယ် ဆိုတာကို ပြည်သူတွေက ယုံကြည်စိတ်ချမှု ရှိစေဖို့ ကော်မရှင်မှာ တာဝန်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ရာထူး ရယူလို့ မရအောင် စစ်တပ်က အခြေခံဥပဒေကို အသုံးပြုတားဆီးထားတဲ့ အတွက်လည်း စိုးရိမ်မိပါတယ်” ဟု မာကိုရူဘီယိုက ပြောသည်။