PR စနစ်အလိုမရှိ ဆန္ဒထုတ်ဖေါ်ခဲ့သူ ၅ ဦး အလုပ်ကြမ်းနဲ့ထောင် ၄ လစီ ချမှတ်ခံရ
This article has been converted from Zawgyi One to Unicode

အချိုးကျ လွတ်တော်ကိုယ်စားလှယ် (Proportional Representative-PR) စနစ်ကျင့်သုံးရန် အဆိုတင်သွင်းမှု အပေါ် ပြီးခဲ့သည့်နှစ် သြဂုတ်လ ၄ရက်နေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြသည့် ပြည်မြို့မှ နိုင်ငံရေးလှုပ်ရှားတက်ကြွသူ ငါးဦးကို မနေ့က ပြည်မြို့နယ်တရား ရုံးက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် လေးလစီ ချမှတ်ခဲ့ကြောင်း သိရသည်။
ပြစ်ဒဏ် ချမှတ်ခံရသည့်သူများမှာ ဦးကျော်ဆွေ၊ ဦးကျော်ဆန်း၊ ဦးမောင်မောင်တိုး၊ ဦးဝဏ္ဏ၊ ကိုမျိုးသူထွဋ်တို့ ဖြစ်သည်။
၂၀၁၄ ခုနှစ် ဇွန်လဆန်းပိုင်းက ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်ဝိုင်းကြည်မှ PR စနစ်အား ကျင့်သုံးရန် အမျိုးသားလွှတ်တော်၌ အဆိုတင်သွင်းခဲ့ခြင်းကို လွှတ်တော်မှဆွေးနွေးရန် သဘောတူလိုက်ခြင်းအပေါ် ၂၀၁၄ ခုနှစ် သြဂုတ်လ ၄ ရက်နေ့က ပြည်မြို့တွင် လူ ၅၀ ကျော် ဆန္ဒပြကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
“မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှုမရှိဘူးဆိုတာ ကျနော်တို့ကို ထောင်ချလိုက်တာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ PR စနစ်ဖျက်သိမ်းလိုက်တာကြာပါပြီ အဲဒီစနစ်ဖျက်သိမ်းဖို့ တောင်းဆိုသူတွေကျတော့ ခုထိ ပြစ်ဒဏ်တွေခံနေရဆဲပါပဲ” ဟု ပြစ်ဒဏ်ချမှတ်ခံရသူ ပြည်မြို့နယ် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဝဏ္ဏက ပြောသည်။
အဆိုပါဦးဆောင်သူများမှ ၂၀၁၄ ခုနှစ် သြဂုတ်လ ၄ ရက်နေ့တွင် ဆန္ဒပြရန် သုံးရက်ကြိုတင်၍ သြဂုတ်လ ၁ ရက်နေ့က ပြည်မြို့နယ် ရဲတပ်ဖွဲ့ကို အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း ယင်းအကြောင်းကြားစာကို ၅ ရက်ကြိုမတင်ပြခြင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း PR စနစ်နှင့်ပတ်သက်သော ထောက်ခံဆွေးနွေးမှုများ မပြုလုပ်ရသေးခြင်း စသည်တို့ကြောင့် ခွင့်မပြုနိုင်ဟု သြဂုတ်လ ၂ ရက်နေ့က ဦးဆောင်သူများထံ အကြောင်းပြန်ခဲသော်လည်း ဆန္ဒပြပွဲကို သတ်မှတ်ထားသည့်အတိုင်း ပြုလုပ်ခဲ့သည့်အတွက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် လေးလစီ ချမှတ်ခဲ့ခြင်းဖြစ်သည်။