Politics

သူရဦးတင်ဦး (သို့မဟုတ်) NLD ရဲ့ အသင့်တော်ဆုံး သမ္မတ

This article has been converted from Zawgyi One to Unicode

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က သမ္မတအဖြစ် တင်မြှောက်ဖို့ ရေပန်းအစားဆုံးနဲ့ အသင့်တော်ဆုံးက NLD နာယက လည်းဖြစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်တဲ့ သူရဦးတင်ဦးဖြစ်တယ်လို့ NLD ပါတီ အသိုင်း အဝိုင်းထံမှ သိရှိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၉ ရက်နေ့ကတည်းက စတင်ပြီး ရွေးကောက်ပွဲ ရလဒ် တွေ ကို ကြေညာခဲ့ရာမှာ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ပြည်သူ့ လွှတ် တော် ၊ အမျိုးသား လွှတ်တော် အပါအဝင် ပြည်ထောင်စုလွှတ်တော်မှာ အမတ်နေရာပေါင်း ၃၂၉ နေရာ ရရှိပြီး အစိုးရ ဖွဲ့ခွင့်၊ သမ္မတ တင် မြှောက် ခွင့်ရရှိသွားပါတယ်။

ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ NLD ပါတီက ဘယ်သူ့ကို သမ္မတတင်မလဲဆိုတာ ပြည်တွင်း ပြည်ပ နိုင်ငံရေးအသိုင်းအဝိုင်းက စိတ်ဝင်စားဆုံးဖြစ်နေသလို တပ်မတော်နဲ့ သမ္မတဦးသိန်းစိန်အစိုးရ အသိုင်း အဝိုင်းကလည်း အင်မတန်ကို စိတ်ဝင်စားနေကြပါတယ်။
NLD က တင်မယ့် သမ္မတက ဘယ်သူပဲဖြစ်ဖြစ် သမ္မတအထက်ကနေ ညွှန်ကြားချက်တွေ ပေးဖို့ ရှိတယ်လို့ ဒေါ်အောင် ဆန်း စုကြည်က ပြည်တွင်းပြည်ပသတင်းဌာနတွေကို ဖြေဆိုထားတာမို့ ဒီဖြေကြားချက် ကြောင့် လည်း သမ္မတ ဘယ်သူ ဖြစ်မလဲဆိုတာကို ပိုမိုစိတ်ဝင်စားမှုမြင့်တက်လာစေပါတယ်။

ရွေးကောက်ပွဲ အပြီး ဘီဘီစီသတင်းဌာနနဲ့ ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ဘီဘီစီသတင်းထောက် Fergal Keane က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ နာမည် မရှိ တာ ကလွဲ ပြီး ကျန်တဲ့ အခွင့် အာဏာ အကုန် ရှိမှာလားဆိုတဲ့ မေးခွန်း ကို မေးတဲ့ အခါ ဒေါ်အောင်ဆန်းစုကြည် က သမ္မတ ဆိုတာ ပညတ်နာမ ပဲ၊ နှင်းဆီ ကို တခြား နာမည် နဲ့ ခေါ် သလို ပဲ ပေါ့ ဆိုပြီး တုံ့ပြန် ပါတယ်။ သမ္မတ အဖြစ် တာဝန်ထမ်း ဆောင်ခွင့်မရပေမယ့် သူက ရနံ့မွှွေးနေမယ့် နှင်းဆီ၊ အာဏာရှိတဲ့နေသူဆိုတာ ဒေါ်အောင်ဆန်းစုကြည်က ပွင့်ပွင့် လင်းလင်းပြောဆိုသွားပါတယ်။

NLD က တင်မယ့် သမ္မတမှာ အာဏာမရှိဘူးဆိုပေမယ့် နိုင်ငံတော်အကြီးအကဲတဦးဖြစ်တာမို့ ဒေါ်အောင်ဆန်းစုကြည် ပြီးရင် နိုင်ငံအတွက် အရေးကြီးတဲ့ အာဏာလက်ကိုင်ရှိနေတဲ့ ပုဂ္ဂိုလ်တဦး၊ ဒေါ်အောင်ဆန်းစုကြည်ပြီးရင် ရနံ့မွှေးမယ့် နောက်ထပ် နှင်းဆီ တပွင့်ဆိုတာက ဘယ်သူမှ မငြင်းနိုင်ပါဘူး။

အစောပိုင်းထွက်ပေါ်တဲ့ သတင်း တွေမှာ ဒေါက်တာတင်မျိုးဝင်း၊ ဦးထင်ကျော် အစရှိတဲ့သူတွေရဲ့ နာမည်တွေ ထွက်ပေါ် နေပေမယ့် NLD ပါတီ တွင်း စုံစမ်းသိရှိရတဲ့သတင်းအချက်အလက်တွေအရတော့ နာမည်ထွက်တဲ့သူ အားလုံး  မဟုတ်ဘူး လို့ သိရှိ ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ ဘယ်သူကို တင်မြှောက်မလဲဆိုတာ သူကိုယ်တိုင် ရွေးချယ် ဆုံးဖြတ် ထားပြီး ပြီဖြစ် ပေမယ့် အသိမပေးချင်သေးလို့ အသိမပေးတာလို့ ပြည်တွင်းပြည်ပ မီဒီယာတွေကို ဖြေဆိုထား ပါ တယ်။

NLD ပါတီအနေနဲ့ ပြည်သူ့လွှတ်တော်မှာ ဒုတိယသမ္မတ ၁ ဦး ၊ အမျိုးသားလွှတ်တော်မှာ ဒုတိယသမ္မတ ၁ ဦး တင်မြှောက် ရမှာဖြစ်ပြီး အဲဒီ ၂ ဦးထဲကမှ ၁ ဦးကို သမ္မတအဖြစ် မဲပေး တင်မြှောက်ရမှာဖြစ်ပါတယ်။

သမ္မတဖြစ်ဖို့ ရာခိုင်နှုန်းအများဆုံးရှိနေတဲ့ သူရဦးတင်ဦးဟာ လက်ရှိ NLD ပါတီမှာ ဒေါ်အောင်ဆန်းစုကြည် ယုံကြည် အားကိုး မှုရှိပြီး လေးစားမှု အရှိဆုံး ပုဂ္ဂိုလ် တဦးဖြစ်တာမို့ သူရဦးတင်ဦးကို ကျော်လွှားပြီး အခြားသူတွေကို သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ဖို့တာ မဖြစ်နိုင်ဘူးလို့ NLD အမတ်တွေက ဆိုပါတယ်။

“အန်တီ အမြဲပြောတဲ့စကားတခွန်းရှိတယ်။ အဲဒါဘာလဲဆိုတော့ ဘဘဦးတင်ဦးကို နမူနာယူဖို့ပဲ။ ဘဘဦးတင်ဦးဟာ အမြဲပဲ ပါတီရဲ့ မူဝါဒ၊ မူဘောင်တွေကို ချိုးဖောက်တာမျိုးမရှိဘူး။ ငါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့လို့ဆိုပြီး အခြား သူတွေကို မလေးမစားလုပ်တာမျိုးမရှိဘူး။ အခွင့်အရေးပိုင်းမှာလည်း သူများထက်ပိုယူတာမျိုးမရှိဘူး။ ပါတီအတွက်၊ ဒီမိုကရေစီ အတွက်ဆိုရင် မနေ မနား အမြဲလုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ဘဘဦးတင်ဦးကို အားလုံး နမူနာယူ ရမယ်လို့ ပြောတယ်။ ဘဘဦးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတယ်။ ညီမတဦးလို ချစ်ခင်တယ်။ ပါတီမှာ တော့ ဘဘဦးတင်ဦးကို ကျော်ပြီး သမ္မတဖြစ်မယ့်သူဆိုတာတော့ မမြင်ပါဘူး” လို့ NLD အမတ်တဦးက ဆိုပါတယ်။

NLD ပါတီက တင်မြှောက်မယ့် သမ္မတဆိုတဲ့ ရာထူးနေရာက အာဏာအမြင့်ဆုံးပိုင်ဆိုင်ထားတဲ့ ရာထူးနေရာဖြစ်တာမို့ ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာစောင့်သိနိုင်တဲ့ အရည်အချင်းမှာလည်း သူရဦးတင်ဦးက ပြည့်မီနေတယ်လို့လည်း ဆိုပါတယ်။

ဧရာဝတီသတင်းဌာနနဲ့ ဇူလိုင်အတွင်းက ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ သူရဦးတင်ဦးက သူ့အနေနဲ့ သမ္မတ မလုပ်ချင်ကြောင်း၊ သမ္မတအဖြစ် တာဝန်ပေးလာမယ်ဆိုရင်လည်း အသက်အရွယ်အရ မလုပ်နိုင်တော့တဲ့အကြောင်း ဖြေဆိုခဲ့ပါသေးတယ်။

“ကျနော်ကတော့ မလုပ်ပါဘူး။ အခုလည်း ဒီသတင်းတွေ ကျနော်ကြားနေတယ်။ တော်တော်လေး ကျယ်ကျယ် ပြန့်ပြန့်ကို ပြောနေ ကြတယ်။ ကျနော်က နဂိုမူလကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို လေးစား ပြီးတော့ သူ့ရဲ့ လုပ်ငန်းကိုပဲ အောင် မြင်အောင် ကျနော်ရဲ့ ကျွမ်းကျင်မှု၊ အတွေ့အကြုံတွေနဲ့ ကူလုပ်ပေးမယ်ဆိုပြီး ကျနော်လာတာ။ အဲဒါပဲ ရှိတယ်။မလုပ်ပါဘူး။ တာဝန် ပေးလာခဲ့ရင်လည်း မလုပ်ဘူး။ ကျနော် တော်ပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့် အသက်က ၈၉ နှစ်ထဲမှာ။ အသက် ၉၀ လောက်မှ လုပ်ရမယ်ဆိုရင် လူဟာ ဘာပဲ ပြောပြော ကာယအားဖြင့် လည်း ကောင်း၊ ဉာဏအားဖြင့် လည်းကောင်း ဆုတ်ယုတ် နေတာပဲ။ အဲဒါ ကြောင့် မလွယ်ဘူး။ မလုပ်သင့်တော့ဘူး။ ဒါက နောက်ပိုင်း အခြေအနေကို ပြောတာ။ အရင်ကတည်းကလည်း မလုပ်ချင်ပါဘူး” လို့ ဦးတင်ဦးက ဧရာဝတီ သတင်းဌာနကို ဇူလိုင်လအတွင်းမှာ ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်မှုရှိတဲ့ NLD လွှတ်တော်အမတ်တဦးကတော့ “ဘဘဦးတင်ဦးက ဘယ်လိုပင် မလုပ်ချင် ပါဘူး ဆိုပါ စေ ဦးတော့ လိုအပ်ချက်အရ လုပ်ဖို့ လိုလာပြီဆိုရင် အမေစု မေတ္တာရပ်ခံတာမျိုးကို ဘဘဦးတင်ဦး ငြင်းပယ် တာမျိုး ခက်နိုင်ပါတယ်။ ဘဘဦးတင်ဦးလို လူမျိုး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းတဦး သမ္မတ ဖြစ်လာရင် လည်း တပ်နဲ့ အစိုးရ ဆက်ဆံရေး ကွာဟချက် အရမ်းကို နည်းသွားတယ်။ အများကြီး အဆင်ပြေနိုင်တယ်။ တပ်မတော် အနေနဲ့ သူတို့ အလေးပြုရမယ့် သမ္မတ က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဆိုတာ သိရင် ပိုပြီးတော့ လေးလေး စားစားဖြစ်မယ်။ ပိုပြီးတော့ တပ်မတော်နဲ့ အရပ်သားအစိုးရ သဟဇာတ ပိုဖြစ်လာမယ်ပေါ့။ အဲဒါကြောင့်မို့ ဘယ်လိုပင် မလုပ်ဘူးဆိုစေကာဦးတော့ အသင့်တော်ဆုံးနဲ့ အမြန်ဆုံး ရွေးချယ်ရမယ်ဆိုရင် ဘဘဦးတင်ဦး အပြင် အခြားလူ ရှိကို မရှိဘူး” လို့ ဆိုပါတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ နိုဝင်ဘာလ ၁ ရက်နေ့ သုဝဏ္ဏမြို့ဦးစေတီမှာ လုပ်ခဲ့တဲ့ လူထုဟောပြောပွဲမှာသူရဦးတင်ဦး ဒေါ်အောင် ဆန်း စုကြည်နဲ့အတူ လူထုကို ဟောပြောခွင့်ရရှိပြီး သူရဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ၂ ဦး အတူ တွဲလျက် ရှိနေတဲ့ပိုစတာကြီးက NLD က တင်မယ့် သမ္မတ ဦးတင်ဦးဆိုတာ သေချာစေခဲ့တယ်လို့ သုံးသပ်ကြပါတယ်။

အခြားတဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူရဦးရွှေမန်း၊ သမ္မတဦးသိန်းစိန်၊ တပ်ချုပ် မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ တောင်းဆိုထားတာမို့ ဒီရလဒ်ပေါ် မူတည်ပြီး NLD တင်မယ့် သမ္မတ ဘယ်သူဖြစ်မလဲဆိုတဲ့ အဖြေ ပြောင်းနိုင်တယ်ဆိုတဲ့ သုံးသပ်မှု တွေလည်းရှိပါတယ်။

“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ပြီး ညှိနှိုင်းလို့ အဆင်ပြေတယ်ပဲထားဦး။ ချက်ချင်းကြီး အမေစု သမ္မတဖြစ်ဖို့ အတား အဆီး ဖြစ်နေတဲ့ ပုဒ်မ ၅၉ (စ) ကို ပြင်ဖို့ မလွယ်ဘူး။ လွှတ်တော်မှာ အတည်ပြု၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်၊ ရလဒ်ကို အတည်ပြုရမှာဆိုတော့ ဒီဖြစ်စဉ်တွေက အချိန်ယူရမယ်။ ညှိနှိုင်းမှုအဆင်ပြေတယ်ဆိုရင်တော့ ပုဒ်မ ၅၉(စ) ပြင်နိုင်တဲ့ အခွင့်အလမ်းလည်းဖြစ်လာနိုင်တယ်။ လာမယ့် ဇန်နဝါရီလကုန်ဆိုရင် လွှတ်တော်သစ်ပေါ်မယ်။ ပြီးရင် သမ္မတရွေးရ တော့ မယ်။ အဲဒါကြောင့် ပုဒ်မ ၅၉ (စ) ချက်ချင်းကြီးပြင်ဖို့ မလွယ်ဘူး။ ပုဒ်မ ၅၉(စ) ပြင်ဆင်နိုင်တယ်ဆိုရင်တောင် လောလော ဆယ် ဘဘဦးတင်ဦးက သမ္မတရာထူး ခေတ္တယူထားပြီး ပုဒ်မ ၅၉(စ) ပြင်ပြီးတဲ့အချိန်ကျမှ အမေစုက သမ္မတရာထူး ယူတာမျိုးလည်းဖြစ်နိုင်တယ်” လို့ NLD အမတ်တဦးက သုံးသပ်ပြောဆိုပါတယ်။

Loading