အကြမ်းဖက်တိုက်ခိုက်ခံရပေမယ့် ဘာတာကလန် ကဇတ်ရုံပြန်ဖွင့်မယ်
This article has been converted from Zawgyi One to Unicode
အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုခံရပေမယ့် ပါရီမြို့က ဘာတာကလန် ကဇတ်ရုံကို ပြန်လည်ဖွင့်လှစ် သွားမယ်လို့ မန်နေဂျာ ဒိုမီနစ် ရီဗတ်က နာမည်ကျော် Billbord အနုပညာနဲ့ဖျော်ဖြေရေး သတင်းဌာနနဲ့ တွေ့ဆုံရာမှာ ပြောဆိုလိုက်ပါတယ်။
“ကျနော်တို့ဟာ ဘယ်တော့မှ လက်မြှောက်မှာမဟုတ်ဘူး၊ လူကောင်းတွေအတွက်တံခါး ပိတ်ထားမှာ မဟုတ်ပါဘူး” လို့ မန်နေဂျာ ဒိုမီနစ် ရီဗတ်က ဆိုပါတယ်။
ပါရီမြို့လယ် အမှတ် ၁၁ ရပ်ကွက် Boulevard Voltaire လမ်းမပေါ်မှာ တည်ရှိတဲ့ တရုတ်ဘုံကျောင်းသဏ္ဍန် ဘာတာကလန်ကဇတ်ရုံဟာ ၁၈၆၄ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ပိုင်ရှင်အဆက်ဆက်ပြောင်းလာပြီး ကျော်ကြားတဲ့ အဆိုတော်ကြီးတွေ၊ ဂီတသမား တွေနဲ့ ညလုံးပေါက် ဖျော်ဖြေမှုတွေရှိတဲ့ လူစည်ကားရာနေ ရာတခုဖြစ်လာခဲ့ပါတယ်။
အခုလက်ရှိ မန်နေဂျာ ဒိုမီနစ် ရီဗတ်ကတော့ သူ့အနေနဲ့ နာမည်ကျော် ဘာတာကလန်ကို ဘယ်တော့မှ ပြီးဆုံးသွားစေမှာ မဟုတ်ဘူးလို့ သံဓိဌာန်ချထားတယ်လို့ ဆိုပါတယ်။
“ဒီအကြောင်းနဲ့ ပတ်သက်ပြီး လအနည်းငယ် နှစ်အနည်းငယ် နှလုံးသားတွေမှာတော့ ဝမ်းနည်ခြင်းတွေနဲ့ လေးလံနေပေမယ့် ကျနော်တို့ ပြန်ဖွင့်မယ် ဘယ်တော့မှလက်နက်မချဘူး” လို့ Billboard ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ ညနေပိုင်း ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ ဘာတာကလန် ကဇတ်ရုံဟာလည်း အကြမ်းဖက်သမားတွေရဲ့ အဓိက တိုက်ခိုက်ခြင်းခံခဲ့ရတဲ့ နေရာတနေရာဖြစ်ပြီး လူပေါင်း ၈၉ ဦးသေဆုံးခဲ့ရပါတယ်။