နိုင်ငံတော်ဘတ်ဂျက် ခွဲဝေသုံးစွဲရာတွင် ကလေးသူငယ်များအတွက် လိုအပ်နေသည့်ကဏ္ဍာများ၌ သုံးစွဲမှုသည် အလွန်အမင်း နိမ့်ကျနေသဖြင့် အစိုးရသစ်လက်ထက်တွင် ပိုမိုရင်းနှီးမြှုပ်နှံမှုပြုရန် တိုက်တွန်းမည်ဖြစ်ကြောင်း UNICEF ဌာနေ ကိုယ်စားလှယ် ဘက်ထရော(န်)ဘန်းဗဲက ပြောသည်။
ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် နိုဝင်ဘာလ ၁၂ ရက်က ပြုလုပ်သော Spectrum နှင့် ကမ္ဘာ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့(UNICEF) တို့ ပူးပေါင်းပြုလုပ်သည့် နိုင်ငံသားများအတွက် ဘတ်ဂျက် လမ်းညွှန်စာအုပ် အသိပေးမိတ်ဆက် သတင်းစာ ရှင်း လင်းပွဲတွင် ဘက်ထရော(န်)ဘန်းဗဲ က ပြောဆိုခြင်း ဖြစ်သည်။
Spectrum(ရောင်စဉ်လှိုင်း) အဖွဲ့သည် ၂၀၀၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သော ပြည်တွင်းအခြေစိုက် အန်ဂျီအို အဖွဲ့တဖွဲ့ ဖြစ်ပြီး အဓိက အားဖြင့် သဘာ၀ သယံဇာတ အရင်းအမြစ်များနှင့် သက်ဆိုင်သော အခွင့်အရေးများ၊ စီးပွားရေးဆိုင်ရာ တရားမျှတမှုများနှင့် ပတ်သက်ပြီး လုပ်ဆောင်နေသည့် အဖွဲ့ ဖြစ်သည်။
မြန်မာနိုင်ငံ ပညာရေး အသုံးစရိတ် ခွဲဝေမှုသည် ၂၀၁၄-၂၁၀၅ ဘဏ္ဍာရေးနှစ်တွင် ခန့်မှန်းခြေစာရင်းအရ စုစုပေါင်း အသုံးစရိတ်၏ ၆ ရာခိုင်နှုန်းခန့်ရှိပြီး ၂၀၁၅- ၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် စာရင်းအရ ၆ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။
၂၀၁၅- ၂၀၁၆ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေအရ စုစုပေါင်း အသုံးစရိတ်တွင် ကာကွယ်ရေးအတွက် အသုံး စရိတ် သည် ၁၃ ဒသမ ၃၄ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
မကြာသေးခင်က ထွက်ရှိခဲ့သော သန်းခေါင်စာရင်းကို အခြေခံပြီး တွက်ချက်ထားသော အညွှန်းကိန်းများအရ မြန်မာနိုင်ငံတွင် ကလေး ၁၀ ယောက်တွင် ၆ ယောက်သည် ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရပြီး ကလေးများ၏ ၃၅ ရာခိုင်နှုန်းကျော်သည် ကျောင်း တက်နိုင်မှု မရှိကြောင်း၊ ထို့အပြင် ၁ ဒသမ ၆၅ သန်းရှိသော ကလေးများသည် အရွယ်မတိုင်ခင် အလုပ်လုပ်ကိုင်နေရကြောင်း နိုင်ငံသားများ အတွက် ဘတ်ဂျက်လမ်းညွှန်တွင် ရေးသားဖော်ပြထားသည်။
“ဒီရွေးကောက်ပွဲ မကျင်းပမီကတည်းက နိုင်ငံရေးပါတီတွေကို ကလေးတွေရဲ့အရေးနဲ့ပတ်သက်ပြီးတော့ ထည့်သွင်းစဉ်းစားဖို့ ဖြန့်ဝေပေးခဲ့တာတွေလည်း လုပ်ပါတယ်။ နိုဝင်ဘာလ ၂၀ ရက်မှာလည်း ကလေးတွေနဲ့ တိုက်ရိုက်ထိတွေ့ပြီးတော့ ကလေးတွေရဲ့ အခွင့် အရေးကို လုပ်ပေးဖို့ ဆွေးနွေးသွားမယ့် အစီအစဉ်တွေလည်း ရှိပါတယ်”ဟု ဘက်ထရော(န်) ဘန်းဗဲ က ပြောသည်။
ဘဏ္ဍာရေး ဝန်ကြီးဌာန ရသုံးမှန်းခြေ ငွေစာရင်းဌာနမှ ဒု ညွှန်ကြားရေးမှူး (ရန်ကုန်တိုင်း) ဦးကျော်ဇင်ဦးကမူ ဘတ်ဂျက် ခွဲဝေမှုနှင့် ပတ်သက်ပြီး ရသုံးမှန်းခြေ ငွေစာရင်းတွင် ရရှိနိုင်သည့် ရငွေများသည် သယံဇာတမှ ရရှိသောရငွေ၊ အခွန်အခမှ ရရှိသောရငွေ၊ အခ ကြေးငွေမှ ရရှိသောရငွေနှင့် ချေးငွေမှ ရရှိသောငွေများ ဖြစ်ပြီး ၊ အဓိကအားဖြင့် ဝင်ငွေရရှိနိုင်သောကဏ္ဍမှာ သယံဇာတမှ ရရှိသော ငွေများ ဖြစ်သော်လည်း ပွင့်လင်းမြင်သာမှု မရှိခဲ့ခြင်းကြောင့် ကလေးသူငယ် ကဏ္ဍ၊ ပညာရေး နှင့် ကျန်းမာရေး ကဏ္ဍများတွင် ဘတ်ဂျက်ရရှိမှု နည်းပါးခဲ့ရသည်ဟု ပြောဆိုသည်။