ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) က ရှမ်းပြည်မြောက်ပိုင်း တပ်မတော်(SSPP/SSA) ကို ငြိမ်းချမ်းရေး ဆွေးနွေးရန် နှုတ်အားဖြင့် ကမ်းလှမ်းထားကြောင်း သိရသည်။
UPWC အဖွဲ့ဝင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက နိုဝင်ဘာ ၁၈ ရက်က SSPP/SSA ကို ငြိမ်းချမ်း ရေး ဆွေးနွေးရန် ဖုန်းဖြင့် ကမ်းလှမ်းလာကြောင်း၊ SSPP/SSA အနေဖြင့် တရားဝင်စာဖြင့် ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေကြောင်း SSPP/SSA ၏ ဗဟိုကော်မတီဝင် တဦးဖြစ်သည့် စဝ်နော်လိတ်က ဧရာဝတီကို ပြောသည်။
“စာနဲ့ကမ်းလှမ်းတာ မရှိသေးဘူး။ ကျနော်တို့လည်း စာနဲ့ကမ်းလှမ်းတာကို စောင့်နေတယ်။ စာနဲ့ကမ်းလှမ်း လာရင်တော့ ကျနော်တို့အဆင်သင့်ပါ။ တကယ်ကမ်းလှမ်းရင်တောင် ကမ်းလှမ်းတဲ့နေရာမှာ သွားတွေ့မှာပါ။ အခုက ဖုန်းနဲ့ပဲ ဆက်လာတယ်”ဟု စဝ်နော်လိတ် က ဆိုသည်။
အစိုးရ တပ်မတော်နှင့် SSPP/SSA တို့အကြား အောက်တိုဘာ ၆ ရက်မှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီအဖွဲ့ဝင် ဦးသိန်းဇော်ထံသို့ စာများ ပေးပို့ တင်ပြထားသော် လည်း တစုံတရာ တုံ့ပြန်ခြင်း မရှိကြောင်း စဝ်နော်လိတ်က ဆက်ပြောသည်။
“အစက ကျနော်တို့ ရွေးကောက်ပွဲကြောင့် တိုက်ပွဲဖြစ်တယ်လို့ ထင်ခဲ့တယ်။ ကျနော်တို့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးတဲ့ အနေနဲ့ နမူနာလုပ်ပြတာလည်း ဖြစ်နိုင်တယ်”ဟုလည်း ၎င်းက ဆိုသည်။
အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၅ ဖွဲ့ကို အပစ်အခတ် ရပ်စဲရေး စာချုပ်(NCA) လက်မှတ် ထိုးရန် ကမ်းလှမ်းခဲ့ရာ အဖွဲ့ ၈ ဖွဲ့ လက်မှတ် ထိုးပြီး ကျန်လက်မှတ် မထိုးသည့် အဖွဲ့တွင် SSPP/SSA လည်း ပါဝင်နေသည်။
အစိုးရတပ်နှင့် SSPP/SSA အကြား တိုက်ပွဲဖြစ်ပွားနေသည့် တလကျော် ကာလအတွင်း ရှမ်းပြည်နယ် အတွင်းရှိ တောင်ကြီး၊ မိုင်းရှူး၊ လဲချား၊ နမ့်စန်၊ လားရှိုး၊ မိုင်းနောင်မြို့နယ်များမှ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင် နေကြရသည့် စစ်ဘေးရှောင် ဒုက္ခသည် ၁၀,၀၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။
SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဆုက“ဒီနေ့တိုက်ပွဲတွေ ငြိမ်နေပါတယ်။ မနေ့ကတော့ ဖြစ်တယ်။ UPWC က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ထားတယ်။ အမြန်ဆုံး လာတွေ့ပါလို့ ပြောပါတယ်။ ဘယ်နေ့တွေ့မယ် ဆိုတာလဲ အကြောင်း မပြန်သေး ဘူး။ မရမက ဝင်လာတဲ့ အစိုးရ စစ်ကြောင်းတွေ ဆုတ်ပေးမှ အဆင်ပြေနိုင်မယ်”ဟု ပြောဆိုသည်။