သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး ထုတ်ပြန် ထားသော တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ထွက်ပေါ်လာပြီးနောက် အမှုဖွင့်တိုင်ကြားသူ ၁၀ ဦးထက် မနည်းရှိနေပြီး လတ်တလော အခြေအနေတွင် ရန်ကုန်တိုင်း၌ တိုင်ကြားမှု အများဆုံးဖြစ်သည်။
ဘာသာခြား လူမျိုးများကို ဖိနှိပ်လို၍ ပြဋ္ဌာန်း သည်ဟု ဝေဖန်ကန့်ကွက်မှု များစွာ ရှိနေသော ယင်း ဥပဒေကို အိမ်ထောင်ရှင်များ ဖောက်ပြန်မှု မရှိစေရေး ရည်ရွယ်တားမြစ်သည့် အနေဖြင့် ထုတ်ပြန်သည်ဟု အစိုးရက အကြောင်းပြချက် ပေးထားသည်။
သို့ဖြစ်ရာ ဥပဒေထုတ်ပြန်ခဲ့ပြီး ၂ လအတွင်း အိမ်ထောင်ဖက် အချင်းချင်း အပြန်အလှန် တိုင်ကြားမှုများ ရှိလာပြီး အမျိုးသမီးများ ဘက်မှ တိုင်ကြားမှုက ပိုမိုများပြားနေသည်။
ရန်ကုန်မြို့ တမြို့တည်းတွင်ပင် တိုင်ကြားမှု ၈ မှု ရှိပြီး တနိုင်ငံလုံး အတိုင်းအတာအားဖြင့် ၁၀ မှု ကျော်ရှိရာ တိုင်ကြားသူ အားလုံးမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရရှိထားသည့် စာရင်းအရ သိရသည်။
ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်နေ မရွှေရည်ဝင်းက အိမ်ထောင်ဖက်၏ ဖောက်ပြန်မှုကို မခံမရပ်နိုင် ဖြစ်သဖြင့် တလင်တမယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေဖြင့် ဒဂုံဆိပ်ကမ်းမြို့မ ရဲစခန်းသို့ အောက်တို ဘာလဆန်းပိုင်းက တိုင်ကြားခဲ့သည် ဟု သိရသည်။
“ကျမ တိုင်လိုက်တယ်။ ဒါပေမယ့် သူနဲ့ ရထားတဲ့ကိုယ်ဝန် ရှိနေပြီ ဆိုတော့ ကလေးကို ငဲ့ညာပြီး အမှုပြန်ပိတ်ပေးဖို့ လုပ်နေရပြီ။ ပိတ်လို့ ရ မရတော့ မသိဘူး။ သူကလည်း နောင် မလုပ်တော့ပါဘူး လို့ တောင်းပန်တယ်။ ဥပဒေကတော့ ကောင်းတယ် လို့ မြင်ပါတယ်။ သူ့မိဘတွေကို အရင်က ကျမ သွားပြောရင် နင့်ဘာသာနင်ရှင်း ဆိုတဲ့ ပုံစံမျိုးပေါ့။ အခုမှ သူတို့သား အကြောင်းသိလာလို့ ကျမအပေါ် အမြင် ပြောင်းလာတယ်” ဟု အသက် ၂၄ နှစ်အရွယ် ဒုတိယနှစ် ကျောင်းသူ မရွှေရည်ဝင်းက ဧရာဝတီသို့ ပြောပြသည်။
လတ်တလောတွင် မရွှေရည်ဝင်း၏ တိုင်ကြား မှုကြောင့် ဖမ်းဆီးခံထားသူ အသက် ၂၀ အရွယ် ခင်ပွန်းမှာ ယာဉ်နောက်လိုက် တဦး ဖြစ်ပြီး အိမ်၌ အဝတ်လျှော်ရန် ငှားထားသည့် အသက် ၂၉ နှစ် အရွယ် တခုလပ် အမျိုးသမီးနှင့် ဖောက်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခင်ကလည်း တကြိမ် ဖောက်ပြန်ခဲ့ဖူးကြောင်း၊ ယခုအကြိမ်သည် ဒုတိယ အကြိမ်ဖြစ်ပြီး လက်ပူးလက်ကြပ် မိခဲ့သဖြင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ရဲအရေးပိုင်တဲ့ အမှု ဆိုတာကတော့ အာမခံ ပေးလို့ မရဘူး။ အခုဖမ်းထားတယ်။ ရဲစခန်းအချုပ်မှာ ထားထားတယ်။ တိုင်တဲ့သူ ရှိရင် အရေးယူရမှာပဲ” ဟု မရွှေရည်ဝင်း တိုင်ကြားခဲ့သည့် အမှုနှင့် ပတ်သက်၍ ဒဂုံဆိပ်ကမ်းမြို့မ ရဲစခန်းမှ ရဲအရာရှိတဦးက ရှင်းပြသည်။
စက်တင်ဘာ ၁ ရက်က စတင် အသက်ဝင်ခဲ့သော တလင်တမယားစနစ် ဥပဒေတွင် လင်နှင့် မယား တဦးအပေါ် တဦး သစ္စာရှိစွာဖြင့် သာယာချမ်းမြေ့သည့် အိမ်ထောင် တည်ဆောက်နိုင်စေရန်၊ အမျိုးသမီးများ တရားမဝင် မယားအဖြစ် ရောက်ရှိခြင်းမှ ကာကွယ်ရန်၊ အိမ်ထောင်ဖက်တဦးထက် ပိုယူခြင်းကြောင့် ဖြစ်ပွားနိုင်သည့် အိမ်ထောင်ရေး ပြဿနာ နှင့် အိမ်ထောင်ရေး မှုခင်းများကို တားဆီးနိုင်ရန်နှင့် အမျိုးသား၊ အမျိုးသမီးများ၏ ကိုယ်ကျင့်တရား ပိုမို ထိန်းသိမ်း နိုင်စေရန် ရည်ရွယ်ပြဋ္ဌာန်းခြင်း ဖြစ်သည် ဟု ဖော်ပြထားသည်။
ယင်းဥပဒေအရ မြန်မာနိုင်ငံတွင် နေထိုင်သူ နိုင်ငံသားများသည် လည်းကောင်း၊ နိုင်ငံသားများနှင့် လက်ထပ်ထားသည့် နိုင်ငံခြားသားများသည် လည်းကောင်း အကျုံးဝင်မည် ဖြစ်သည်။
ထို့အပြင် ဥပဒေသည် ရဲအရေးပိုင်သည့်အမှု ဖြစ်ရာ အာမခံ မရနိုင်ဘဲ ပြစ်မှုထင်ရှားပါက ဥပဒေ ပုဒ်မ ၁၂ သို့မဟုတ် ပုဒ်မ ၁၃ အရ ထောင်ဒဏ် ၇ နှစ် အထိ ချမှတ်နိုင်ပြီး ထိမ်းမြားမှုကို ထိန်ချန်၍ ထပ်မံလက်ထပ်ပါက ထောင်ဒဏ် ၁၀ နှစ် အထိ ချမှတ်နိုင်ကြောင်းနှင့် တိုင်ကြားသူ လင် သို့မဟုတ် မယားက ကွာရှင်းပြတ်စဲ နိုင်ပြီး ပြစ်မှုကျူးလွန်သူသည် အိမ်ထောင်စုပိုင် ပစ္စည်းများကို ဆုံးရှုံးမည် ဖြစ်ကြောင်း ဥပဒေတွင် ဖော်ပြပါရှိသည်ကို တွေ့ရသည်။
လက်ရှိ ပြဋ္ဌာန်းထားသည့် ဥပဒေပါ အချက် အလက်များ အရ မယားပြိုင်ထားရှိမှု စနစ်ကို ကန့်သတ်ထားပြီး နောက်မယားမှ မွေးဖွားလာမည့် ကလေး၏ အခွင့်အရေးများလည်း ဆုံးရှုံးမည် ဖြစ်သည်။
သို့ဖြစ်ရာ ဥပဒေကို ထောက်ခံသူ အိမ်ထောင်ရှင် မရွှေရည်ဝင်းနည်းတူ အိမ်ထောင်ဖက်ကို တိုင်ကြားပြီး နောက်ပိုင်းတွင် မိသားစုအတွင်း၌ နှစ်ဖက် မိသားစု အကြား ပြဿနာများ၊ စီးပွားရေး၊ လူမှုရေး ပြဿနာများနှင့် သားသမီးရှိနေပါက ၎င်း၏ရှေ့ရေး အတွက် စိန်ခေါ်မှုများ စသည့် နောက်ဆက်တွဲ ပြဿနာများ ရှိနေသည်။
အမျိုးသားဖြစ်သူ၏ ဖောက်ပြန်မှုကြောင့် တလင်တမယားစနစ် ဥပဒေဖြင့် တိုင်ကြားခဲ့သူ မရွှေရည်ဝင်းက “ကျမနဲ့ ကလေးအတွက် နောင်ရေး ရှိသေးတယ်။ စီးပွားရေး၊ စားဝတ်နေရေးကလည်း ရှိသေးတော့ အမှုပိတ်ဖို့ လုပ်ရမှာ။ သူနဲ့ ပြန်ပေါင်းမှာပေါ့။ အစကတော့ သူနဲ့ ဖောက်ပြန်တဲ့ မိန်းမလည်း အမှုတွဲပါမှာ။ ပိတ်လိုက်ရင်တော့ ဘယ်လိုဖြစ်မယ် မသိဘူး” ဟု ဆိုသည်။
စိတ် အခန့်မသင့်မှုနှင့် မခံချင်စိတ်ကြောင့် “တလင် တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ” ဥပဒေဖြင့် အမှုဖွင့်ခဲ့သူ အိမ်ထောင်ရှင်များ အနေဖြင့် မိသားစုများ အကြား ဆက်ဆံရေး၊ ဂုဏ်သိက္ခာနှင့် တခြား နောက်ဆက်တွဲပြဿနာများ မည်ကဲ့သို့ ဖြေရှင်းမည်နည်း ဆိုသည့် မေးခွန်းများလည်း ရှိနေသည်။
တလင်တမယားစနစ်ဥပဒေ စတင်ပြဋ္ဌာန်းခဲ့သည့် စက်တင်ဘာလမှ စတင်ကာ ရန်ကုန်မြို့ရှိ ကမာရွတ်မြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကြည့်မြင်တိုင် မြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် ပြည်မြို့၊ မုံရွာမြို့တို့မှ အိမ်ထောင်သည် အမျိုးသမီးများက ၎င်းတို့၏ အမျိုးသားများကို အိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် တလင်တမယား စနစ်ဥပဒေ ပုဒ်မ ၁၃ ဖြင့် အမှုဖွင့်ထားသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
အိမ်ထောင်ရှင်များနှင့် မိသားစုများ အကြား အငြင်းပွားဖွယ် ဖြစ်နေသည့် တလင်တမယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေသည် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ) အဖွဲ့က အစိုးရကို တိုက်တွန်းကာ ရေးဆွဲစေခဲ့သည့် မျိုးစောင့် ဥပဒေ ၄ ရပ်အနက် တခုအပါအဝင် ဖြစ်သည်။
ယင်းဥပဒေသည် ဘာသာခြား လူမျိုးများကို ပစ်မှတ်ထား၍ ထုတ်ပြန်ထားခြင်း ဖြစ်ရာ လက်ရှိတွင် ဗုဒ္ဓဘာသာဝင် များ၏ တိုင်ကြားမှုများသာ ရှိနေသည့် အတွက် မဘသ၏ ပစ်မှတ်သည် “ယုန် ထောင်… ကြောင်မိ” ဖြစ်နေသည် ဟု ထောက်ပြမှုများလည်း ရှိနေသည်။
မဘသအဖွဲ့ဝင် ဆရာတော် ဦးပါမောက္ခက “နှစ်ဖက်မိဘက ကျေနပ်သည် ဖြစ်စေ၊ မကျေနပ်သည် ဖြစ်စေ အိမ်ထောင် ရှိလျက်နဲ့ သူတပါးကို သာယာနေတာက တရားသော ဥပဒေမှ မဟုတ်တာ။ ဒါကြောင့် ဒီဥပဒေသည် အကောင်းဆုံးပဲ လို့ ယူဆတယ်။ ဘုန်းကြီးတို့က အိမ်ထောင်ရေး တည်မြဲဖို့ အတွက် ရည်ရွယ်တာ ဖြစ်တယ်၊ ဘယ်ဘာသာဝင်၊ ဘာသာတရားကိုမှ ထိခိုက်လိုတဲ့ ရည်ရွယ်ချက် မရှိဘူး။ မြန်မာ့ဓလေ့ရိုးရာ၊ ဗုဒ္ဓဘာသာ တရားတော် အရ အမျိုးသမီးတွေ အနှောင်မယား အဖြစ်က လွတ်မြောက်အောင် လုပ်ပေးနိုင်တာကြောင့် ဒီဥပဒေကို အပြည့်အဝ ထောက်ခံတယ်” ဟု ဧရာဝတီသို့ မိန့်ကြားသည်။
တလင်တမယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေသည် မယားတဦးထက် ပိုယူသည့် အခါ အိမ်ထောင်ခန်း ပြဿနာများ ဖြစ်ပွားပြီး ပဋိပက္ခ မကြာခဏ ဖြစ်ပွားလေ့ရှိသဖြင့် အတိုင်းအတာတခု အထိ ငြိမ်းချမ်းစေရန် ရည်ရွယ်၍ ထောက်ခံခြင်း ဖြစ်ကြောင်း မဘသအဖွဲ့က ထုတ်ပြန် ကြေညာထားသည်။
မျိုးစောင့်ဥပဒေများ လျင်မြန်စွာ ပြဋ္ဌာန်းနိုင်ရေး အစိုးရသို့ တွန်းအားများစွာ ပေးခဲ့သည့် ဆရာတော် ဦးဝီရသူ ကိုယ်တိုင်က ဥပဒေကို ဖျက်ဆီးမည့်သူ ပေါ်ပေါက်လာပါက ထောက်ခံသူများ၏ ဒဏ်ခတ်မှုကို သေချာပေါက် ခံစားရမည် ဟု ဧရာဝတီသို့ မိန့် ကြားဖူးသည်။
လူ့အခွင့်အရေး ဆိုင်ရာ လှုပ်ရှားသူများကမူ ယင်းဥပဒေသည် အိမ်ထောင်ရေးတွင် ဝင်ရောက် စွက်ဖက်နေသည့် သဘော သက်ရောက်နေပြီး နောက်မယားဖြစ်သူ၏ အခွင့်အရေးနှင့် မွေးဖွားလာသည့် ကလေးဖြစ်သူ၏ အခွင့်အရေးများ ဆုံးရှုံးနေသည့် အပေါ် ထောက်ပြဝေဖန်ခဲ့ပြီး ယနေ့အထိ ကန့်ကွက်ရှုတ်ချနေဆဲ ဖြစ်သည်။
“ဒီဥပဒေက ဖျက်ကို ဖျက်သိမ်းပစ်ရမယ့် ဥပဒေကြီး။ စလုပ်ကတည်းက ရည်ရွယ်ချက်နဲ့ စိတ် စေတနာက မမှန်ဘူး လေ။ လုပ်ချင်တာက ဘာသာခြား၊ လူမျိုးခြားတွေကို ပစ်မှတ်ထားတာ။ ဒါပေမယ့် အခုကျတော့ အရေးယူနေရတာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေတယ်။ အိမ်ထောင်ရေးကိစ္စဆိုတာ မိသားစု ပြဿနာ၊ ဒါကို အစိုးရနဲ့ ဥပဒေက ဝင်စွက်ဖက် နေတဲ့ သဘောမျိုး ဖြစ်နေတာ” ဟု Purple Equity Law Firm မှ တရားလွှတ်တော် ရှေ့နေ ဥပဒေအကြံပေး ဦးဖိုးဖြူက သုံးသပ်သည်။
တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေသည် ရဲအရေးပိုင်သည့်အမှု ဖြစ်နေခြင်းကြောင့် ကာမပိုင် ယောက်ျား မိန်းမဖြစ်သူက တရား မစွဲသော်လည်း အခြားတယောက်မှ တရားစွဲခွင့်ရနေသည့် အတွက် ခြိမ်းခြောက်ငွေညစ်မှုများ၊ မသမာမှုများ ဖြစ်လာနိုင်သည်ဟု ဥပဒေရေးရာ ကျွမ်းကျင်သူ များစွာက ထောက်ပြ ပြောဆိုကြသည်။
ထို့အပြင် ဥပဒေကို နားလည်ထားသည့် လူဆိုးဂိုဏ်းများ အတွက် ခြိမ်းခြောက် ငွေညစ်နိုင်ရန် အခွင့်အလမ်းပေးရာ ရောက်နေသည် ဟု ထောက်ပြ သူများလည်း ရှိသည်။
အမျိုးသမီးရေးရာ ကိစ္စရပ်များ လှုပ်ရှားနေသည့် အခရာအဖွဲ့မှ ဒါရိုက်တာ မထားထားက “တလင်တမယား ဆိုတာက မရှိသင့်တာ မဟုတ်ဘူး။ ဒါပေမယ့် ဥပဒေတခုလုံးကို ခြုံကြည့်ရင် နည်းလမ်းမှန် စည်းကမ်းမှန် လုပ်ထားတာ မဟုတ်ဘူး ဆိုတော့ ရှိသင့်တဲ့ ဥပဒေ မဟုတ်ဘူး။ တိုင်တဲ့ သူတွေကလည်း ကိုယ်တကယ် တိုင်ချင်သလားဆိုတာ အချိန်ယူ စဉ်းစားဖို့တော့ လိုအပ်လိမ့်မယ်။ ကိုယ်တိုင်က ဘာဖြစ်ချင်သလဲ၊ ဘာလုပ်ချင်သလဲပေါ့။ ကျမတို့ အဖွဲ့ဆီကိုလည်း ရဲစခန်းကို မတိုင်သေးဘဲ တက်လာတဲ့ အမှုတွေ ရှိတယ်” ဟု ရှင်းပြသည်။
အိမ်ထောင်ရေး ဖောက်ပြန်မှုနှင့် ညှင်းပမ်း နှိပ်စက်သည် ဟုဆိုကာ အခရာ အဖွဲ့အစည်းသို့ တိုင်ကြားပြီး အကြံဉာဏ်တောင်းခံသူ အမျိုးသမီး များစွာ ရှိနေကြောင်း သိရသည်။
မည်သို့သော အကြောင်းပြချက်များ ရှိစေကာမူ အသက်ဝင်နေပြီ ဖြစ်သည့် “တလင်တမယားစနစ် ဥပဒေ” ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အမှုကြီး ဖြစ်ပွားမှု စာရင်းတွင်လည်း “သစ္စာဖောက်မှု” ဟူသည့် ခေါင်းစဉ်တခု တိုးလာပြီ ဖြစ်သည်။ ။