ရင်ဘတ်အရွယ်အစားထက် ဦးနှောက်အရွယ်အစားကို တန်ဖိုးထားတတ်ပါစေ

ငြိမ်းချမ်းအေး

This article has been converted from Zawgyi One to Unicode

၂၀၁၅-၁၄ ခုနှစ် မယ်စကြဝဠာ အလှမယ် မြန်မာပြည် ပြိုင်ပွဲကို အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်း ရုပ်သံ အစီအစဉ် တချို့မှာ တိုက်ရိုက်ထုတ်လွှင့် ပြသကြသလို စာနယ်ဇင်း အွန်လိုင်းမီဒီယာများကလည်း အလှမယ်များရဲ့ သတင်းဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့ အချိန်နဲ့ တပြေးညီ သတင်းလုပ် တင်ကြတာ သတိထားမိတယ်။ ကျား-မ လူအများလည်း စိတ်ဝင်စားမှု ရှိကြာတာ တွေ့ရတယ်။ ဟိုအရင် ခေတ်များဆီကတော့ အဲဒီလို ရေကူးဝတ်စုံပြိုင်ပွဲမျိုး ဆိုရင် ရွံ့တတ်ကြ၊ အလာဂျီဖြစ်ကြတယ်။

တိုင်းပြည်မှာ စစ်တပ် စတင်အာဏာယူ ကြီးစိုးချိန် ၁၉၆၂ ခုနှစ်က စလို့ မယ်မြန်မာတွေကို နိုင်ငံတကာ ပြိုင်ပွဲတွေ မလွှတ်တော့ပါဘူး။ ပြည်တွင်းမှာလည်း နှစ်ပိုင်းအစ ရေကူးဝတ်စုံဝတ် ပြိုင်ရတဲ့ အလှပြိုင်ပွဲတွေ၊ အားကစားပွဲတွေ ပိတ်ခံထိတယ်။ အကြောင်းပြချက်ကတော့ မယ်မယ်ရရ မရှိလှပါဘူး၊ စစ်တပ်အာဏာ တည်တံ့ဖို့ ရေလဲသုံး ဆေးတဖုံ ဖြစ်တဲ့ အမျိုး ဘာသာ သာသနာ ယဉ်ကျေးမှု ဗန်းပြ အစွန်းရောက် အမျိုးသားရေးဝါဒ တစိတ်တဒေသ မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှု ယဉ်ကျေးမှုနဲ့ ဆန့်ကျင် မကိုက် ဆိုတာပါပဲ။ ဆီသည်မ လက်သုတ်ဝတ် အဖန်တရာတေ သရုပ်ပျက် ခေါင်းစဉ်အောက် ပို့ကြတယ်။

တခြား အားကစားနည်းတွေ မှာလည်း ဒီလို အကြောင်းပြချက်မျိုး ပေးပြီး အလားတူ ပိတ်ပင်တတ်ပါသေးတယ်။ ၁၉၈၈ ခုနှစ် ဒီဘက် နဝတ၊ နအဖ စစ်အစိုးရခေတ် အမျိုးသမီး သဲသောင်ပြင် ဘော်လီဘော ပြိုင်ပွဲ အရှေ့တောင် အာရှ ပြိုင်ပွဲတွေမှာ စတင် ထည့်သွင်း ကစားတော့ ရေကူးဝတ်စုံဝတ်ရခြင်း အကြောင်းပြ မြန်မာအမျိုးသမီးအသင်းကို မလွှတ်ခဲ့ပါဘူး။ တကယ်တော့ အသစ်ထည့်တဲ့ ပြိုင်ပွဲတွေ ဆိုတာ နိုင်ငံတိုင်းလိုလို ‘တစ်ကစ’ ရလို့ ကိုယ့်အသင်း ဝင်ယှဉ်ပြိုင် ပါနိုင်ရင် ဆုတံဆိပ် ချိတ်နိုင်တယ်၊ ရေရှည် အောင်မြင်ဖို့ အတွက်လည်း လက်ဦးမှု ယူနိုင်တယ်။

ဒါပေမယ့် ဆိုခဲ့သလို တလွဲဆံပင်ကောင်း အမျိုးသားရေး အမြင်ကြီးလှတဲ့ စစ်ဗိုလ်ချုပ်ကြီးများက ရေကူးဝတ်စုံကို မျက်မုန်းကျိုးခဲ့တယ်။ သူတို့ ရာစုဝက်ကျော် ထင်တိုင်းကြဲ ဖျက်ဆီးခဲ့တဲ့ တိုင်းပြည်မှာ ပါးလျ ချွတ်ခြုံကျလှတဲ့ လူမှု-စီးပွား ဒဏ်ကြောင့် အမျိုးသမီးငယ်လေးပေါင်း များစွာ နေ့စဉ် ဘဝပျက် ပန်းကောင်းအညွန့်ချိုး လူကုန်ကူးခံ၊ ရောင်းစားခံ၊ နိုင်ငံတကာထွက် ကျွန်လှည့်ခံနေရတာမျိုးလို တကယ်အလေးထား အကာအကွယ်ပေး စောင့်ရှောက် ရမှာမျိုးကိုကျ မျက်ကွယ်ပြုထားကြတယ်။

လူတစု တဖက်စောင်းနင်းမတရား ‘စံ’ စားခွင့်ရနေတဲ့ စနစ်ဆိုးကို အမှန်တကယ် အရင်းတိုင် ပြုပြင်ဖို့ကျ အခုထိ အမြင်မှန်၊ အမှန်မြင် အကောင်းအလုပ် အပြည့်အဝ မလုပ်ချင်ကြသေးဘူး။ ဥပမာ – ငြိမ်းချမ်းရေး၊ တိုင်းရင်းသား အရေး၊ အခြေခံဥပဒေပြင်ရေး၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ အာမခံမှု။

နိုင်ငံတကာမှာ ဒီလိုရုပ်ရည်နဲ့ ခန္ဓာကိုယ်အလှ အသားပေး ပြိုင်ပွဲတွေကို ဆန့်ကျင်ကြရမှာ တိုက်ပုံသမား ခေတ်နောက်ပြန်ဆွဲတွေ အပြင် တိုးတက်တဲ့ အမျိုးသမီးဝါဒီ အဖွဲ့အစည်းတွေလည်း ပါပါတယ်။ သူတို့ ကန့်ကွက်တာ ကျတော့ အလှမယ်ပြိုင်ပွဲရဲ့  အတွင်းအနှစ်သဘောကို ကန့်ကွက်တာပါ။ ဝါသနာ၊ ဆန္ဒ၊ ရွေးချယ်မှုအရ ပါဝင် ယှဉ်ပြိုင်သူ တဦးချင်းကို၊ ဒါမှမဟုတ် ဝတ်စားဆင်ယင်ပုံကို မနှစ်လိုဆန့် ကျင်တာမျိုး မဟုတ်ဘဲ ‘ကာယအလှပြိုင်ပွဲ’ ဆိုတဲ့ သဘောကြီး တခုလုံးကို ထောက်ပြ လူ့အဖွဲ့အစည်းကို ဝေဖန်ဆန်းစစ် ခိုင်းကြတာပါ။

ကမ္ဘာ့ လူ့အဖွဲ့အစည်းတိုင်းမှာ သမားရိုးကျဆိုရင် အမျိုးသမီးများဟာ အလှအပ၊ ဆွဲဆောင်မှု ရှိမှု အစရှိတဲ့ အရေပြား တထောက်စာ သဘောနဲ့သာ ညီမျှခြင်း ချခံရတယ်။ အမျိုးသမီး စွမ်းဆောင်ရည်ဟာ အလှထက် ပိုကြောင်း သက်သေ သာဓက ဖြစ်စဉ် မြောက်မြားစွာ ရှိခဲ့၊ ရှိနေလည်း ‘မ’ နဲ့ ‘အလှ’ ဟာ ထပ်တူကျ ပုံဖော်ခံရလျက်ပဲ ရှိနေသေးတယ်။ ကျားကြီးများ ကြီးစိုးရာ မြန်မာပြည်မှာလည်း အလားတူပါပဲ။ ဥပမာ – ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲ ဝင်အရွေးခံ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေရဲ့  ပုံရိပ်မြှင့်တင်ရာမှာကို မဟာဖိုဝါဒီ အတွေးအခေါ် အပုပ်အသိုး ရုပ်ရည် ကိုယ်ခန္ဓာ အလှအသားပေး ပြောချင်၊ ဆိုချင် တင်ဆက်ချင်ကြတာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာများမှာ မမြင်ချင်အဆုံးပါ။

အလှကို ဖန်တီးတတ်ခြင်း၊ မြတ်နိုးတတ်ခြင်းဟာ လူသားပီသမှု လူသားတရား မဟုတ်လား၊ ဒါကို ချီးမြှောက် စင်ပေါ်တင် ယှဉ်ပြိုင် မယ်ကမ္ဘာ၊ မယ်စကြဝဠာ စသဖြင့် သရဖူ ဆောင်းခိုင်းတာ ဘာမှားသလဲ ဆိုရင် မမှားပါဘူး။ ဒါပေမယ့် အမျိုးသမီး ဂုဏ်ရည်ဟာ အပေါ်ယံအလှ၊ လိင်စွဲဆောင်မှု သက်သက် ‘ကျား’ သတ္တဝါကြီးများ တဏှာ အာသာ ငမ်းငမ်းထ အလှကြည့်ခံရာ ရုပ်ဝတ္ထု ပစ္စည်းထက် ပိုကြောင်းကိုတော့ မဟာဖိုသမားများကို မပြတ်သတိပေး ထောက်ပြနေဖို့တော့ လိုပါတယ်။ လူ့အဝန်းအဝိုင်းမှာ အသားကျနေတဲ့ အမျိုးသမီးကို အလှတရားနဲ့သာ တွဲမြင်နေမှု သဘောကိုတော့ အလုံးစံ ပပျောက်အောင် ကြိုးစားရပါမယ်။

တကယ်တော့ ပြည်တွင်းနဲ့ နိုင်ငံတကာ အလှမယ် ပြိုင်ပွဲတွေကလည်း ဒီလို အလှသက်သက် သဘောကို ချေဖျက်နိုင် အောင် တတ်နိုင်သလောက် စွမ်းဆောင်ကြပါတယ်။ ပြိုင်ပွဲ အမှတ်ပေးမှု စည်းမျဉ်းတွေမှာ ရုပ်ရည်၊ ခန္ဓာကိုယ် အချိုးအစား စတဲ့ အပေါ်ယံအလှ တိုင်းထွာချက်တွေ အပြင် ပြိုင်ပွဲဝင် အမျိုးသမီးငယ်များရဲ့  ဉာဏ်ရည် ကိုယ်ရည် ကိုယ်သွေး၊ မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချမှု၊ ပြောရဲဆိုရဲရှိမှု၊ သွက်လက်ချက်ချာမှု၊ ဖြတ်ထိုးဉာဏ်ရှိမှု၊ လူမှု ဆက်ဆံရေး ကောင်းမွန်မှု စတဲ့ လူသားတကိုယ်ရည် ပင်ကိုယ်အရည်အချင်း “Personality” နဲ့ အထွေထွေဗဟုသုတ “General Knowledge” ကိုလည်း စစ်ဆေးတဲ့ မေးခွန်းတွေ၊ လှုပ်ရှားမှု အစီအစဉ်တွေ ထည့်ရပါတယ်။ ဒါပေမယ့် ဒီလို လူ့ အတွင်းသဘော အနှစ် အရည်အသွေးကို ဖော်ထုတ်ပြသနိုင်မှု သတ်မှတ်ချက်တွေ အမှတ်ပေးစည်းမျဉ်းမှာ ထည့်ထားပေမယ့် အမှတ်ရာခိုင်နှုန်း အများစုနဲ့ လူအများ စိတ်ဝင်စားမှု အခံရဆုံးကတော့ အပေါ်ယံခန္ဓာကိုယ်နဲ့ အရေပြား တထောက်စာအလှက အဓိက သဘော ဖြစ်နေလျက်ပါပဲ။

ယထာဘူတ ကျကျ စဉ်းစား၊ မျက်မြင်လက်တွေ့ ဘဝတွေကို ရင်ဘတ်နှလုံးသား၊ ဦးနှောက်မျက်စိတွေ ဖွင့်ကြည့်ပါ။ အမျိုးသမီးများရဲ့ အလုပ်၊ ဝါသနာ၊ စူးနစ်မှု၊ ထူးချွန်မှုဟာ အရေပြား အလှ၊ ခန္ဓာကိုယ် ဖွံ့ဖြိုးမှု၊ ဖက်ရှင်၊ အလှကုန် ပစ္စည်း၊ ဆံပင် အရောင်ဆိုးခြင်း၊ အလှအတွက် ခွဲစိတ်ပြုပြင်မှုထက် အများကြီး ပိုကြောင်း တွေ့ရပါမယ်။ ဒီလို အမှန် ဖြစ်ကြောင်း ကိုလည်း မြန်မာပြည်က အမျိုးသမီးများ သမိုင်း အစဉ်အဆက် စာပေ၊ ဂီတ၊ ပညာ၊ စီးပွား၊ လူမှု၊ နိုင်ငံရေး အားကစား နေရာစုံမှာ ယောက်ျားဘသား ဆိုကြသူများနဲ့ ရင်ပေါင်တန်း၊ တချို့ ပိုမို ထူးချွန်ထက်မြက် ဦးဆောင်မှု ကဏ္ဍ နေရာယူရင်း ပြသနိုင်ခဲ့ကြပြီး ဖြစ်ပါတယ်။
ဒီအချက်ကို အသားပေး “Highlight” လုပ် ရှေ့တန်းတင် ပွဲထုတ်ကာ တချို့နေရာများမှာ အဖြစ် မရှိဘဲနဲ့ “ငါယောက်ျားပဲကွ” ဆိုပြီး နေရာတက်ယူချင်၊ အခွင့်အရေး ပိုလိုချင် နေတဲ့ မြန်မာ ကျားသတ္တဝါ မဟာဖို သမားများ၊ အထူးသဖြင့် လိင်ခွဲခြားမှုအခံအမြင် ဒီဂရီ အပြည့်ရှိလှတဲ့ စစ်အာဏာရှင် စနစ်ဆိုးနဲ့ အမွေခံ စစ်ဗိုလ်ချုပ်ကြီးများ အကျွတ်တရား ရအောင် ကြံဆောင်ရပါမယ်။

မြန်မာပြည်က စစ်ဗိုလ်ကြီးများ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး အာဏာရမှာ မနှစ်လိုခြင်းဟာ အာဏာထိုင်ခုံ မခွာလိုခြင်း၊ စစ်အုပ်စု လူတစု အကျိုးစီးပွား မပျက်လိုခြင် အလိုလောဘ အရင်းခံအကြောင်းကြီးတွေ အပြင် သူတို့ထက် ပိုသိ၊ ပိုတတ်၊ နိုင်ငံတကာမှာ၊ ပြည်တွင်းမှာ ပိုလူရာဝင်၊ ပိုလူချစ်ခင် ထောက်ခံမှု များတဲ့ “အမျိုးသမီး ခေါင်းဆောင်” ဖြစ်တာကြောင့် ဆိုတဲ့ အချက်လည်း ပါပါတယ်။

တကယ်တော့ အမျိးသမီးမို့၊ ထဘီဝတ်မို့ ဘာထူးခြား ယုတ်လျော့ အောက်ကျစရာ ရှိမလဲ။ သုံးတောင်ဝတ်ဝတ်၊ ဆယ်တောင်မကလို့ အတောင်တရာ ဝတ်ဝတ် လူမှာ အကျင့်၊ သီလ၊ သမာဓိ၊ ပညာ ကသာ အခရာကျတာ မဟုတ်ပါလား။ နိုင်ငံရေး၊ အုပ်ချုပ်ရေးမှာ လိင်ခွဲခြားမှုက အဓိက မကျ၊ သမာသမတ်ကျမှု၊ ခေါင်းဆောင်မှု အရည်အသွေး၊ လုပ်ရည်ကိုင်ရည် အရည်အချင်း ရှိမှုနဲ့ ကိုယ့့်ကျင့်သိက္ခာကိုပဲ ယှဉ်နိုင်ရမှာ ပေါ့။ ဒါကိုတော့ စစ်ဗိုလ်ချုပ် အဟောင်းကြီးများ မယှဉ်ရဲ၊ မယှဉ်ဝံ့ကြပါဘူး။ အနည်းဆုံးအဆင့် ရွေးကောက်ပွဲ ဝင်ရောက်ရာမှာ အာဏာရပါတီ တခုလုံး ပိုင်ဆိုင်မှုတွေ၊ ဝင်ငွေတွေ ထင်သာမြင်သာရှိရှိ အများပြည်သူကို ပွင့်ပွင့်လင်းလင်း ချမပြရဲကြ ပါဘူး။

ဆိုချင်တာက မြန်မာ့လူ့အဖွဲ့အစည်းမှာ ပညာ၊ သီလ၊ စိတ္တသတ္တိ၊ ကာယသတ္တိ ဘက်စုံ စွမ်းဆောင်ရည်မြင့်မားလှတဲ့ အမျိုးသမီးကြီးတွေ ကဏ္ဍတိုင်းမှာ ခေတ်အဆက်ဆက်မှာ ရှေ့ပြေး ဦးဆောင်နိုင်ခဲ့ကြပေမယ့် လူမှုသတ်မှတ်ချက် အမြင် သဘောခံယူချက် မှာတော့ ‘မ’ ဆိုရင် ‘ကျား’ ထက် တဆင့်နှိမ့် မြင်နေဆဲ ဖြစ်တယ်။ အမျိုးသမီးဆိုရင် အလှအပ ခံစားမှု အသားပေး၊ ထမင်းချက်၊ အဝတ်လျှော်၊ ကလေးထိန်း အိမ်ထောင့်တာဝန် ထမ်းဖို့ သက်သက်၊ လိင်ဖျော်ဖြေလိုမှု အသုံးချ သက်သက်သာ ယောက်ျားကြီးများ မြင်နေဆဲ ဖြစ်သလို ပုံစံခွက်ထဲမှာ အသားကျပျော်ဝင် ဖိနှိပ်လို့ ဖိနှိပ်ခံနေရမှန်း မသိတဲ့ အမျိုးသမီး အများလည်း ခံယူနေဆဲ ဖြစ်ပါတယ်။ ဒီလို လက်သင့်မခံဖွယ် ရာစုနဲ့ချီ နောက်ပြန်ဆွဲနေတဲ့ အတွေးအခေါ်၊ အမြင်၊ ဓလေ့တွေကိုတော့ တိုင်းပြည်မှာ ပျောက်အောင် အချိန်ယူ တိုက်ဖျက်ရ ပါဦးမယ်။

အခု အလှမယ်ပြိုင်ပွဲတွေ၊ ဖက်ရှင်သရုပ်ပြ အမျိုးသမီးငယ်တွေ ခေတ်စားလာပါတယ်၊ စီးပွားဈေးကွက်မှာလည်း အောင်မြင်၊ ဝင်ငွေရ လူသိများ ခေတ်စားနေပါတယ်။ ပြောင်းလဲလာတဲ့ လူမှု-စီးပွား ရေစီးကြောင်း နောက်ခံကြောင့်ပါ။ ကောင်းပါတယ်၊ ကြိုဆိုရပါမယ်။ ကြော်ငြာနဲ့ အရောင်းမြှင့်တင်ရေး အဓိကကျတဲ့ အရင်းရှင်ဈေးကွက် စီးပွားရေး စနစ်မှာ အမျိုးသမီးငယ် အများအပြား ပင်ကိုယ် အလှအပ၊ အရပ်အမောင်းကို အသုံးချ ကိုယ်ဟန်ပြမယ်တွေ အဖြစ် အသက်မွေး ဝမ်းကျောင်း လာနိုင်တာလည်း ကျင့်ဝတ်ပိုင်းဆိုင်ရာ မေးခွန်းတချို့ ရှိနိုင်ပေမယ့် ဘာပဲဖြစ်ဖြစ် အလုပ်သဘော လက်ခံအပ်ပါတယ်။ မြန်မာအလှမယ်များ ပေါ်ပြူလာဖြစ် လူကြိုက်များမှုကို အသုံးချ လူမှုရေး လုပ်ငန်းတွေမှာ အားတက်သရော ဝင်ရောက် လုပ်ကိုင်နေကြတာလည်း အစွန်းထွက်အကျိုး ဝမ်းသာစရာ တခုပါပဲ။

ဒါပေမယ့် မြန်မာ အမျိုးသမီးငယ်များ “Two Pieces” ရေကူးဝတ်စုံ ဝတ်လျက်ကနေ ခေါင်းမော့ရင်ကော့ပြီး “ငါတို့ဟာ ယောက်ျားကြီးတွေ မျက်စိအရသာခံ၊ တဏှာစိတ်ဖြေဖို့ သက်သက် မဟုတ်ဘူး၊ ငါတို့ ရင်ဘတ်အရွယ်အစားထက် ငါတို့ ဦးနှောက် အရွယ်အစားကို တန်ဖိုးထားတတ်ပါစေ” ဆိုပြီး အသံကျယ်ကျယ် ထွက်ဖို့တော့ လိုနေပါသေးတယ်။ မြန်မာပြည်က ကျနော်တို့ ကျားကြီးများလည်း စိတ်နှလုံးနဲ့ ဦးနှောက် အခြေခံအတွင်းကျကျမှာကို ဒီသဘောကို နားလည် လက်ခံ အမှန်တကယ် လက်တွေ့ ကျင့်သုံးတတ်ဖို့လည်း လိုနေပါသေးတယ်။
နိဂုံးချုပ်ရရင် အနာဂတ်မှာ မြန်မာပြည်ရဲ့ သမီးပျို အလှပဂေး နှမလေးများ မယ်စကြဝဠာ အပါအဝင် နိုင်ငံတကာ အလှမယ် သရဖူများစွာ အများအပြား ဆွတ်ခူးနိုင်ဖို့ ခေတ်လူငယ်မျိုးဆက်သစ် အနေနဲ့ အားပေးကြသလို ကမ္ဘာ့အဆင့် နိုဗယ်လ်ဆုတံဆိပ်ရှင် ကိုယ်ကျင့်ပညာ မြင်မား မြန်မာအမျိုးသမီးကောင်းများ များများ ပေါ်ထွန်းရေး အတွက်လည်း အရေးကြီးပါတယ်။ တိုင်းပြည်မှာ အမျိးသမီးဖိနှိပ် နှိမ့်ချခွဲခြားရေး အလုပ်၊ အကျင့်ဆိုးတွေ ပပျောက်အောင် အသိပညာအမြင် ရေချိန်တွေ မြှင့်ကြဖို့ လိုပါတယ်။ နိုင်ငံရဲ့ အထင်ကရ အမျိုးသမီးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တယောက် နိုင်ငံတကာမှာ ဂုဏ်သိက္ခာမြင့်မား တန်ဖိုးထားလှတဲ့ ငြိမ်းချမ်းရေး နိုဗယ်လ်ဆု ရရှိခဲ့တာ အောက်တိုဘာမှာ ၂၄ နှစ်မြောက်ခဲ့ပါပြီ။

၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲ အပြီး တိုင်းပြည်စနစ် အဖွဲ့အစည်းမှာလည်း အမျိုးသမီးကောင်း အကြီးအငယ်များ ထိုက်တန်တဲ့ ခေါင်းဆောင်နေရာများ ရရှိနိုင်ပါစေ။ ကျား၊ မ၊ လိင်၊ လိင်တိမ်းညွတ်မှု၊ လူမျိုး၊ ဘာသာ၊ အသားအရောင် မတူကွဲပြားမှု အားလုံးအပေါ် ခွဲခြားမှုမရှိတဲ့ ခွင့်တူညီမျှ အမှန်တကယ်ဝါဒ ဖြူစင်တဲ့ အနာဂတ်တိုင်းပြည်ကို မျှော်ရည်လျက် ဧရာဝတီက တဆင့် ဆန္ဒပြုလိုက်ကြောင်းပါ ခင်ဗျား။    ။

(ငြိမ်းချမ်းအေးသည် အွန်လိုင်းမီဒီယာများတွင် မျက်မှောက်ရေးရာနှင့် အထွေထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်။)

Loading