ပြည်သူတွေနိုင်ပြီ၊ အစကောင်းဖို့တော့ လိုသည်

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ရွေးကောက်ပွဲ အောင်ပွဲသည် ပြည်သူပြည်သားတို့၏ အောင်ပွဲဖြစ်သည်။ ထိုအောင်ပွဲ၏ နောက်တွင် NLD ပါတီက တိုင်းပြည်ကို ပြောင်းလဲရတော့မည်ဆိုသည့် အချက်ပင်ဖြစ်သည်။

ထိုသို့ စစ်မှန်သော ပြောင်းလဲမှုကို ပြုလုပ်နိုင်ရန်အတွက် NLD ကို ပြည်သူက မဲပေးရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ပြည်သူပြည်သားများကို အလုပ်အကျွေးပြုမည့် ကိုယ်စားလှယ်များဟု လူထုက ယုံကြည်၍ ဖြစ်သည်။ သို့ဖြစ်သောကြောင့် မည်သို့ ပြောင်းလဲမည်နည်း ဆိုသည်ကို စတင် မေးခွန်းထုတ်ကြပြီ ဖြစ်သည်။

ပထမဆုံး အချက်အနေဖြင့် အာဏာလွှဲပြောင်းရေး ချောချောမွေ့မွေ့ ဖြစ်ရန်လိုသည်။ ဤကဲ့သို့သော ယဉ်ကျေးမှုမျိုး မြန်မာနိုင်ငံမှာ မရှိခဲ့ဖူးချေ။ အာဏာကို ဘယ်လက်မှ ညာလက်သို့ ကူးပြောင်းသည့်သဘောသာ ရှိခဲ့ဖူးသည်။ ထို့ကြောင့် အာဏာကူးပြောင်းရေး ချောမွေ့စေရန် အစိုးရ၊ NLD အနိုင်ရ ပါတီနှင့် တပ်မတော် ခေါင်းဆောင်များက ဆွေးနွေးညှိနှိုင်း စီစဉ်ရမည်။ ရွေးကောက်ပွဲကို အောင်မြင်အောင် ဆောင်ရွက်ပေးခဲ့သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)၊ အစိုးရနှင့် တပ်မတော် ခေါင်းဆောင်များသည်လည်း သမိုင်းတွင် မှတ်တမ်းတင်ခံရမည်၊ အသိအမှတ်ပြုခံရမည်။

NLD ဦးဆောင်သော အစိုးရတက်ပြီးနောက် တိုင်းပြည်တွင် အကောင်အထည်ဖော် လုပ်ဆောင်နေဆဲ ဖြစ်သည့် အကဲဆတ်သော ပြောင်းလဲမှု Critical Transition ကို အရှိန်အဟုန်နှင့် ဆက်လက် လုပ်ဆောင်သင့်သည်။

တဖက်က အထစ်အငေါ့ မလုပ်ဘဲ ဒီမိုကရေစီ နိုင်ငံကြီးသားပီသစွာ အာဏာကို ချောချောမောမော လွှဲပြောင်းပေးခဲ့လျှင် တိုင်းပြည်တွင် ကြုံတွေ့နေရသော အဓိကပြဿနာများကို အစိုးရသစ်က စတင် ဖြေရှင်းရမည်ဖြစ်သည်။

တိုင်းပြည်၏ မပြီးပြတ်သေးသော ငြိမ်းချမ်းရေး တည်ဆောက်မှုအပြင် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို အဓိကထား လုပ်ဆောင်ရမည်။ ထို့အပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံ ဖြစ်သော မြန်မာနိုင်ငံသည် ပြင်ပဆက်ဆံရေး၊ နိုင်ငံခြား ဆက်ဆံမှုကိုလည်း ပိုမိုတက်ကြွစွာ ဆောင်ရွက်ရမည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအပေါ်ပေးသော တာဝန်က ကြီးမားသည်။ ကျရောက်လာသည့် ပြောင်းလဲမှုများကို လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များ၊ အစိုးရ တပ်မတော်တို့နှင့် အာဏာလွှဲပြောင်းရေး၊ အစိုးရသစ် ဖွဲ့ရေးတို့တွင် အစကောင်းဖို့လိုအပ်ကြောင်း ထောက်ပြလိုပါသည်။

Loading