အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်ပေါ်တွင် ပျက်ကျခဲ့သည့် ရုရှားခရီးသည်တင်လေယာဉ် Airbus A- 321သည် ချိန်ကိုက်ဗုံးဖြင့် ဖောက်ခွဲခံရခြင်းဖြစ်နိုင်ကြောင်း စုံစမ်းစစ်ဆေးသူများက ဖော်ထုတ်ကောက်ချက်ချသည်။
အဆိုပါ ချိန်ကိုက်ဗုံးမှာ အချိန် ၂နာရီအကြာတွင် ပေါက်ကွဲရန် လောင်စာဆီပိုက်လိုင်းများ အနီးတွင် ထောင် ထားခဲ့ခြင်းဖြစ်ကြောင်းFox News သတင်းကဆိုသည်။
ထိုသို့ ကောက်ချက်ချခြင်းမှာ သက်သေသက္ကာယတွေ့ရှိခြင်း သို့မဟုတ် ကြားဖြတ်ဖမ်းယူရရှိသည့် သတင်းများ မှ ရှာဖွေတွေ့ရှိခြင်းလားဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်းမသိရသေးပေ။
အဆိုပါ ရုရှားလေကြောင်းလိုင်းမှ Airbus A 321 လေယာဉ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့က အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ် ရှရမ် အယ်ရှိတ် အပန်းဖြေစခန်းမှ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့သို့ ပျံသန်း စဉ် ပျက်ကျသွားခြင်းဖြစ်ပြီး လေယာဉ်ပေါ်ပါ ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၂၂၄ သေဆုံးသွားခဲ့သည်။