Ethnic Issues

တိုက်ပွဲများကြောင့် ရှမ်းတောင်ပိုင်းတွင် စစ်ဘေးဒုက္ခသည် ၁၀,၀၀၀ နီးပါးရှိလာ

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်တောင်ပိုင်းတွင် အစိုးရ တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့အကြား လတ်တလော အချိန် အထိ ဖြစ်ပွားနေသော တလ ကျော်ကြာ တိုက်ပွဲများအတွင်း စစ်ဘေးဒုက္ခသည် ၁၀,၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

ယင်း စစ်ဘေး ဒုက္ခသည်များသည် ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်နှင့် မိုင်းနောင်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် တောင်ကြီးမြို့နယ်၊ လဲချားမြို့နယ်၊ မိုင်းရှုးမြို့နယ်နှင့် လားရှိုးမြို့နယ် အတွင်းသို့ ထွက်ပြေးတိမ်းရှောင် နေကြရခြင်း ဖြစ်ကြောင်း၊ ဆောင်းတွင်း ကာလသို့ ရောက်ရှိလာသဖြင့် ဒုက္ခသည်များအတွက် အနွေးထည်များ လိုအပ်နေကြောင်း စစ်ရှောင်ဒုက္ခသည်များကို ကူညီထောက်ပံ့ပေးနေသည့် လဲချားမြိုနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်ဇေယျက ဧရာဝတီကို ပြောသည်။

“လဲချားမှာတော့ အခု ၆၈၁ ဦးရှိသွားပြီ။ ဘုန်းကြီးကျောင်း ၃ ခု ခွဲထားပါတယ်။ ဆောင်းရာသီ ရောက်ပြီဆိုတော့ အိပ်ရာခင်းတွေ၊ စောင်တွေ လိုအပ်နေတယ်။ တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်နေတော့ ထပ်တိုးလာဖို့ပဲ ရှိတယ်”ဟု ဦးစိုင်းကျော်ဇေယျက ဆိုသည်။

တိုက်ပွဲများကြောင့် မိုင်းရှူးမြို့တွင် လက်နက်ကြီးများ ကျမည်ကို စိုးရိမ်သဖြင့် ဈေးဆိုင်များ ပိတ်ထားကြောင်း၊ နိုဝင်ဘာ ၁၅ ရက်က မိုင်းရှူးဆေးရုံကို ခေတ္တခဏ ပိတ်ထားရကြောင်း၊ မိုင်းရှူးမြို့တွင်း၌ သေနတ်သံများ မကြာခဏ ကြားနေရသည့်အပြင် ဟိုင်းပါကျေးရွာရှိ ဒုက္ခသည်စခန်းသို့လည်း သွားရောက်ကူညီရန် ခက်ခဲနေကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မိုင်းရှူးမြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ်လောင်း နန်းကောင်ခမ်းကလည်း ပြောသည်။

“ဝမ်ဆော့ ဒုက္ခသည်စခန်းက စစ်ဘေးရှောင်တွေ မိုင်းရှူးဘက်ကို ရောက်လာကြပါပြီ။ အခုမိုင်းရှူးမှာ စစ်ဘေးရှောင် ၈၀၀ ကျော်ရှိသွားပြီ။ လက်နက်ကြီးသံကတော့ မနေ့ညကအထိ ကြားနေရတယ်။ လူတွေကို လက်နက်ကြီးသံတွေနဲ့ ခြိမ်းခြောက်နေတယ်”ဟု ၎င်းက ပြောဆိုသည်။

SSPP/SSA ပြောရေးဆိုခွင့်ရှိသူ တဦး ဖြစ်သည့် ဗိုလ်မှူးစိုင်းဆု ကလည်း“ဒီနေ့အထိ တိုက်ပွဲတွေ ဖြစ်နေတုန်းပါပဲ။ ဝမ်ဆော့ အရှေ့မြောက် ဘက်ကို အစိုးရတပ်က ၁၂၀ မမ၊ ၁၀၅ မမ တွေနဲ့ ပစ်နေပါတယ်။ အခုထိ ပစ်နေတုန်းပါ။ ရွာကလူတွေတော့ ထွက်ပြေးကုန်ပြီ” ဟု ဧရာဝတီကို ပြောသည်။

ဝမ်ဆော့ကျေးရွာကို အစိုးရ တပ်မတော်က အဓိက ပစ်မှတ်ထားသည့် အကြောင်းရင်းသည် ယခင်က SSPP/SSA တပ်များ နေထိုင် သည့် နေရာဖြစ်ကြောင်း၊ ဝမ်ဆော့ကျေးရွာကို လေကြောင်းသုံး၍ လက်နက်ကြီးနှင့် ပစ်နေသည်မှာ ၃ ရက်ရှိနေပြီ ဖြစ်ကြောင်း၊ SSPP/SSA နှင့် အစိုးရတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်မှာ ၁ လ ကျော် ရှိပြီဖြစ်ကြောင်း၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နီးဖြင့် မဖြေရှင်းဘဲ ပစ်ခတ်နေသည့်အတွက် ငြိမ်းချမ်းရေး ပျက်လုနီးပါး ဖြစ်နေကြောင်းလည်း ဗိုလ်မှူးစိုင်းဆုက ဆိုသည်။

ရှမ်းပြည်နယ် နေရာအနှံ့ စစ်ဘေးရှောင်စခန်းများရှိ ဒုက္ခသည်စာရင်းများမှာ မိုင်းရှူးတွင် ၈၀၀ ကျော်၊ မိုင်းနောင် ၃၅၀ ကျော်၊ လဲချားတွင် ၆၈၀ ကျော်၊ ဝမ်းဝ တွင် ၁,၀၀၀ ဝန်းကျင်၊ ပန်လော့တွင် ၃၀၀ ခန့်၊ ဝမ့်ပိန်းတွင် ၄၀၀ ခန့်၊ ကျိင်းလင်တွင် ၄၀၀ ကျော်၊ ဝမ်းစိမ်း ၁,၀၀၀ ခန့်၊ ဟိုင်းပါတွင် ၁,၅၀၀ ခန့်၊ လားရှိုးတွင် ၂၅၀ ကျော်၊ မိုင်းရယ်တွင် ၂၀၀ ကျော်၊ တခြား ကျေးရွာများ၌ တိမ်းရှောင်နေရ သည့် ဒုက္ခသည်များလည်း ရှိနေပြီး တချို့စစ်ရှောင် ဒုက္ခသည်များသည် စစ်ဘေးရှောင်ရာ လမ်းခရီးရှိ ကျေးရွာများတွင် ပိတ်မိနေကြောင်း ရှမ်းလူငယ်ကွန်ရက်ကလည်း ပြောပြသည်။

နိုဝင်ဘာ ၈ ရက်က မြန်မာတနိုင်ငံလုံး ရွေးကောက်ပွဲ ကျင်းပသည့်နေတွင် မိုင်းနောင်မြို့နယ် ဝိန်းကောင်ကျေးရွာအုပ်စုမှ ရွာသားနှစ် ဦး လယ်ယာရိတ်သိမ်းနေစဉ် ပစ်ခတ်ခံရပြီး အသက် ၁၅ နှစ်အရွယ် ကျေးရွာသား ယောကျာ်လေး တဦး သေးဆုံးသွားပြီး အသက် ၅၅ နှစ်အရွယ် အမျိုးသမီးကြီး တဦး ဒဏ်ရာပြင်းထန်းစွာ ရရှိမှုလည်း ဖြစ်ပွားခဲ့သည်။

Loading