မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေး အစိုးရသစ်လက်ထက် လွှတ်တော်၌ အဆိုတင်မည်
This article has been converted from Zawgyi One to Unicode
လာမည့်အစိုးရသစ်လက်ထက် လွှတ်တော်အစည်းအဝေးအတွင်း မြစ်ဆုံရေကာတာစီမံကိန်း ဖျက်သိမ်းရေးအဆိုကို တင်သွင်းသွားမည်ဖြစ်ကြောင်း အင်ဂျန်းယန်မြို့နယ် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP ) မှ အနိုင်ရ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင်က ဧရာဝတီကို ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီစီမံကိန်းကို ဆက်လုပ်ရအောင်လို့ ဆိုရင်တောင် ကျနော်တို့က လုံးဝသဘောမတူပါဘူး” ဟု ဦးလမာနော်အောင်က ဆိုသည်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက်အတွင်း ရပ်ဆိုင်းထားခဲ့သော မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် စာချုပ်အချက်အလက်များကို NLD အစိုးရဖွဲ့နိုင်ပါက ပြည်သူထံ ချပြမည်ဟု အောက်တိုဘာ ၂ ရက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က ကတိပေး ပြောဆိုထားခဲ့သည်။
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်အတွင်းရှိ မေခမြစ်နှင့် မလိခမြစ် ပေါင်းစုံရာနေရာတွင် တရုတ်စွမ်းအင် ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ(CPI) ကုမ္ပဏီက တည်ဆောက်မည့် မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ပါက ဖြစ်ပေါ်လာမည့် သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုများကြောင့် ထိုစီမံကိန်း ရပ်တန့်ပေးရန်အတွက် ဒေသခံများ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် ပြည်သူများကလည်း နည်းလမ်းမျိုးစုံဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့ရာ သမ္မတဦးသိန်းစိန်က ၎င်း၏အစိုးရ သက်တမ်းအတွင်း စီမံကိန်း ရပ်တန့်ထားခဲ့သည်။
ထွန်းထွန်းသတင်းပေးပို့သည်။