Politics

ကိုအောင်မှိုင်းဆန်း အစာငတ်ခံ ဆန္ဒပြမှု မရပ်တန့်သေး

This article has been converted from Zawgyi One to Unicode

နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် အစာငတ်ခံ ဆန္ဒပြတောင်းဆိုနေသော ကိုအောင်မှိုင်းဆန်း အနေနှင့် ကျန်းမာရေး အထူးကြပ်မတ် ကုသမှု ခံယူနေရသည့် အခြေအနေရှိနေသော်လည်း အစာငတ်ခံ ဆန္ဒပြခြင်းကို မရပ်တန့်သေးကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ အပါအဝင် တခြားသော နိုင်ငံရေး လှုပ်ရှားသည့် အဖွ့ဲအစည်း များ၏ အစာငတ်ခံ ဆန္ဒပြခြင်းကို ရပ်တန့်ရန် မေတ္တာရပ်ခံမှုများ ရှိနေသော်လည်း လက်ရှိအချိန်အထိ ရပ်တန့်ခြင်း မရှိသေးကြောင်း ကိုအောင်မှိုင်းဆန်းနှင့် အတူရှိနေခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)မှ ကိုအောင်သူရက ပြော သည်။

“ကိုအောင်မှိုင်းဆန်းက ဒေါ်အောင်ဆန်းစုကြည်တို့၊ တခြားအဖွဲ့အစည်းတို့ရဲ့ မေတ္တာရပ်ခံတာမျိုးတွေ ရှိလာတဲ့ အတွက် အစာငတ်ခံ ဆန္ဒုပြခြင်းကို ရပ်တန့်ဖို့ အခုချိန်မှာ အလေးအနက်ထား စဉ်းစားနေပြီပေါ့နော်။ သူကတော့ ဒီတိုက်ပွဲက အကန့်အသတ်မဲ့ တိုက်တဲ့ တိုက်ပွဲတော့ မဟုတ်ဘူး။ အကန့်အသတ်နဲ့လုပ်တဲ့တိုက်ပွဲ ဖြစ်တဲ့အတွက် အခုလောလောဆယ်မှာတော့ မရပ်တန့်သေးဘူးလို့ ပြော တယ်။ ဘယ်တော့မှ ရပ်သွားမယ်လို့လဲ သူ အချိန်အတိအကျကြီး မပြောထားသေးဘူး”ဟုလည်း ၎င်းက ပြောပြသည်။

လက်ရှိတွင် ကိုအောင်မှိုင်းဆန်း၏ ကျန်းမာရေး အခြေအနေသည် ရန်ကုန်ဆေးရုံကြီးတွင် ၂၄ နာရီ အထူးကြပ်မတ် ကုသမှု ခံယူနေ ရကြောင်းလည်း ပြောဆိုသည်။

ကိုအောင်မှိုင်းဆန်း အစာငတ်ခံ ဆန္ဒပြမှု အခြေအနေနှင့်ပတ်သက်ပြီး ၎င်း၏ သဘောထားကို ယနေ့ မွန်းလွဲ ၃ နာရီကျော်အထိ ဆက်သွယ်မေးမြန်းသော်လည်း ကျန်းမာရေး အခြေအနေကြောင့် ပြန်လည်ဖြေကြားပေးနိုင်ခြင်း မရှိသေးကြောင်း ကိုအောင်မှိုင်း ဆန်း ၏ ဇနီး မလဲ့လဲ့နွယ်ကလည်း ဧရာဝတီ သတင်းဌာန၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားသည်။

တနိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီးမှ နိုင်ငံရေးအကျဉ်းသားများနှင့် ဖမ်းဆီး တရားစွဲဆိုခံထားရသည့် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် ပြီးခဲ့သည့် အောက်တိုဘာ၂၃ ရက်က စတင်၍ သာယာဝတီ အကျဉ်းထောင်တွင် ကိုအောင်မှိုင်းဆန်းက အစာငတ်ခံ ဆန္ဒပြ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် သာယာဝတီ အကျဉ်းထောင်၌ အစာငတ်ခံဆန္ဒပြ တောင်းဆိုနေသည့် ကိုအောင်မှိုင်းဆန်းနှင့် ကိုမျိုးမြတ်စံတို့သည် ကျန်းမာရေး အခြေအနေ ဆိုးဝါးလာသည့်အတွက် ရန်ကုန်ဆေးရုံကြီး အရေးပေါ် ပို့ဆောင်လိုက်ရခြင်း ဖြစ်သည်။

ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်နေသည့် ကိုအောင်မှိုင်းဆန်းနှင့် ကိုမျိုးမြတ်စံတို့ထံသို့ နိုဝင်ဘာ ၁၄ ရက်နေ့ ည ၇ နာရီခန့်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီမှ ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်ပေးချက်ဖြင့် လာရောက်တွေ့ဆုံခဲ့ သေးသည်။

တွေ့ဆုံရာတွင် အစာငတ်ခံ ဆန္ဒပြ တောင်းဆိုနေခြင်းသည် လက်ရှိ အကူးအပြောင်း ကာလတခုတွင် မီးစတစ်စ ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် အစာငတ်ခံ ဆန္ဒပြတောင်းဆိုခြင်း ရပ်တန့်စေချင်ကြောင်း၊ မိမိတို့ သဘောဆန္ဒဖြင့် ဆန္ဒပြခြင်းကို အမိန့်ပေး ရပ်တန့်ခိုင်းခြင်း မဟုတ်ဘဲ ကျောင်းသားများ စဉ်းစားပြီး လုပ်ဆောင်စေချင်ကြောင်း၊ ယခုကဲ့သို့ ကျောင်းသားများ လုပ်ဆောင်မှုအပေါ်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ဂုဏ်ယူမိကြောင်း စသည့်အချက်များကို ဦးဝင်းထိန်က ပြောကြားသွားသည်ဟု လည်း သိရသည်။

ထို့အပြင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ ၇ ဖွဲ့ကလည်း စုပေါင်းပြီး ကိုအောင်မှိုင်းဆန်းတို့၏ အစာငတ်ခံ ဆန္ဒပြခြင်းကို လက်ရှိ ရွေးကောက်ပွဲ ကာလအပြီး ငြိမ်းချမ်းစွာ အာဏာလွဲပြောင်းမှု ဖြစ်ချိန်အထိ ရွှေ့ဆိုင်းပေးရန် တောင်းဆိုချက် တစောင် နိုဝင် ဘာလ ၁၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

Loading