Human Rights

ဦးပက်ထရစ် ခွန်ဂျာလီ၏ ၄ ကြိမ်မြောက် အာမခံ လျှောက်ထားမှု ပယ်ချခံရ

This article has been converted from Zawgyi One to Unicode

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လှောင်ပြောင်သရော်ထားသည့် ဓာတ်ပုံကို လူမှုကွန်ရက်တွင် ရှယ်ခဲ့သည်ဟုဆိုကာ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရသည့် ဦးပက်ထရစ် ခွန်ဂျာလီ၏ ၄ ကြိမ်မြောက် အာမခံလျှောက်ထားမှု ပယ်ချခံရကြောင်း သိရသည်။

“၄ ကြိမ်မြောက် အာမခံ လျှောက်ထားချက်ကို ပယ်ပါတယ်။ ဒီပုဒ်မက အာမခံပေးလို့မရတဲ့ ပုဒ်မဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ” ဟု ဦးပက်ထရစ်ခွန်ဂျာလီ၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးအယ်ခွန်ရိန်ပန်က ဧရာဝတီသို့ အတည်ပြုပြောသည်။

ဦးပက်ထရစ်ခွန်ဂျာလီသည် ၂၀၁၄ ခုနှစ် ဇွန်လလောက်က လေဖြတ်ဖူးထားကြောင်း၊ ယခု ထောင်ထဲတွင်လည်း တမံသလင်းပေါ် အိပ်ရခြင်း၊ ဆေးဝါးကုသမှု အပြည့်အ၀ မရခြင်း၊ သွေးတိုးရောဂါဖြစ်နေခြင်းတို့ကြောင့် ကိုယ်တခြမ်း ထုံကျင်ကိုက်ခဲကာ လမ်းကောင်းကောင်း မလျှောက်နိုင်သည့် အနေအထားတွေ့ရကြောင်း ယင်းက ရှင်းပြသည်။

ယင်းသို့သော အခြေအနေများကြောင့် ထပ်မံလေဖြတ်မည်ကို စိုးရိမ်ကြောင်း၊ ရာဇဝတ်သား မဟုတ်သည့်အတွက် တိုင်းရုံးအနေဖြင့် အာမခံလျှောက်ထားမှုကို စဉ်းစားပေးသင့်ကြောင်း ဦးပက်ထရစ်ခွန်ဂျာလီ၏ ဇနီးဖြစ်သူ ဒေါ်မေစံပယ်ဖြူက ပြောသည်။

ဒေါ်မေစံပယ်ဖြူက “အပြစ်ရှိတယ် မရှိဘူးဆိုတာ သေချာမသိရသေးတဲ့ လူတယောက်ကို ကျန်းမာရေးအခြေအနေ ဒီလောက် ဆိုးဝါးနေတာတောင်မှ အာမခံ မပေးနိုင်လောက်အောင် ချုပ်နှောင်ထားတယ်။ အဲဒါက တရားဥပဒေနဲ့ ညီညွတ်ရဲ့လားလို့ မေးခွန်းထုတ်ချင်ပါတယ်” ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား ညစ်ညမ်းစွာ ပြင်ဆင် ပြုလုပ်ထားသည့်ပုံကို လူမှုကွန်ရက်၌ လွှင့်တင်ခဲ့ပြီး အလားတူ ဆက်သွယ်ရေးပုဒ်မဖြင့် ဖမ်းဆီးခံထားရသည့် ကန်ကြီးထောင့်မြို့နယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင် ဦးသန်းထွန်းအား အာမခံဖြင့် လွှတ်ပေးခဲ့ခြင်းအပေါ်လည်း မေးခွန်းထုတ်စရာ ဖြစ်သည်ဟု မမေစံပယ်ဖြူက ပြောသည်။

ဦးပက်ထရစ်ခွန်ဂျာလီ၏ ၅ ကြိမ်မြောက် ရုံးချိန်ကို နိုဝင်ဘာ ၂၃ ရက်၊ နံနက် ၁၀ နာရီတွင် ချိန်းဆိုထားကြောင်း သိရသည်။

Loading