Politics

မြန်မာကို ဩဇာလွှမ်းရေး အမေရိကန်နှင့် အာရှနိုင်ငံကြီးများ အပြိုင်ကြိုးစား

This article has been converted from Zawgyi One to Unicode

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင် အနိုင်ရခဲ့သည့် ရွေးကောက်ပွဲသည် အရှေ့တောင်အာရှတွင် အချက်အချာကျစွာ တည်ရှိနေသည့် မြန်မာနိုင်ငံအား တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန် တို့ က ဩဇာလွှမ်းမိုးရန် အရူးအမူး ကြိုးစားနေမှုကို ပြန်လည်နေရာချနေရသည်။

ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အောင်မြင်သည့် အတိုက်အခံခေါင်းဆောင် အနည်းငယ်မျှသာ ရှိပါသည်။ ရွေးကောက်ပွဲမကျင်းပမီ လအနည်းငယ်အလိုတွင် တရုတ်သမ္မတ ရှီကျင်ဖျင့်နှင့် အိန္ဒိယ ဝန်ကြီးချုပ် နေရိန်ဒြာမိုဒီက ဖိတ်ခေါ် တွေ့ ဆုံခဲ့သည်။ အနာဂတ်တွင် ဒေါ်အောင်ဆန်းစုကြည် အာဏာရနိုင်သည်ဟု သူတို့ ယူဆခဲ့ကြ၍ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ အမေရိကန်သမ္မတ အိုဘားမား ၂ ကြိမ် လာရောက်တွေ့ဆုံခဲ့သည်။

ယခုလာမည့် ပြုပြင်ပြောင်းလဲရေး အတွက် ဒေါ်အောင်ဆန်းစုကြည်က အစိုးရတခုဖွဲ့စည်းရေးနှင့် ရာစုနှစ်ဝက်ကြာ စစ်တပ်၏ ချုပ်ကိုင်မှုကို လျှော့ချရန် ပြင်ဆင်ထားရာ တုန့်ပြန်မှုများကို သတိကြီးစွာဖြင့် ချိန်ညှိလုပ်ဆောင်သွားရန် လိုအပ်သည်ဟု လေ့လာဆန်းစစ်သူများက ပြောကြသည်။

အစိုးရအသစ်က မည်သည့် အသွင်သဏ္ဍန်ရှိမည်ကို မည်သူမျှ မသိကြပါ။ အခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်အောင် တားဆီးထားသည်။ သူ၏ သားများက နိုင်ငံခြားသားဖြစ်နေကြသောကြောင့် ဖြစ်သည်။ စစ်တပ်က အခြေခံဥပဒေပြင်ဆင်ရေးတွင် ဗီတိုအာဏာ ကိုင်စွဲထားသလို အရေးပါသည့် ပြည်ထဲရေး၊ ကာကွယ်ရေး နှင့် နယ်စပ်ရေးရာ ကဲ့သို့ ဝန်ကြီးဌာနများကို ဆက်လက်ထိန်းချုပ်ထားသည်။ လွှတ်တော် ကိုယ်စားလှယ်နေရာ စုစုပေါင်း၏ ၄ ပုံ ၁ပုံ ကို ရွေးကောက်ခံ မဟုတ်သည့် စစ်ဘက်ကိုယ်စားလှယ်များက ရယူထားသည်။

မြန်မာနိုင်ငံ၏ ဘက်မလိုက် ဝါဒကို ဆက်လက်ကိုင်စွဲသွားမည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ အမေရိကန်နှင့် ဗြိတိန်မှ နိုင်ငံရေးခေါင်းဆောင်များနှင့် နီးကပ်၍ ကောင်းမွန်သော ဆက်ဆံရေး ရှိသော်လည်း အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံများ စသည့် အိမ်နီးချင်းများကို လျစ်လျူရှုထားမည် မဟုတ်ဟု သူက ပြောခဲ့ပြီး ဖြစ်သည်။ သတင်းစာရှင်းလင်းပွဲတခုတွင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတိုးတက် ကောင်းမွန်လာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ၂ နိုင်ငံ၏ နီးကပ်သောဆက်သွယ်မှုကို အသိအမှတ်ပြုခဲ့ခြင်းဖြစ်သလို တရုတ်နိုင်ငံ၏ အရေးပါမှုကို ရောင်ပြန်ဟပ်ခြင်းလည်း ဖြစ်သည်။

ယခု အပတ်အတွင်း ထုတ်ဝေခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော် Global Times သတင်းစာ က မြန်မာနိုင်ငံကို ကာလရှည်ကြာစွာ ရင်းနှီးမြှုပ်နှံသူဖြစ်သည့် တရုတ်နိုင်ငံနှင့် ဆက်သွယ်မှု မဖြတ်တောက်ရန် နှင့် အမေရိကန်နှင့် ခိုင်မာသော ဆက်ဆံရေးတည်ဆောက်ခြင်းကို သတိပေးခဲ့သည်။ ထိုသို့ ပြုလုပ်ပါက တရုတ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးမှ ရရှိနိုင်မည့် ဗျူဟာမြောက်နေရာနှင့် အရင်းအမြစ်များ ဆုံးရှုံးသွားသည်ကို မြင်တွေ့ရလိမ့်မည်ဟု ဆိုသည်။

၁၉၉၀ နှင့် ၂၀၀၀ နှစ်များအတွင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံကို အနောက်နိုင်ငံများက ရှောင်ဖယ်ထားကြချိန်တွင် မြန်မာ စစ်အစိုးရက တရုတ်နိုင်ငံနှင့် ကုန်သွယ်နိုင်ရန် ကြိုးစားခဲ့ပြီး တရုတ်ကုမ္ပဏီများနှင့် ရေအား လျှပ်စစ် စီမံကိန်းများ၊ ကြေးနီ သတ္တုတွင်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများတည်ဆောင်ရန် သဘောတူလက်မှတ် ရေးထိုးမှုများ ပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံက ဘင်္ဂလားပင်လယ်အော်ဒေသ ကျောက်ဖြူမြို့ရှိ မြန်မာနိုင်ငံ၏ ပထမဆုံး ရေနက်ဆိပ်ကမ်းကို ထိန်းချုပ်နိုင်ရန် ကြိုးစားခဲ့သည်။ အထူးစီးပွားရေး ဇုန်တခု တည်ဆောက်ရန် အစီအစဉ်၏ တစိတ်တပိုင်း ဖြစ်သည်။

အဆိုပါ စီးပွားရေးဇုန်ကို ထိန်းချုပ်ခွင့် ကန်ထရိုက်ရရှိရန် အတွက် အဆိုပြုလျှောက်ထားရာတွင် အောင်မြင်မှု ရရှိရန် တရုတ် ကုမ္ပဏီကြီးများက မျှော်လင့်ထားကြသည်။ အဆိုပါ ဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရက ချမှတ် ဖွယ်ရှိနေသည်။

တရုတ်နိုင်ငံနှင့် ဆက်ဆံရေး နက်ရှိုင်းမှုကြောင့် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို ခံနေရသည်ဟု မြန်မာနိုင်ငံသား အများက ထင်မြင်ခဲ့ကြသည်။ စစ်အစိုးရ အာဏာစွန့်လွှတ်ခဲ့ပြီး စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့် အရပ်သား အစိုးရ အာဏာ ရရှိလာပြီး နောက်ပိုင်းတွင် အစိုးရသစ်က ပြည်သူလူထု နှစ်သက်ခြင်းမရှိသော အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံ တန် မြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်းလိုက်သည်။ တရုတ်နိုင်ငံသို့ လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးမည့် အဆိုပါ စီမံကိန်း၏ ရေမြုပ်ဧရိယာမှာ စင်ကာပူနိုင်ငံ အရွယ်အစားခန့် ရှိသည်။

ထိုအချိန်မှစ၍ တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်ရန် ကြိုးစားခဲ့သည်။ Xiamen တက္က သိုလ် အရှေ့တောင်အာရှ လေ့လာရေး သုတေသန ကျောင်းမှ ပါမောက္ခတဦး ဖြစ်သည့် ဖန်ဟုန်ဝေက တရုတ်နိုင်ငံသည် သူ၏ ပုံရိပ်ကို ပြန်လည်မြှင့်တင်ရန် အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံများနှင့် ပိုမိုသိမ်မွေ့ သော ဆက်ဆံရေးတိုးတက်လာအောင် ဆောင်ရွက်ခဲ့သည်ဟု ပြောသည်။

အိန္ဒိယနိုင်ငံကလည်း ဖြစ်ပေါ်နေသည့် အပြောင်းအလဲအပေါ် ၎င်း၏ ဆက်စပ်ပတ်သက်မှုများကို တိုးချဲ့ရန်နှင့် အိန္ဒိယ သမုဒ္ဒရာ အတွင်းမှ ၎င်း၏ လုံခြုံရေးကို ကာကွယ်ရန် ရည်ရွယ်ချက်တို့နှင့် ချိန်ကိုက်လှုပ်ရှားနေသည်။ ဆယ်စုနှစ်များစွာ အတွင်း တရုတ်နိုင်ငံက အိန္ဒိယ သမုဒ္ဒရာအတွင်းတွင် သီရိလင်္ကာ၊ ပါကစ္စတန် နိုင်ငံများနှင့် ဆက်ဆံရေး တည်ဆောက်နိုင်သကဲ့သို့ ရေတပ်ကိုလည်း တိုးချဲ့နေသည်ကို အိန္ဒိယကို စိုးရိမ်နေသည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးဟောင်း ရာဂျစ်ဘတ်တီယာက ဝန်ကြီးချုပ် နေရိန်ဒြာမိုဒီ၏ အရှေ့ အာရှ စီးပွားရေးများနှင့် ပိုမိုဆက်ဆံဆောင်ရွက်မည့် အစီအစဉ်တွင် အရှေ့ဘက်မှ နိုင်ငံများက အရေးပါသည့် နေရာမှ ပါဝင်နေသည်ဟု ပြောသည်။

“တယောက်က ထွက်သွားပြီး တယောက်က ဝင်လာမယ့် အခြေအနေမျိုး မဟုတ်ပါဘူး။ မြန်မာနိုင်ငံက သူ့ရဲ့ အိမ်နီးချင်း နိုင်ငံကြီးတွေကို လိုအပ်ပါတယ်။ အိန္ဒိယနိုင်ငံက ဆက်ဆံမှုတွေ ပို ဖြစ်ထွန်းလာဖို့ တွန်းအားဖြစ်ပါမယ်” ဟု ရာဂျစ်ဘတ်တီယာက ပြောသည်။

ဂျပန်နိုင်ငံကလည်း ပြီးခဲ့သည့် နှစ်များအတွင်း မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ လာခဲ့ရာ ရန်ကုန်မြို့တောင်ဘက်မှ သီလဝါ အထူးစီးပွားရေး ဇုန်အပါအဝင်ဖြစ်သည်။ အဆိုပါ စီးပွားရေးဇုန်၏ အခြေခံ အဆောက် အဦး အများစုကို ဂျပန်နိုင်ငံက ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး အရှေ့တောင်အာရှတွင် တရုတ်၏ လွှမ်းမိုးမှုကို ယှဉ်ပြိုင်မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အပေါ် မည်သို့ သဘောထားမည်ကို ကျွမ်းကျင်သူများက သေချာ စွာ မသိကြသေးပါ။ “NLD က နိုင်ငံခြား စီးပွားရေးလုပ်ငန်းတွေနဲ့ ဘယ်လို ဆက်ဆံမယ်ဆိုတာနဲ့ ပတ်သက်လို့ ကျနော်တို့ မှာ သတင်း အချက်အလက် အနည်းငယ်ပဲ ရပါသေးတယ်” ဟု ဂျပန်အစိုးရ လက်အောက်ခံ အဖွဲ့အစည်းတခု ဖြစ်သည့် Japan External Trade Organization မှ လေ့လာဆန်းစစ်သူ တဦးဖြစ်သည့် တိုရှီဟီရိုမီဇူတာနီက ပြောသည်။

အချို့ကမူ ပုစ္ဆာသစ်အတွက် မသိကိန်းမှာ အမေရိကန် နိုင်ငံ ဖြစ်မည်ဟု ယူဆကြသည်။

လေ့လာဆန်းစစ်သူများနှင့် စီးပွားရေးသမားများက အမေရိကန်နိုင်ငံ၏ အခန်းကဏ္ဍကြောင့် နှောင့်နှေးမှု ဖြစ်လာမည့် အကြီးမားဆုံး ပြဿနာမှာ ယခင်စစ်အစိုးရနှင့် စီးပွားရေး အရ ပတ်သက်မှုရှိခဲ့သော စီးပွားရေး လုပ်ငန်းရှင် များက အမေရိကန် အစိုးရ၏ အရေးယူပိတ်ဆို့မှု စာရင်းတွင် ပါဝင်နေဆဲ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အမေရိကန် စီးပွားရေးလုပ်ငန်းများအတွက် အလားအလာရှိသော စီးပွားဖက် အရေအတွက်ကို အကန့်အသတ် ဖြစ်စေသည်။

ကျန်ရှိနေသေးသည့် အရေးယူပိတ်ဆို့မှုများကို ပယ်ဖျက်ရေးအတွက် ဆုံးဖြတ်ချက်ချမှတ်ရန် စောလွန်းနေသေးသည်ဟု အမေရိကန် အစိုးရက ပြောကြားခဲ့သည်။ ရွေးကောက်ပွဲနောက်ပိုင်း အခြေအနေများ တည်ငြိမ်မှု ရရှိသွားပြီးမှသာ မူဝါဒ အပြောင်းအလဲပေါ်ပေါက် လာမည် ဖြစ်သည့် အတွက် ပြောဆိုရန် စောသေးသည်ဟု ဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ညတွင် အမေရိကန် သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းနှင့် ဆက် သွယ်၍ NLD ပါတီ၏ အောင်မြင်မှုကို ချီးကျူး ဂုဏ်ပြုခဲ့သည်။ ရွေးကောက်ပွဲနေ့ရက်သည် မှတ်တိုင်တခုဖြစ်သော်လည်း အစိုးရဖွဲ့စည်းရေးက တိုင်းပြည်ကို မှန်ကန်သော လမ်းကြောင်းသို့ ဦးတည်သည့် နောက်ထပ် ခြေလှမ်းများ ဖြစ်သည်ဟု အမေရိကန် အစိုးရက ပြောသည်။

ယခုအချိန်တွင် အနည်းငယ်မျှသာ အကန့်အသတ်ဖြင့် ရှိနေသည့် ၂ နိုင်ငံလုံး၏ လက်နက်ကိုင် တပ်ဖွဲ့များ ဆက်ဆံရေး ပိုမို၍ ပုံမှန်ဖြစ်စေခြင်းလည်း ပါဝင်လာရမည်ဖြစ်သော်လည်း အမေရိကန်ဘက်က တုန့်ပြန်မှုများ ပြုလုပ်ရန် ဆန္ဒနည်းပါးနေသည်။

ဒေါ်အောင်ဆန်းစုကြည်က အနောက်သို့ မည်သည့်အချိန်တွင် ယိမ်းမည်နည်းဆိုသည့် မေးခွန်းကို ဖြေမည့်အချိန်ကျမှသာ အားလုံးကို ဖြေရှင်းနိုင်မည်ဖြစ်သည်။

“ဒါကတော့ လူတိုင်း အလေးထားစောင့်ကြည့်နေကြတဲ့ ကိစ္စ တခုပါပဲ” ဟု တရုတ် ပါမောက္ခ ဖန်ဟုန်ဝေက ပြောသည်။

(The Wall Street Journal သတင်းစာပါ James Hookway နှင့် Shibani Mahtani တို့၏ Asian Nations, U.S. Jockey for Myanmar Influence ကို နိုင်မင်းသွင် ဘာသာပြန်သည်)

Loading