ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) ဥက္ကဋ္ဌ ကိုကျော်ကိုကို နှင့် ၅ ဦးကို ယနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ ကမာရွတ် မြို့နယ် တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့ပြီး ပုဒ်မ ၁၈ ဖြင့် ထပ်တိုး တရားစွဲဆို လိုက်ကြောင်း သိရသည်။
ကိုကျော်ကိုကို၊ ကိုဝင်းကျော့မှူး၊ ကိုနန္ဒာစစ်အောင်၊ ကိုလင်းထက်နိုင်၊ ကိုထက်ခိုင်စိုးနှင့် မပိုပို တို့ကို ကမာရွတ် ရဲစခန်းက ပုဒ်မ ၁၄၃၊ ပုဒ်မ ၁၄၅၊ ပုဒ်မ ၁၄၇ နှင့် ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သည့်အပြင် ယနေ့ရုံးချိန်း၌ ထပ်မံ၍ နောက်တိုးအမှုဖြစ်သည့် ပုဒ်မ ၁၈ ဖြင့် ၎င်းတို့ ၆ ဦးလုံးကို ကမာရွတ် ရဲစခန်းကပင် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။
“ကျမတို့ကို စစ်တာက အခုဆို ရုံးချိန်းအကြိမ် ၂၀ ကျော်လောက်ရှိပြီ။ ကိုကျော်ကိုကို တို့ပါတဲ့ ရုံးချိန်းဆိုရင်တော့ အခုနဲ့ဆို နှစ်ကြိမ်မြောက်ပေါ့။ ဒီနေ့ ပုဒ်မ ၁၈ နဲ့ ထပ်တိုး စွဲချက်တင်တယ်။ ကျမတို့ ၆ ဦးမှာ အဖမ်းမခံရသေးတဲ့ ကိုထက်ခိုင်စိုး ကိုတော့ ဝရမ်း ထုတ် ထားတယ်”ဟု တရားစွဲဆို ခံရသူများတွင် ပါဝင်သည့် မပိုပိုက ပြောသည်။
မပိုပိုသည် ကမာရွတ်တရားရုံးမှ အာမခံရရှိထားပြီးဖြစ်ကြောင်း သိရသည်။ ဝရမ်းထုတ်ခံထားပြီး လွတ်မြောက်နေဆဲဖြစ်သည့် ကိုထက်ခိုင်စိုး မပါ ကျန် ၄ ဦးကို လက်ရှိတွင် အင်းစိန်အကျဉ်းထောင်၌ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း မပိုပိုက ပြောပြသည်။
ကမာရွတ်ရဲစခန်းက ယခုထပ်တိုးစွဲဆိုလိုက်သည့် ပုဒ်မ ၁၈ အမှုသည် ပြီးခဲ့သည့် မတ်လ ၁၀ ရက်က လက်ပံတန်းမြို့၌ အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် သပိတ်မှောက်သည့် ကျောင်းသားများ အကြမ်းဖက်ဖြိုခွင်းခံရမှုအပြီး မတ်လ ၁၀ ရက်ညနေပိုင်းတွင် ပင် ရန်ကုန်မြို့ လှည်းတန်းမှတ်တိုင်အနီး ပြည်လမ်းပေါ်၌ ကျောင်းသားများ ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်ခဲ့သည့် အမှုဟောင်းအပေါ် ထပ်တိုး တရား စွဲဆိုခြင်း ဖြစ်သည်ဟု မပိုပိုက ဆိုသည်။
ယနေ့ရုံးချိန်းတွင် တရားလိုဘက်မှ ထွက်ဆိုချက်များကို မှတ်တမ်းတင်ခြင်းများ ပြုလုပ်ပြီး နောက်ရုံးချိန်းကို နိုဝင်ဘာလ ၂၇ ရက်သို့ ထပ်မံ ချိန်းဆိုလိုက်ကြောင်း သိရသည်။