"ကျမတို့ကို ခိုင်းနွားတကောင်လို ခိုင်းပါ"

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

ရွေးကောက်ပွဲ မဲဆွယ်ကာလက ကယားပြည်နယ်၊ ရှားတောမြို့နယ် မြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့နယ်အတွင်းက ကျေးရွာတွေမှာ ၆ လသား အရွယ်ကိုယ်ဝန်ကို လွယ်ထားပြီး တရွာဝင်တရွာထွက် တအိမ်တက်ဆင်း မဲဆွယ်ခဲ့တဲ့ ပြည်သူ့ လွှတ်တော် အမတ်လောင်းတဦးဟာ နိုဝင်ဘာလ ၈ ရက်နေ့က ပြိုင်ဘက်ပါတီတွေအပေါ် ဆန္ဒမဲအပြတ်အသတ်နဲ့ အနိုင်ရရှိသွားပါတယ်။

ကယားပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ တရားဝင် အတည်ပြုထုတ်ပြန်ချက်အရ ရှားတောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ကိုယ်စားလှယ် ဒေါ်နန်းနွံ့ကို ၁၅၇၅ မဲ၊ ၇၅၄ နဲ့ မဲအပြတ်အသတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ အနိုင်ရ NLD ကိုယ်စားလှယ်လောင်း ဒေါ်ဝင့်ဝါထွန်းကို ရွေးကောက်ပွဲ ဝင်ရတဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်နဲ့ မဲဆွယ်ကာလ ကြုံတွေ့ရတဲ့ အခက်အခဲတချို့ကို ဧရာဝတီ သတင်းထောက် ကျော်ခက ရှားတောမြို့ကို သွားရောက်ပြီး သီးသန့် တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

မေး။ ။ ရှားတောမြို့နယ် ပြည်သူ့လွှတ်တော်မှာ အနိုင်ရရှိခဲ့တဲ့ ဒေါ်ဝင့်ဝါထွန်းဆိုတာ ရွေးကောက်ပွဲ မဝင်ခင်မှာ ဘာတွေ လုပ်ဆောင်ခဲ့တဲ့ လူလဲဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ ကျမကတော့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ဇာတိ ဖြစ်ပါတယ်။ ကျမ ၂၀၁၂ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဝင်ပြီးတော့မှ ဖယ်ခုံမြို့နယ် NLD အလုပ်မှုဆောင်အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ကို ထမ်းဆောင် ခဲ့တာ ဖြစ်တယ်။ ပြီးတော့ ဖယ်ခုံမြို့မှာပဲ လူမှုကူညီရေးအသင်းလေး ထူထောင်ပြီးတော့မှ အတွင်းရေးမှူး အနေနဲ့ တာဝန်ထမ်းဆောင် ခဲ့တယ်။ ပြီးရင် ကရင်နီ ပြည်လူငယ်များ သမဂ္ဂ လို့ခေါ်တဲ့ UKSY လူငယ်တယောက် အနေနဲ့ ပါဝင်ပြီးတော့မှ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လူမှုတရားမျှတမှုတွေ၊ လူ့အခွင့်အရေး ကိစ္စရပ်တွေကို တခြားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့မှ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

မေး။ ။ ကိုယ်ဝန်ဆောင်ထားရတဲ့ မိခင်လောင်း တယောက်အနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက် ရွေးချယ်ခံဖို့က ဘယ်လိုမျိုး ဆုံးဖြတ် လိုက်တာလဲ။

ဖြေ။ ။ ဒီမေးခွန်းကို မေးတာ ကျေးဇူးတင်ပါတယ်။ ကျမဆုံးဖြတ်ချက် ချနိုင်ဖို့အတွက် အများကြီး ခက်ခဲပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျမက ရှားတောမြို့နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တယောက်အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တယ်။ အဲလိုအနိုင်ရခဲ့တဲ့ အခါမှာ ကျမက ကိုယ်ဝန်ဆောင် မိခင်တယောက်ဖြစ်တယ်။ ကျမတို့ အစိုးရသစ်တရပ် ထွက်ပေါ်လာတဲ့ အခါမှာ ကျမက မီးဖွားပြီးသွားပြီပေါ့။ အဲဒီတော့ မီးဖွားပြီးသား မိခင်တယောက်က အနည်းဆုံး ၃ လလောက် ကလေးနဲ့အတူတူ နေရတဲ့ အခါမှာ ကျမသည် ပထမဆုံး ရှားတောက ပြည်သူတွေအတွက် တာဝန်မကျေ ဖြစ်မယ်။ အဲဒါအတွက် ကျမ စိုးရိမ်ပူပန်မှုတွေ အများကြီး ရှိခဲ့တယ်။

ဆိုတော့ အဲဒီအနေအထား တရပ်အပေါ်မှာ ကျမက အများကြီး စဉ်းစားတယ်။ ငါသည် ငါမဟုတ်တော့ဘူး။ ပြည်သူလူထုကနေ ရွေးချယ် တင်မြှောက်ပြီးတော့မှ ပြည်သူလူထုအတွက် အလုပ်အကျွေး ပြုရမယ့်ကာလ၊ သုံးလဆိုတဲ့ အချိန်ကာလ တခု၊ ဒါမှမဟုတ် သုံးလထက် ပိုပြီး ကျော်လွန်သွားနိုင်တဲ့ အချိန်ကာလ တခုကို ငါသူတို့အတွက် အကျိုးမပြုနိုင်ဘဲနဲ့ ကုန်ဆုံးသွားခဲ့မယ် ဆိုလို့ရှိရင် ဒါလူထုအပေါ်မှာ မတရား ကျူးလွန်မိသလို ဖြစ်သွားမယ်ပေါ့။

အဲဒီ အနေအထားတရပ်ကို ဆုံးဖြတ်ချက်ချဖို့အတွက် ကျမထက် တတ်သိနားလည်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်တယ်။ အထူးသဖြင့် အမျိုးသမီး တယောက်ရဲ့ ခံစားချက်နဲ့ မိခင်လောင်းတယောက်ရဲ့ ခံစားချက်က ဒါကို ဆုံးဖြတ်ချက် ချဖို့အတွက် တွန်းအားတခု ဖြစ်စေသွားတယ်။

ကျမတို့ အမျိုးသမီးတယောက် ဖြစ်လာတယ်ဆိုလို့ရှိရင် တချိန်ချိန်မှာ မိခင်တယောက် တာဝန်ကို ထမ်းဆောင်ရမှာပဲ။ ဒါဆို မိခင် တယောက်ဖြစ်သွားတဲ့ အတွက်ကြောင့်မို့လို့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေမှာ လုပ်ကိုင် ဆောင်ရွက်ခွင့် မရှိတော့ဘူးလား။ ဒါသည် မဟုတ်ဘူး။ ကျမ အဲဒါကို လက်ခံလို့မရဘူး။ ကျမသည် မိခင်တယောက်ဖြစ်တယ်။ မိခင်တယောက် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မွေးဖွားလာမယ့် ကျမရဲ့ အနာဂတ် မျိုးဆက်သစ်အတွက် မဖြစ်မနေ ဝင်ရောက် လုပ်ကိုင်ဆောင်ရွက်မယ်။ အဲဒီလို လုပ်ကိုင်ဆောင်ရွက်တဲ့ အခါမှာလည်း ၂၀၁၅ ဆိုတဲ့ ရွေးကောက်ပွဲဟာ ကျမတို့ နိုင်ငံအတွက် အရေးကြီးတဲ့ အခွင့်အရေးလို့ ကျမမြင်တယ်။

နောက်တခုက ကျမတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆိုတာက ကမ္ဘာက အသိအမှတ်ပြုတဲ့ ခေါင်းဆောင် တယောက် ဖြစ်တယ်။ မြန်မာမှာလည်း နောက်ထပ် မရနိုင်တော့တဲ့ ခေါင်းဆောင်တယောက် ဖြစ်တယ်လို့ ကျမအပြည့် အဝယုံကြည်တယ်။

အဲဒီလို အနေအထားတရပ်မျိုးမှာ သူ့ရဲ့ ဦးဆောင်မှုအောက်မှာ ကျမ မလိုက်ဘူးဆိုရင် ကျမသည် နောက်ကျ ကျန်ခဲ့လိမ့်မယ်။ နောက်ကျ ကျန်ခဲ့တာသည် ကျမတယောက်တည်း နောက်ကျကျန်ခဲ့မှာ မဟုတ်ဘူး။ ကျမ မွေးဖွားလိုက်တဲ့ မျိုးဆက်သစ်လေးတွေရဲ့ အနာဂတ်အတွက်ပါ ထိခိုက်နစ်နာနိုင်တဲ့ အရာတခု ဖြစ်တာ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ မိခင်လောင်းတယောက် ဖြစ်ပြီးတော့မှ ကိုယ့်ရဲ့ မျိုးဆက်သစ် အနာဂတ်တရပ် အတွက်လည်း ဦးဆောင်နိုင်တဲ့ အခန်းကဏ္ဍ တရပ်ကနေ ဝင်ရောက် ယှဉ်ပြိုင်ချင်တယ်။ ပြီးရင် ခေါင်းဆောင်ကောင်း တယောက်နောက်ကနေပြီး နောက်လိုက်ကောင်း တယောက်အနေနဲ့ နိုင်ငံရေးအခန်းကဏ္ဍ တရပ်မှာ ဝင်ရောက် လုပ်ကိုင်ဆောင်ရွက်ချင်တာ ဖြစ်တဲ့အတွက်ကြောင့် ဒီဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချပြီးတော့မှာလာပြီး ဝင်ရောက် ယှဉ်ပြိုင်ရခြင်း ဖြစ်ပါတယ်။

မေး။ ။ ကိုယ်ဝန်ဆောင် မိခင်လောင်း တယောက်အနေနဲ့ မဲဆန္ဒရှင်တွေအတွက် တာဝန်ကျေပါ့မလားဆိုပြီးတော့ စိုးရိမ်ခဲ့တာပေါ့။ လွှတ်တော်အမတ်ဖြစ်ခဲ့ရင် မွေးဖွားပြီး လပိုင်းအတွင်းမှာ လွှတ်တော်ထဲ သွားရမယ်ဆိုတော့ အဲဒီအခါမှာ ကိုယ့်ရဲ့ ရင်သွေးအတွက် တာဝန်မကျေ ဖြစ်မှာကိုရော စိုးရိမ်လား။

ဖြေ။ ။ စိုးရိမ်တာပေါ့ရှင့်။ ကျမ ခုနပြောခဲ့သလိုပဲလေ၊ ကျမအမြဲတမ်း ယုံကြည်ထားတာ လူဆိုတာ တသက်မှာ တခါပဲ သေရတယ်။ ဒါပေမယ့် နိုင်ငံရေးဆိုတာ မသေသွားဘူး။ ဆိုတော့ အဲဒီနိုင်ငံရေး မသေဆုံးသွားတာ ဖြစ်တဲ့အတွက်ကြောင့် ကျမတို့ နှစ်ပေါင်း ၅၀ ကျော် ခံစားခဲ့ရတဲ့ အစိုးရတရပ်ရဲ့ စနစ်တခုရဲ့လက်အောက်ကနေပြီးတော့မှ ရုန်းထွက်နိုင်ဖို့ အချိန်ကာလနဲ့ ကိုယ်ကိုယ်တိုင် လုပ်ကိုင် ဆောင်ရွက်နိုင်တာ ဒီအခွင့်အရေးပဲရှိတာကြောင့် ကျမသည် ဒီကလေးအပေါ်မှာ လပိုင်းသော်လည်းကောင်း၊ နှစ်ပိုင်းသော်လည်းကောင်း တာဝန်မကျေခဲ့ဘူး ဆိုရင် တောင်မှ ကျန်တဲ့ အသက်ရှင်ရမယ့် သူ့အတွက်ရော၊ သူ့ရဲ့ အနာဂတ်မျိုးဆက်သစ် အတွက်ရော ကျမသည် တာဝန် ကျေကျေ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ထားတဲ့ အတွက်ကြောင့် ကျမအဲဒီဟာနဲ့ ဖြေသိမ့်လို့ရပါတယ်။

မေး။ ။ ဒီရှားတောမြို့နယ်မှာ ရွေးကောက်ပွဲယှဉ်ပြိုင်တဲ့ အခါမှာ အခက်အခဲတွေ ကြုံတွေ့ခဲ့တယ်လို့ ကြားသိရတယ်။ ဘယ်လို စိန်ခေါ်မှုမျိုးတွေ ကြုံတွေ့ခဲ့ရလဲ။

ဖြေ။ ။ ကျမအတွက် အခက်အခဲကတော့ USDP ကဆရာမကြီး ဒေါ်နန်းနွံ့ပေါ့။ ဆရာမကြီးက လက်ရှိလည်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တယောက်ဖြစ်သလို ရှားတောဒေသခံ ပြည်သူတယောက် ဖြစ်တယ်။ ဆရာမကြီးက ဒီနေရာမှာ သြဇာတိက္ကမ ကြီးမားတဲ့ ပညာရေးမှူး တယောက်ဖြစ်ခဲ့တယ်။ အဲဒါဟာ ကျမအတွက် အဓိက စိန်ခေါ်ချက်တရပ်ပေါ့။

ဒုတိယ တချက်ကတော့ ကျမတို့ လာရောက် ယှဉ်ပြိုင်တဲ့အခါမှာ ရှားတောဆိုတာက လူဦးရေ ၆၀၀၀ ကျော်ပဲရှိတယ်။ အများစုက ဗမာစကား နားမလည်ဘူး။ အထူးသဖြင့် ကယားနဲ့ ရှမ်းမှာ ရှမ်းအများစုက ဗမာစကား နားလည်ပေမယ့် ကယား ၇၅ ရာခိုင်နှုန်းက ဗမာစကား နားမလည်ဘူး။ အဲဒီတော့ ကျမအတွက် လူထုနဲ့ အဓိက ဆက်သွယ်ဖို့ ဘာသာစကား အခက်အခဲဖြစ်တယ်။

နောက်တခုက ကျမ ဒီရှားတောကို လာရောက် ယှဉ်ပြိုင်တဲ့ အခါမှာ ကျမ မသွားလိုက်ရတဲ့ ရွာလေးသုံးရွာ ရှိတယ်။ အဲဒီနေရာတွေက လမ်းလျှောက် သွားမယ်ဆိုရင် တနေရာနဲ့ တနေရာ ၄ နာရီလောက် ကြာတယ်။ ၄ နာရီလောက်ကြာတဲ့ ခရီးက ကိစ္စမရှိပေမယ့် တောင်အတက်က ကြာတဲ့အခါကျတော့ ကျမက ကိုယ်ဝန်ဆောင်မိခင်လောင်း တယောက်ဖြစ်နေတယ်။ ကိုယ်ဝန်နဲ့ ဆိုတော့ ဆိုင်ကယ် ကလည်း စီးလို့မရဘူး။ ကျမက တောင်အတက်အဆင်း လမ်းကို သွားဖို့ရာအတွက် အခက်အခဲ ရှိနေတဲ့အတွက်ကြောင့် အဲဒီရွာတွေကို မရောက်ခဲ့ဘူးပေါ့။ ကျမအဲဒီနေရာတွေကို သွားဖို့ အစီအစဉ်ရှိပါတယ်။

မေး။ ။ နိုင်ငံရေးသမားတချို့က ပြောကြတယ်။ ရှားတောမြို့နယ်ဟာ နဂိုကတည်းက ကြံ့ခိုင်ရေးပါတီက အားကောင်းတဲ့ နေရာ ဖြစ်တယ်။ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲ့တဲ့နေရာလည်း ဖြစ်တာကြောင့် မြို့ပြပေါ်မှာလို လွယ်ကူမှာ မဟုတ်ဘဲ ဒီမှာ ဝင်ပြိုင်တဲ့ NLD အမတ်လောင်းတွေ အတွက်ကတော့ သတ်ကွင်းလို ဖြစ်လိမ့်မယ်လို့တောင် ခန့်မှန်းခဲ့ကြတယ်။ အဲဒါကို နဂိုက ကြားမိလား။ ဒီအတွက် စိုးရိမ်တာမျိုးရော ဖြစ်ခဲ့လား။

ဖြေ။ ။ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် ရှားတောဆိုတဲ့ နေရာကို ကျမကိုယ်တိုင် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ကျမတို့ ကယားပြည်နယ်မှာ မြို့နယ် ၇ မြို့နယ်ရှိတယ်။ အဲဒီအထဲမှာ ရှားတောဆိုတာက ပြန်လည်ထူထောင်ရေး နေရာဌာနတခု ဖြစ်ပြီးတော့မှ အဲဒီအထဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးတခု (KNPP) ကလည်း အခုအချိန်အထိ လက်မှတ် မထိုးရသေးတဲ့ နေရာဒေသ တခုဖြစ်တယ်။ အဲဒါက ကျမကို ရှားတော ရောက်အောင် အဓိက ဆွဲဆောင်လိုက်တဲ့ အဓိက အချက်ဖြစ်တယ်။

ဘာကြောင့်လဲ ဆိုလို့ရှိရင် ရှားတောမှာ နေထိုင်ကြတဲ့ ပြည်သူလူထုတွေ ဆီကနေ ကျမကို ရွေးချယ်မယ့် မဲမရခဲ့ဘူး ဆိုရင်တောင်မှ ရှားတောက ဒေသခံပြည်သူတွေကို ကိုယ့်မှာ ကိုယ်ပိုင် အခွင့်အရေးရှိတယ်။ ကိုယ်ပိုင် အခွင့်အရေးကသာလျှင် ကျမတို့ တကယ်လိုချင်တဲ့ အစိုးရတရပ်ကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်။ အဲဒီတော့ ကိုယ့်ရဲ့ တန်ဖိုးက ဘယ်လောက်ကြီးလဲဆိုတာ သိစေချင်တယ်။ အဲဒီရည်ရွယ်ချက်နဲ့ ကျမ ဒီနေရာကိုရောက်အောင် လာခဲ့တာဖြစ်တဲ့ အတွက်ကြောင့် ခုနစိန်ခေါ်ချက်က သူ့ဟာသူ ရှိနေတာတချက်၊ သို့သော်လည်း အဲဒီခံယူချက်နဲ့ ကျမ ဒီနေရာကိုရောက်အောင် လာခဲ့တာဖြစ်ပါတယ်။

မေး။ ။ အကယ်၍ လွှတ်တော်ထဲ ရောက်သွားမယ်ဆိုရင် ရှားတောဒေသခံတွေ အတွက်၊ နိုင်ငံအတွက် ဘယ်လို အရာတွေကို လုပ်ဆောင်သွားမယ်လို့ ပြင်ဆင်ထားတာ ရှိလဲ။

ဖြေ။ ။ ကျမတို့ ရှားတောမှာ လာရောက် ယှဉ်ပြိုင်တဲ့အခါမှာ ခုနပြောခဲ့သလို တိုင်းရင်းသားလက်နက်ကိုင် တဖွဲ့က အပစ်အခတ် ရပ်စဲရေးကို မလုပ်ရသေးဘူး။ ဒါသည်လည်း အကြောင်းအရင်းတရပ် ဖြစ်တယ်။ အဲဒီလိုပဲ NCA (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်) ထိုးပြီးသား အဖွဲ့တွေကလည်း မဖြစ်မနေ နောက်အစိုးရတရပ်နဲ့ Political Dialogue လို့ခေါ်တဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲတွေ လုပ်ရမယ်။

အဲဒီလို တွေ့ဆုံဆွေးနွေးပွဲ လုပ်နေတဲ့အချိန်မှာပဲ တဘက်က အပစ်အခတ် ရပ်စဲရေး မယူထားသေးတဲ့ အဖွဲ့တွေနဲ့ ကျမတို့ အစိုးရ တရပ်က နေပြီးတော့မှ အပစ်အခတ်ရပ်စဲရေး ကြိုးစားကြမယ်လို့ ကျမအနေနဲ့ ယုံကြည်ပါတယ်။ အဲဒီတော့ ကျမတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒလည်းဖြစ်ပြီးတော့မှ ဆက်လက် ဆွဲကိုင်နေတာက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ဖက်ဒရယ် စနစ်ကို ထူထောင်ရေးပေါ့။ ကျမတို့ပါတီရဲ့ မူဝါဒကို ယုံကြည်တာ ဖြစ်တဲ့အတွက်ကြောင့် ကျမတို့ ပါတီရဲ့ မူဝါဒနဲ့ ရှေ့ဆက် လျှောက်ရမယ့်လမ်းက ရှားတော ပြည်သူလူထု အတွက် အများကြီး အထောက်အကူပြုတဲ့ ဥပဒေတွေ၊ အများကြီး အထောက်အကူပြုတဲ့ အရာတွေကို လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။

မေး။ ။ လွှတ်တော်ထဲကို ရောက်သွားမယ်ဆိုရင် အမျိုးသမီး အမတ်လောင်း တယောက်အနေနဲ့ အမျိုးသမီး အရေးအတွက် လုပ်ဆောင်မယ် ဆိုတာမျိုး စဉ်းစားထားတာများ ရှိလား။

ဖြေ။ ။ ကျမက အမျိုးသမီးထုတွေကို အားပေးချင်တာက နေရာဆိုတာက ရှိပြီးသား၊ အဲဒီနေရာကို တောင်းစရာမလိုဘူး။ ကိုယ်တိုင် ကြိုးစားရင် ရောက်ပါတယ်ဆိုတဲ့ အချက်ကို ယုံကြည်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကျမတို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုပဲ ကြည့်ပါ။ နေရာဆိုတာ ရှိပြီးသားပါ။ အဲဒီနေရာတခုကို သူ့ရဲ့ ကျိုးစားအားထုတ်မှုနဲ့၊ ဘေးက အထောက်အပံ့နဲ့ အားလုံးဝိုင်းဝန်းပြီးတော့မှ ရောက်လာတာဖြစ်သလို၊ ကျမတို့ အမျိုးသမီးထုကလည်း ရှိပြီးသား နေရာတခု အပေါ်မှာ ရအောင် ကျိုးစားသွားနိုင်လို့ရှိရင် တချိန်ချိန်မှာ ကျမတို့ အမျိုးသမီးထုတွေဟာ နိုင်ငံရေး အခန်းကဏ္ဍတရပ်မှာ သော်လည်းကောင်း၊ တခြား အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေ စိုးမိုးရေး ကိစ္စရပ် ကဏ္ဍအသီးသီးမှာ သော်လည်းကောင်း ရောက်နိုင်တယ်ဆိုတာက ကိုယ်ကိုယ်တိုင် ကျိုးစားမှ ဖြစ်သလို ဘေးကနေ အထောက်အပံ့ ဖြစ်တဲ့ ခုနပြောသလို စနစ်တခုလည်း မဖြစ်မနေပြောင်းလဲဖို့ လိုအပ်တယ်လို့မြင်ပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာနိုင်ငံက အမျိုးသမီးထုကို လေးစားတယ်။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီစနစ်မှာ ကိုယ်လိုချင်တဲ့ အခွင့်အရေးကို ကိုယ်ကိုယ်တိုင် တောင်းဆိုရတာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်ပါတယ်။ အဲဒီတော့ အမျိုးသမီးအရေးကို လှုပ်ရှား ဆောင်ရွက်နေတဲ့ မြန်မာအမျိုးသမီးထုကို အရမ်းလေးစားပါတယ်။ ၃၀ ရာခိုင်နှုန်းဆိုပြီးတော့မှ တောင်းဆိုတာ သာမန်ကာ လျှံကာ တွေးကြည့်ရင် ကျမကိုယ်တိုင်လည်း လက်ခံနိုင်တဲ့ အနေအထားမရှိပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ကျမယုံကြည်ထားတာ နေရာသည် ရှိပြီးသား ကိုယ်သာ ကျိုးစား အားထုတ်မယ် ဆိုလို့ရှိရင် ရာခိုင်နှုန်းပြည့် ရနိုင်တယ်လို့ ယုံကြည်တဲ့ လူတယောက်ပါ။ သို့သော် ဒီမိုကရေစီရဲ့ အနှစ်သာရအရ ကိုယ်လိုချင်တဲ့ အရာတခုကို ရဲရဲဝံ့ဝံ့နဲ့ ပြတ်ပြတ်သားသား တောင်းဆိုနိုင် ကတည်းကိုက ကျမတို့ အမျိုးသမီးထုတွေသည် လုံးဝမညံ့ဘူး။ အဲဒါကြောင့် အမျိုးသမီးထုတွေသည် သုံးဆယ် ရာခိုင်နှုန်း တောင်းဆိုစရာ မလိုပါဘူး။ ၅၀ ရာခိုင်နှုန်း ဖြစ်လာနိုင်သလို၊ ၁၀၀ ရာခိုင်နှုန်းလည်း ဖြစ်လာနိုင်တယ်ဆိုတာကို ကျမရဲရဲကြီး အာမခံနိုင်ပါတယ်။

မေး။ ။ မေးထားတဲ့အထဲကထက် ထပ်ပြီးဖြည့်ပြောချင်တာ တခုခုရှိရင် ပြောပါ။

ဖြေ။ ။ ကျမဖြည့်ပြောချင်တာက ရှားတောပြည်သူလူထုကို ကျေးဇူးတင်ပါတယ်။ ကျမတို့ ဒီနေရာကို လာရောက်ယှဉ်ပြိုင်တဲ့ အခါမှာ ကျမတို့ရဲ့ မူလ ရည်ရွယ်ချက်ဖြစ်တဲ့ ကိုယ်လိုချင်တဲ့ အစိုးရတရပ်ကို ကိုယ်ကိုယ်တိုင် ပုံဖော်နိုင်တာသည် ကိုယ်ကိုယ်တိုင်ပဲ ဆိုတာကို သိပြီးတော့မှ အပြောင်းအလဲ တခုအတွက် ယုံယုံကြည်ကြည်နဲ့ NLD ကို မဲပေးပြီးတော့မှ ကျမတို့ကို ခိုင်းနွားတကောင်လို ခိုင်းပါ။ ခိုင်းတဲ့ အခါလည်း အားမနာတမ်း သူတို့လက်ထဲကို နှင်တံတချောင်း ထည့်ပေးထားပါတယ်။ အဲဒီနှင်တံကို ကောင်းကောင်း ကိုင်ပြီးတော့မှ ကိုယ့်ကို ပြန်ခတ်မယ့် နွားတွေ မဖြစ်အောင် ကိုယ်ကိုယ်တိုင်ပဲ ထိန်းကျောင်းပြုပြင် ပေးကြဖို့ ရှားတော ပြည်သူလူထုကို ပြောချင်ပါတယ်။

Loading