သတင်း

မဲဆွယ်ရာတွင် သြဇာသုံးပြီး လာဘ်ပေးသည်ဟုဆိုကာ ဦးမြင့်လှိုင်ကို NLD တရားစွဲမည်

This article has been converted from Zawgyi One to Unicode

ရွေးကောက်ပွဲကာလအတွင်း မဲဆွယ်စည်းရုံးရာတွင် သြဇာသုံးခြင်းနှင့် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခဲ့သည့် လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်ကို တရားစွဲသွားမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ထွန်းက ပြောသည်။

“ရဲစခန်းက ဒီကိစ္စကို အမှုဖွင့်ချင်တော့ မဖွင့်ပေးဘူး။ စခန်းမှူးက နေ့ရွှေ့ညရွှေ့ လုပ်ပြီးရှောင်တယ်။ ဒါကြောင့် အခု တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး တိုင်နေတယ်။ ကျနော့်မှာ လူသက်သေ၊ ပစ္စည်းသက်သေတွေ ရှိတယ်” ဟု NLD ပါတီဝင် ဒကိ္ခဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက ဆိုသည်။

နေပြည်တော်ကောင်စီနယ်မြေ ဒကိ္ခဏသီရိမြို့နယ်တွင် ကြံခိုင်ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်သည် ကျေးစာဥ၊ ရန်အောင်မြင်နှင့် သီရိမင်္ဂလာကျေးရွာများ၌ မဲဆွယ်စည်းရုံးရာတွင် သြဇာအာဏာသုံးခြင်း၊ လာဘ်ပေးခြင်းများ ပြုလုပ်ခဲ့သည့်အတွက် တိုင်ကြားရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်သည် မဲဆွယ်ကာလအတွင်း သီရိမင်္ဂလာ ကျေးရွာနေ ဒေသခံများကို ဆိုလာ မီးအိမ်များပေးခြင်း၊ ၎င်းကိုမဲပေးပါက ကျူးကျော်ရွာကို အမည်ပေါက်ရွာ ဖြစ်စေရမည်ဟု မဲဆွယ်ခြင်း၊ တချို့ရွာများတွင် ပိုက်ဆံပေးခြင်း၊ အဝတ်အထည်၊ ထီးနှင့် အစားအသောက် ပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု သီရိမင်္ဂလာ ကျေးရွာဒေသခံများက ဧရာဝတီကို ပြောဆိုသည်။

ထို့အပြင် ကျေးစာဥကျေးရွာ မဲရုံအမှတ် ၁၃ ၌ မဲရုံမှူး တာဝန်ယူခဲ့သူ ဒေါ်နွဲ့နွဲ့ကြည်က ဦးသန့်စင်ထွန်းသည် မဲဆန္ဒရှင်များ မဲပေးရာတွင် အနှောက်အယှက် ဖြစ်စေခြင်းနှင့် မဲရုံဝန်ထမ်းများကို အနှောက်အယှက် ဖြစ်စေခဲ့သည်ဟုဆိုကာ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၀ နှင့် ၆၂ အရ ဒကိ္ခဏသီရိမြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။

“နိုဝင်ဘာ ၁၁ ရက်မှာ ရဲစခန်းက မဲရုံမှူးက တရားစွဲထားလို့ဆိုပြီး ခေါ်တွေ့တယ်။ ကျနော်ကလည်း အဲဒီမဲရုံမှူးကို ရွေးကောက်ပွဲ ဥပဒေ ၆၁ အရ ပြန်လည် တရားစွဲခဲ့တယ်။ တကယ်တော့ အဲဒီလူတွေက ကျနော့်ကို ဖြုတ်ချလို့ရရင် ဒုတိယ အနိုင်ရထားသူဖြစ်တဲ့ ဦးမြင့်လှိုင်ကို တင်ချင်တဲ့ သဘောပဲ။ ဒါကြောင့် ဒီလိုတွေ လုပ်နေတာ” ဟု ဒကိ္ခဏသီရိမြို့နယ် အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက ဧရာဝတီကို ပြောသည်။

ရွေးကောက်ပွဲ ကျင်းပသည့်နေ့က မဲရုံမှူးဖြစ်သူက မဲပေးရန် လာရောက်သူများကို ဆန္ဒမဲပေးရာတွင် လွတ်လပ်စွာ ပေးခွင့်မရှိအောင် လုပ်ဆောင်ခဲ့ခြင်း၊ ဆန္ဒမဲပေးခန်း အနီးတွင် မဲရုံဝန်ထမ်းကို စောင့်ကြည့်စေခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ပုဒ်မ ၆၁ ဖြင့် ပြန်လည် အမှုဖွင့်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

မဲရုံမှူးနှင့် အနိုင်ရ ကိုယ်စားလှယ်တို့နှစ်ဦး အပြန်အလှန် တရားစွဲဆိုခဲ့ရာတွင် အဓိကဖြစ်သည့် ကျေးစာဥကျေးရွာသည် လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်ကို ထောက်ခံအားပေးသူ များပြားသည့်ရွာဖြစ်ကြောင်း၊ ထိုမဲရုံတွင် ကြံခိုင်ရေးပါတီကို မဲပေးသူ ၄၀၀ ကျော် ရှိခဲ့ပြီး NLD ပါတီက ၁၄၅ မဲသာ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ပုဗ္ဗသီရိမြို့နယ်မှ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် NLD ပါတီမှ ဦးရည်မွန် (ခ) ဦးတင်သစ်ကို ရှုံးနိမ့်သွားခဲ့သည့် USDP ပါတီမှ ဦးဝေလွင်က မဲများပြန်လည် ရေတွက်ရန် တောင်းဆိုရာမှ အပြန်အလှန် အငြင်းပွားမှု ဖြစ်ပွားခဲ့သေးသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲ၌ နေပြည်တော်ကောင်စီ နယ်မြေရှိ နေရာ ၈ ခု တွင် NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၇ နေရာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂ နေရာ နှင့် ကြံခိုင်ရေးပါတီမှ ၁ နေရာ အနိုင်ရရှိခဲ့ကြသည်။

Loading