နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ လွှတ်တော်သစ်များ ခေါ်ယူနိုင်ရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ကြကြောင်း ၂ ဖက် ပူးတွဲထုတ်ပြန်သော ကြေညာချက်အရ သိရှိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေးသဘောထားကို အခြေခံ ၍ တွေ့ဆုံဆွေးနွေးလိုကြောင်း နိုဝင်ဘာလ ၁၀ ရက်နေ့တွင် သမ္မတဦးသိန်းစိန်၊ တပ်ချုပ်မင်းအောင်လှိုင်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းတို့ကို စာ ၃စောင်ပေးပို့ တောင်းခံခဲ့ရာ သူရဦးရွှေမန်းက နိုဝင်ဘာလ ၁၉ ရက်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
၂ ဖက်တွေ့ဆုံပွဲအပြီး ပူးတွဲ ထုတ်ပြန်သော ကြေညာချက်တွင် အချက် ၅ ချက်ပါဝင်ပြီး နိုဝင်ဘာလ ၈ ရက်နေ့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် ပြည်သူ့ဆန္ဒကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ အကောင် အထည်ဖော်ခြင်းဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြင့်မားရေးနှင့် ပြည်သူပြည်သားများ နှလုံးစိတ်ဝမ်း အေးချမ်းမှု ရရှိစေရန်၊ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ၊ ပြည်သူတို့၏ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက် ဆိုသည့် လွှတ်တော်၏ မူဝါဒဆောင်ပုဒ်နှင့်အညီ ပြည်သူများ၏ ရွေးချယ်တာဝန်ပေးမှုကို ဆက်လက် အကောင်အထည်ဖော်ရန်၊ လွှတ်တော်များ ဖွဲ့စည်းရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကိုပါ အလေးအနက်ထား ရှေးရှု ဆောင်ရွက်ရန်၊ လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များ၊ အခြားအရေးကြီးသော လုပ်ငန်းတာဝန်များအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အပြန်အလှန်ယုံကြည်လေးစားပြီး သဟဇာတဖြစ်သော အစဉ်အလာကောင်းများ ချမှတ်နိုင်ရန်၊ ဒုတိယအကြိမ်လွှတ်တော်များကို ဥပဒေနှင့်အညီ ခေါ်ယူဖွဲ့စည်းနိုင်ရေး အတွက် ဆွေးနွေးညှိနှိုင်းပူးပေါင်းဆောင်ရွက်နေရန်တို့ကို သဘောတူညီခဲ့ကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံ ဆွေးနွေးရေး တောင်းဆိုမှုကို သမ္မတဦးသိန်းစိန်နှင့် တပ်ချုပ်မင်းအောင်လှိုင်တို့က ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ပြီးဆုံးချိန်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း အကြောင်းပြန်ထားသော်လည်း ယခုအချိန်အထိ တစုံတရာ အကြောင်းပြန်ခြင်းမရှိပေ။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်ထောင်စုလွှတ်တော်တွင် အမတ်နေရာ ၃၈၉ ဦး အနိုင်ရရှိထားပြီး အစိုးရဖွဲ့စည်းခွင့်နှင့် သမ္မတတင်မြှောက်ခွင့်ရရှိထားပြီဖြစ်သည်။