အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ် နိုင်ရခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။
ဒါဟာ ထူးကဲတဲ့ အောင်မြင်မှုဖြစ်ပြီး ကုလသမဂ္ဂအနေနဲ့ မြန်မာ့ ဒီမိုကရေစီ ပြောင်းလဲမှုအတွက် ဆက်လက်ကူညီသွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ကတိပြုပြောဆိုပါတယ်။
သူမအနေနဲ့ မဆုတ်မနစ်တဲ့ လုံလနဲ့ အာရုံစူးစိုက်ပြီး နစ်မြုပ်လုပ်ကိုင်လာတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို မြင်တွေ့ရပြီဖြစ်ပြီး၊ ဒီရွေးကောက်ပွဲက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ သဟဇာတဖြစ်ဖြစ်နဲ့ လက်တွဲဆောင်ရွက်နိုင်တဲ့ ဒီမိုကရေစီနစ် ပေါ်ထွန်းရေး အဆုံးအဖြတ်ပေးလိုက်တာဖြစ်ကြောင်းလည်း ပြောတယ်လို့ ကုလထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တိုင်းရင်းသားတွေ၊ ဘာသာရေး အရလူနည်းစုတွေ၊ လူမှုအဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ်လို့လည်း သူကဆိုပါတယ်။
မစ္စတာဘန်ကီမွန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း မစ္စတာဘန်ကီမွန်းမှ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ ကြိုးပမ်းချက်နဲ့ ပတ်သက်ပြီး အသိအမှတ်ပြု ကြေညာချက် ထုတ်ခဲ့ပါသေးတယ်။