မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) သည် လွတ်လပ်မှုနှင့် ထိရောက်မှု မရှိဟု အရပ်ဘက် လူ့အဖွဲ့အစည်း များနှင့် အာရှဒေသတွင်းဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့အစည်း (FORUM-ASIA) တို့က ထောက်ပြပြောဆိုလိုက်သည်။
အာရှဒေသ အမျိုးသား လူ့အခွင့်အရေးဆိုင်ရာ NGO များ ကွန်ရက်နှင့် မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်သူများ အဖွဲ့ (Burma Partnership) တို့ ပူးပေါင်း၍ နိုဝင်ဘာလ ၁၆ ရက်မှ ၁၈ ရက်အထိပြုလုပ်သည့် MNHRC ၏ ထိရောက်မှုနှင့် အကျိုး သက်ရောက်မှုတို့အပေါ် ဆန်းစစ်သုံးသပ်မှု လုပ်ငန်းစဉ်အပြီး ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ယင်းကဲ့သို့ ထောက်ပြထားခြင်း ဖြစ်သည်။
ယင်းအစီရင်ခံစာကို Burma Partnership ၊ ညီမျှခြင်း-မြန်မာ (Equality Myanmar) နှင့် Smile Education & Development Education တို့ ပူးပေါင်း၍ နိုဝင်ဘာ ၁၈ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် အစီရင်ခံစာသည် သုံးကြိမ်မြောက် အစီရင်ခံစာ ဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လွှတ်တော်ကို တာဝန်ခံခြင်း ဖြစ်သင့်သော်လည်း အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း၊ ကော်မရှင် အဖွဲ့ဝင်များကို ရွေးချယ်ခြင်းနှင့် တိုင်ကြားစာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ပွင့်လင်းမြင်သာ မှု မရှိကြောင်းလည်း အစီရင်ခံစာက ထောက်ပြပြောဆိုထားသည်။
ယင်းအစီရင်ခံစာ ထုတ်ပြန်သည့် သတင်းစာ ရှင်းလင်းပွဲကိုလည်း နိုဝင်ဘာ ၁၈ ရက်က ရန်ကုန်မြို့ရှိ Green Hill Hotel တွင် ကျင်း ပ သည်။
Burma Partnership တာဝန်ခံ ဒေါ်ခင်ဥမ္မာက“ကျမတို့က MNHRC ကို တကယ်ထိရောက်တဲ့ ကော်မရှင်တခု ဖြစ်စေချင်တယ်။ အစိုးရ ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုတွေ ကင်းစေချင်တယ်။ လူထုယုံကြည် အားကိုးရတဲ့ အခွင့်အရေး ချိုးဖောက်ခံရတဲ့ ပြည်သူတွေရဲ့ တရားမျှတမှုကို ရဖို့အတွက်ကို ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးတဲ့ ယန္တရားတခုလို ကျမတို့က ဖြစ်စေချင်တယ်”ဟု အစီရင်ခံစာ ထုတ်ပြန်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများကို ပြောသည်။
ထို့အပြင် ကော်မရှင်ဥပဒေသည် အာရှဒေသတွင်း အကောင်းဆုံး ဖြစ်သည်ဟု ကော်မရှင်အကြီးအကဲများက ဆိုထားသော်လည်း ဥပဒေတွင် အားနည်းချက်များ တွေ့ရှိရကြောင်း၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရာတွင်လည်း အား နည်း ကြောင်း၊ တပ်မတော်၏ အပြစ်ပေးခံရမှုမှ ကင်းလွတ်ခွင့်ရနေခြင်းကို မကိုင်တွယ်နိုင်ကြောင်း၊ ထိရောက်သော နိုင်ငံအဆင့် လူ့အခွင့်အရေး ကော်မရှင်တခုတွင် ရှိသင့်သည့် အနိမ့်ဆုံး စံချိန်စံညွှန်းဖြစ်သည့် ပါရီအခြေခံမူများနှင့် ကိုက်ညီမှု မရှိကြောင်း စသည့် အချက်များကိုလည်း ဒေါ်ခင်ဥမ္မာက ထည့်သွင်း ပြောဆိုသည်။
နိုင်ငံတကာ အခင်းအကျင်းတွင် အသိအမှတ်ပြုခံရရန် ကြိုးစားနေခြင်းကို တွေ့ရှိရသော်လည်း မြန်မာပြည်သူများ၏ ယုံကြည် ကိုးစားမှုကသာ ကော်မရှင်အတွက် ပိုမိုအရေးကြီးကြောင်း ဒေါ်ခင်ဥမ္မာက ဖြည့်စွက်ပြောဆိုသည်။
“အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ပြည်သူတွေနဲ့ ကော်မရှင်နဲ့ဟာ တသားတည်း မဖြစ်နေဘူး။ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုကို ကော်မရှင်က ရမနေဘူး။ တက်တက်ကြွကြွနဲ့ ပြည်သူတွေ ရှေ့ကနေပြီးတော့မှ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မဖြစ်ရအောင် ရော၊ ဖြစ်နေတာတွေကို တရားမျှတမှု ဖော်ဆောင်ပေးတဲ့ နေရာမှာရော ရှေ့ကနေပြီးတော့မှ မားမားမတ်မတ်နဲ့ တက်တက်ကြွကြွဦးဆောင် လှုပ်ရှားမှုတွေ မလုပ်နေဘူး”ဟုလည်း ဒေါ်ခင်ဥမ္မာက ပြောသည်။
ထို့နောက် အစီရင်ခံစာ၏ ကော်မရှင်သို့ အကြံပြုချက်များတွင် ကော်မရှင်အဖွဲ့ဝင်သစ်များ ရွေးချယ်ခြင်း၊ တာဝန်မှ ရပ်နားခြင်း ဆိုင် ရာ များနှင့် တိုင်ကြားစာများကို ကိုင်တွယ်ဖြေရှင်းခြင်းတို့တွင် ပွင့်လင်းမြင်သာမှု ရှိရန် အဓိကလိုအပ်ကြောင်း ပါရှိသည်။
“ကော်မရှင်က ဘယ်လိုရွေးလိုက်မှန်းလည်း မသိဘူး၊ ဘယ်လိုခန့်လိုက်မှန်းလည်း မသိဘူး၊ ဘယ်လိုထုတ်လိုက်မှန်းလည်း မသိဘူး၊ ဘယ်လိုထွက်မှန်းလည်း မသိဘူး။ တိုင်ကြားစာတွေ ဘယ်လောက်ရောက်နေသလဲ ဆိုတာကိုလည်းပဲ အများပြည်သူ သို့မဟုတ် အရပ်ဘက် လူ့အဖွဲ့အစည်းများကို ချပြမှု မရှိသလောက်ဘဲ”ဟု Smile Education & Development Foundation ၏ အမှုဆောင်ဒါရိုက်တာ ဦးမျိုးဝင်းက ပြောသည်။
အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှု၊ မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲမှု တောင်းဆိုသည့် ကျောင်းသားများလက်ပံတန်းတွင် ဖြိုခွင်းခံရမှုတို့နှင့်ပတ်သက်ပြီး MNHRC ၏ ကိုင်တွယ်ပုံတို့ကို ကြည့်ခြင်းအားဖြင့် တရားမျှတမှု ပေါ်ပေါက်ရေး အတွက် လိုအပ်သော ဖိအားပေးခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်သူများအား တာဝန်ခံမှု ရှိစေရေး ကြိုးပမ်းခြင်းတို့တွင် အားနည်း နေကြောင်းလည်း ဦးမျိုးဝင်းက ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံ၏ ၂၀၁၅ ရွေးကောက်ပွဲမှ ပေါ်ပေါက်လာမည့် အစိုးရသစ် အနေဖြင့်လည်း လူ့အခွင့်အရေးကော်မရှင်၏ ဥပဒေကို ပါရီ အခြေခံမူများနှင့် ကိုက်ညီရေး ပြုပြင်ပေးရန်၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ရှိစေရေးတို့ကို အာမခံနိုင်ရန်၊ ကော်မရှင်၏ စုံစမ်း စစ်ဆေးမှုများကို ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ ကော်မရှင်၏ အကြံပြုချက်များကို လေးစားရန်၊ ပဋိပက္ခဒေသများတွင် ဖြစ်ပွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းဆေးခွင့်ပေးရန် အကြံပြုလိုကြောင်း အစီရင်ခံစာက ဆိုထားသည်။
Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက MNHRC အနေနှင့် နိုင်ငံတကာ အသိအမှတ်ပြုခံရရန် အလုပ်လုပ်ခြင်းထက် ပြည်သူအတွက် အလုပ်လုပ်ပေးရန် အကြံပြုလိုကြောင်း ပြောဆိုသည်။
MNHRC မှ ညွှန်ကြားရေးမှူး တဦးဖြစ်သူ ဒေါက်တာ ခိုင်ခိုင်ဝင်းကမူ MNHRC သို့ တိုင်ကြားသူများတွင် MNHRC ၏ ဥပဒေကို သေချာစွာ နားမလည်သေးသူများ ရှိသည့်အတွက် ကော်မရှင်အပေါ် အထင်အမြင် လွဲမှားမှုများ ရှိနေကြောင်း ပြောသည်။
“တရားရုံးမှာ ရင်ဆိုင်နေဆဲ အမှုဟာ ကျမတို့ကို တိုင်လို့မရဘူး။ ဘာလို့လဲဆိုတော့ ကျမတို့ဟာ ဥပဒေကို ကျော်ပြီး အလုပ်လုပ်လို့ မရဘူး။ ဒါကို နားမလည်တဲ့ ပြည်သူတွေက တိုင်လိုက်ပြီးတဲ့အခါမှာ နားလည်မှုလွဲပြီးတော့ ဒီကော်မရှင်က သူတို့အမှုကို မကိုင်တွယ် ပေးဘူးဆိုတဲ့ အမြင် ရှိသွားတယ်”ဟု ဒေါက်တာခိုင်ခိုင်ဝင်းက ဧရာဝတီကို ပြောပြသည်။
ဆက်လက်ပြီး ဒေါက်တာ ခိုင်ခိုင်ဝင်းက နိုင်ငံတိုင်းတွင် လူ့အခွင့်အရေး ကော်မရှင်သည် အဆုံးအဖြတ်ပေးပိုင်ခွင့် မရှိဘဲ အစိုးရကို အကြံဉာဏ်သာ ပေးခွင့်ရှိသည်ဟုလည်း ပြောဆိုသည်။
“ကော်မရှင်ဆိုတာ နိုင်ငံတိုင်းမှာ ကျမတို့ မြန်မာနိုင်ငံတင် မဟုတ်ဘူး နိုင်ငံတိုင်းမှာ ဆုံးဖြတ်ချက် ချပေးတဲ့၊ ဒီလူကိုတော့ အမိန့်ဘယ်လောက်ချလိုက်၊ ဒီလူကိုတော့ လွှတ်လိုက်ဆိုတဲ့ အမိန့်ပေးခွင့် မရှိပါဘူး။ ကျမတို့ Recommendatory role ပေါ့၊ ဒီအစိုးရကို ဒီအမှုကတော့ ဒီလိုလေး မြင်ပါတယ်၊ ဒီလို ဖြစ်သင့်ပါတယ် ဆိုတာပဲ Suggestion ပေးတယ်၊ Recommendation ပေးတာပေါ့”ဟု ဒေါက်တာ ခိုင်ခိုင်ဝင်းက ပြောသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ၂၀၁၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကာ လက်ရှိတွင် အဖွဲ့ဝင် ၁၁ ဦး၊ ဌာန ၅ ခု ဝန်ထမ်း စုစုပေါင်း ၆၀ တို့ဖြင့် ဖွဲ့စည်းထားကြောင်း၊ ကော်မရှင် ဥပဒေကို ၂၀၁၄ ခုနှစ် မတ်လတွင် အတည်ပြုခဲ့ပြီး ယခုလက်ရှိအထိ တိုင်ကြားစာပေါင်း ၁၀၀၀၀ ကျော် လက်ခံရရှိခဲ့ကာ မြေသိမ်းယာသိမ်း အမှုကိစ္စများသည် အများဆုံး ဖြစ်ကြောင်း ဒေါက်တာ ခိုင်ခိုင်ဝင်းက ပြောဆို သည်။