သတင်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်

This article has been converted from Zawgyi One to Unicode

နောက်နှစ် အာဏာလွဲပြောင်းပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သွားလိမ့်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ ပြောရေးဆိုခွင့်ရှိသူတဦး၏ ပြောပြချက်အရ သိရသည်။

လက်ရှိ သမ္မတဦးသိန်းစိန်လက်ထက်တွင် ကနဦး တည်ဆောက်ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လာမည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရနှင့် ဆက်လက်လက်တွဲရန် လက်နက်ကိုင်တပ်ဖွဲ့များ ဆန္ဒရှိကြကြောင်း ပြောဆိုချက်နှင့် ပတ်သက်၍ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဧရာဝတီမှ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ NLD ပါတီ ဗဟိုအလုပ်မှုကော်မတီဝင် ဦးဝင်းထိန်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးစီးလုပ်ဆောင်သွားမှာပါ။ တခြားဟာကို မစဉ်းစားပါနဲ့”ဟု ဦးဝင်းထိန်က ပြောသည်။

ထိုသို့ဆိုလျှင် ငြိမ်းချမ်းရေးကို ကြားဝင်ညှိနှိုင်းရေး အကျိုးတော်ဆောင်နေသူများ ပြောင်းသွားနိုင်သည့် သဘောရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေးတွင် မည်သည့် အခန်းကဏ္ဍမှ ပါဝင်မည် သို့မဟုတ် လက်ရှိ ငြိမ်းချမ်းရေးကို ကြားဝင်ညှိနှိုင်းရေး အကျိုးတော်ဆောင်နေသော အစိုးရ၏ အဖွဲ့အစည်းတစ်ခုဖြစ်သော မြန်မာ့ငြိမ်းချမ်းရေးစင်တာသည် မည်ကဲ့သို့ အရေးပါသော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်နေဦးမည်ကို ပြောဆိုခဲ့ခြင်း မရှိပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဥက္ကဌ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်စဉ် ကာလတလျောက် တိုင်းရင်းသားနယ်မြေများတွင် သွားရောက်ဟောပြောခဲ့သည်။ မဲဆွယ် စည်းရုံးရေးတွင် အကယ်၍ NLD ပါတီ အနိုင်ရရှိခဲ့ပါက ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးသည် ပါတီ၏ အဓိက ဦးစားပေးလုပ်ငန်းဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထောက်ခံသူများကို ပြောဆိုခဲ့သည်။

“ကျမတို့ နိုင်ငံမှာ လုပ်စရာတွေ အများကြီးရှိပါတယ်။ ကိစ္စရပ်တွေ အများကြီးရှိတဲ့အတွက် တခုတည်းကို ဦးစားပေး လုပ်လို့ မရပါဘူး။ ဒါပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကတော့ ဦးစားပေးဆောင်ရွက်ရမယ့် ကိစ္စဖြစ်ပါလိမ့်မယ်။ ကျမတို့ အစိုးရဖွဲ့နိုင်ခဲ့ရင် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ သူတို့ကို ကာကွယ်ပေးသွားမှာပါ” ဟု ကယားပြည်နယ် လူထုတွေ့ဆုံပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဦးသိန်းစိန် အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၂၀ ကျော်ရှိသည့်အနက် ၈ ဖွဲ့နှင့် အပတ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ရေးထိုးခဲ့သည်။ သို့သော် မြန်မာစစ်တပ်နှင့် အပတ်အခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်မရေးထိုးခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ခိုက်မှုများ ရှိနေသေးသည်။ လက်နက်ကိုင် ခုနစ်ဖွဲ့က လက်မှတ်ထိုးရန် ငြင်းဆိုနေချိန်တွင် လက်နက်ကိုင်တပ်ဖွဲ့အချို့အား အစိုးရက တရားမဝင်ဟု ကြေညာခဲ့သည်။

အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်တွင် မပါဝင်ခဲ့သော ရက္ခိုင့်တပ်မတော်၊မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်-ကိုးကန့်တပ်ဖွဲ့၊ တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့သည် နိုဝင်ဘာလ ၈ရက်နေ့တွင် တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပြီး နောက်နှစ်အစောပိုင်းတွင် အစိုးရဖွဲ့မည့် NLD အစိုးရနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန် ထုတ်ဖော်ပြောကြားခဲ့သည်။

တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ ဗိုလ်မှူးချုပ် တားဂျုတ်ဂျားက “အတိုင်းမသိအောင် ဝမ်းမြောက်မိပါတယ်” ဟု ပြောသည်။ NLD ပါတီက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ဦးဆောင်သွားလိမ့်မည် ဆိုသော်လည်း လက်ရှိအချိန်တွင် ၎င်းတို့ အဖွဲ့၏ မျှော်လင့်ချက်များကို ထုတ်ဖော်ပြောကြားရန် စောသေးကြောင်းလည်း ဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်းသည် အောက်တိုဘာလတွင် ရေးထိုးခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အရ နောက်နှစ်အစောပိုင်းတွင် ကော်မတီအဖွဲ့ဝင် ၄၈ ဦးနှင့် နိုင်ငံရေး ဆွေးနွေးပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၉ တွင် ကြေငြာခဲ့သည်။ အဆိုပါကော်မတီတွင် အစိုးရ၊ လက်နက်ကိုင်တပ်ဖွဲ့များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားပြုမည့်သူ ၁၆ ဦး ပါဝင်မည်ဖြစ်သည်။

ယင်းကော်မတီကိုဖွဲ့စည်းပြီးနောက် ရက်ပေါင်း ၆၀ အတွင်း ဒီဇင်ဘာလယ်တွင် ဆွေးနွေးပွဲစတင်ရန် စီစဉ်ထားသော်လည်း ဇန်နဝါရီလလယ်မှသာ ပြန်လည်ကျင်းပနိုင်မည်ဖြစ်ကြောင်း ဦးအောင်မင်းက ပြောသည်။ အစိုးရအပြောင်းအလဲတွင် အဆိုပါ ဆွေးနွေးပွဲအား မည်သို့ ဆက်လက်ဆောင်ရွက်သွားမည်ဆိုသည်မှာ မရှင်းလင်းပေ။

Loading