ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့အထိ အတည်ပြု ထုတ်ပြန်လိုက်သည့် အနိုင်ရ ကိုယ်စားလှယ်လောင်းများ စာရင်းအရ အမျိုးသား ဒီမိုကရေစီ အဖွ့ဲချုပ် (NLD) ပါတီသည် ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ် ၃၆၄ နေရာ အနိုင် ရရှိပြီး အစိုးရဖွဲ့နိုင်ပြီ ဖြစ်သည်။
NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းမြင့်က“ကျနော်တို့ အစိုးရဖွဲ့နိုင်ပြီလို့ ပြောလို့ရပါပြီ။ ရှေ့ဆက်သွားမယ့် အစီအစဉ်တွေကတော့ ဗဟိုကော်မတီ အစည်အဝေးပြီးမှပဲ ပြောလို့ရမှာပါ”ဟု ဧရာဝတီကို ပြောသည်။
UEC က နိုဝင်ဘာ ၁၃ ရက် နေ့လယ် ၁၂ နာရီ ထုတ်ပြန်ကြေညာချက်အရ NLD ပါတီက ပြည်သူ့ လွှတ်တော်အတွက် ၂၁ နေရာရရှိခဲ့ပြီး ညနေ ၃ နာရီ ထုတ်ပြန်အရ အမျိုးသား လွှတ်တော် အနိုင်ရကိုယ်စားလှယ်လောင်း ၂၁ ဦး ထုတ်ပြန်ကြေညာခဲ့ရာတွင် NLD ပါတီက ၁၆ ဦး နေရာရရှိခဲ့ပြီး ရခိုင်အမျိုးသား ပါတီက ၅ ဦး နေရာရရှိခဲ့သည်။
အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နှစ်ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦး အပါအဝင် လွှတ်တော် ကိုယ်စားလှယ်နေရာ ၆၆၄ ဦးရှိရာ စုစုပေါင်း ၅၀ ရာခိုင်နှုန်းကျော် (၃၃၂ ဦး အထက်) အနိုင်ရရှိထားသည့် ပါတီသည် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်မည် ဖြစ်သည်။
လက်ရှိအချိန်အထိ UEC က အတည်ပြု ကြေညာခဲ့သည့် စာရင်းများအရ NLD ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၃၈ နေ ရာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၂၁ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၄၂၈ နေရာ အနိုင် ရရှိထားပြီ ဖြစ်သည်။
ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ အနေဖြင့် ရွေးကောက်ပွဲ ဥပဒေအရ မဲဆွယ်စည်းရုံးရေး အသုံးစရိတ်များနှင့် ပတ်သက်ပြီး ကော်မရှင်သို့ ပြန်လည်ရှင်းလင်း တင်ပြရမည်ဖြစ်ပြီး ဥပဒေအရ သတ်မှတ်ထားသည့် ကျပ် သိန်း ၁၀၀ ထက် ကျော်လွန်သုံးစွဲခဲ့ သည့် ကိုယ်စားလှယ်များသည် တိုင်းကြားခြင်း ခံရပါက ကော်မရှင်မှ ပြန်လည်စိစစ်ကာ အနိုင်ရကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်နိုင် သည့် အခြေအနေ ရှိနေသေးသည်။
UEC က အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ နေရာများအတွက် ထပ်မံကြေညာ ပေးရန် ကိုယ်စားလှယ် ၁၃၁ ဦးသာ ကျန်ရှိပြီး လက်ရှိအချိန်အထိ အနိုင်ရ ကိုယ်စားလှယ် ပြည်သူ့လွှတ်တော်အတွက် ၂၉၈ ဦး၊ အမျိုးသား လွှတ်တော်အတွက် ၁၅၄ ဦး၊ တိုင်းနှင့်ပြည်နယ် လွှတ်တော်အတွက် ၅၅၀ တို့ကို အတည်ပြုကြေညာပြီး ဖြစ်သည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိဟုဆိုကာ UEC က ရွေးကောက်ပွဲ ကျင်းပခြင်း မပြုခဲ့သည့် မြို့နယ် ၇ မြို့နယ် ရှိခဲ့သည့်အတွက် ပြည်သူ့လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ဦးရေ ၁၁၀ နှင့် ပြည်သူများက ရွေးချယ်သည့် ကိုယ်စားလှယ် ၃၂၇ ဦးသာရှိမည် ဖြစ်သည်။