မြန်မာနိုင်ငံမှ ရွေးကောက်ပွဲကို ပြည်သူတို့အတွက် အောင်မြင်မှုတခုအဖြစ် အမေရိကန်နိုင်ငံက ကြိုဆိုခဲ့ပြီး ကျန်ရှိ နေသေး သည့် အရေးယူပိတ်ဆို့မှုများကို ရွေးကောက်ပွဲ ကြောင့် ပယ်ဖျက်ပေးမည့် အလားအလာများ မြင့်တက်လာစေခဲ့သည်။
နိုဝင်ဘာလ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အပေါ်ထောက်ခံအားပေးသည့် အရိပ်အယောင်များ ပြသခဲ့သော် လည်း အမေရိကန် အစိုးရက ဆက်လက်၍ သတိထားနေဆဲဖြစ်ပြီး အရေးယူပိတ်ဆို့မှုများ ထပ်မံပယ်ဖျက်ခြင်း မပြုမီ ဒီမို ကရေစီ လုပ်ငန်းစဉ်များ ရှေ့ဆက်သွားမည့် အနေအထားကို စောင့်ကြည့်မည်ဟု ပြောခဲ့သည်။ အမေရိကန်နိုင်ငံက မြန်မာ နိုင်ငံမှ လူပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်း အဖွဲ့အစည်း ၁၀၀ ကျော်ကို နာမည်ပျက်စာရင်း သွင်းထားဆဲဖြစ်ပြီး မြန်မာနိုင်ငံ တွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှုများကိုလည်း ကန့်သတ်ထားသည်။
မြန်မာနိုင်ငံ၌ ၂၅ နှစ်အတွင်း ပထမဆုံးပြုလုပ်ခဲ့သည့် လွတ်လပ်သော အထွေထွေရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်း လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဝန်ခံခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီး အစိုးရသစ်ဖွဲ့စည်းရန် သေချာစေ ခဲ့သည်။
ရွေးကောက်ပွဲက အားတက်စရာဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လုပ်ငန်းစဉ်အတွက် အရေးပါသော ခြေလှမ်းတရပ် ဖြစ်သည်ဟု အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောရေးဆိုခွင့် ရှိသူ Josh Earnest က ဆိုသည်။
“သေချာတာကတော့ မြန်မာနိုင်ငံက သန်းပေါင်းများစွာသော ပြည်သူတွေဟာ အဓိပ္ပါယ်ပြည့်ဝပြီး ယှဉ်ပြိုင်မှု ရှိတဲ့ ရွေးကောက်ပွဲတခုမှာ ပထမဆုံး အနေနဲ့ မဲပေးခဲ့ကြပါတယ်” ဟု သူက ပြောသည်။
နိုင်ငံခြားသားနှင့် လက်ထပ်ခဲ့ခြင်းကို အကြောင်းပြ၍ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်မလာအောင် အခြေခံ ဥပဒေ ဖြင့် တားဆီးထားခြင်း အပါအဝင် နိုင်ငံရေးစနစ်တွင် အပြစ်အနာအဆာများလည်း ရှိနေသေးကြောင်းနှင့် အမေရိကန် အစိုးရ၏ မူဝါဒပြောင်းလဲမှုကို ဆွေးနွေးရန် အလွန်စောနေသေးကြောင်းလည်း Josh Earnest ကပြောသည်။
လက်ရှိ ကနဦးတွင် တွေ့ရှိရသည့် အခြေအနေများအရ ရွေးကောက်များ ချောမွေ့စွာပြုလုပ်နိုင်ခဲ့သည်ဟု ဆိုနိုင်သော်လည်း ယခုအခါ အများက ယုံကြည်လက်ခံနိုင်လောက်သည့် အသွင်ကူးပြောင်းမှုတခု လိုအပ်သည်ဟု အမေရိကန်နိုင်ငံမှ အာရှ ရေးရာ ထိပ်တန်း သံတမန်တဦးက ပြောသည်။
အမေရိကန် အစိုးရ အရှေ့အာရှ ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Daniel Russel က“ နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်ခဲ့တဲ့ စစ်အာဏာရှင် စနစ် နောက်ပိုင်းမှာ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ရှေ့ဆက်သွားဖို့ ဒီရွေးကောက်ပွဲက အလွန် အရေးပါတဲ့ အဆင့်တခု ဖြစ်ပါတယ်” ဟု ပြောသည်။ သို့သော်လည်း “ အခု ခက်ခဲတဲ့ အစိတ်အပိုင်းကို ရောက်ရှိ လာပါပြီ” ဟု သူက ထပ်ပြောသည်။
ရွေးကောက်ပွဲနှင့် ပတ်သက်၍ အလုံးစုံကို အကဲဖြတ်သတ်မှတ်ရန် သို့ မဟုတ် ရွေးကောက်ပွဲကြောင့် အမေရိကန် အစိုးရ၏ ကျန်ရှိဆဲ အရေးယူပိတ်ဆို့မှုများ ပယ်ဖျက်ပေးခြင်း ဖြစ်လာနိုင်ခြင်း ရှိမရှိကို ပြောဆိုရန် အလွန်စောနေသေးသည်ဟု Daniel Russel ကဆိုသည်။
“တခြားသော ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုတွေ ရှိလာရင်၊ အများက ပိုမိုယုံကြည်စရာ၊ လေးစားစရာ နိုင်ငံရေး ဖြစ်စဉ် တွေရှိလာရင် ထောက်ခံမှုတွေ ပိုမိုများပြားလာတာ၊ အမေရိကန် အစိုးရအတွက် အခက်အခဲတွေ ပိုနည်းသွားတာတွေ ဖြစ် လာပါမယ်။ မြန်မာအစိုးရသစ်တခုကို တက်တက်ကြွကြွ ထောက်ခံဖို့အတွက် တခြား အစိုးရတွေကလည်း ကျနော်တို့ရဲ့ မူ ဝါဒတွေက တဆင့် ချိန်ညှိ ဆောင်ရွက်ကြမယ်လို့ ကျနော်ထင်ပါတယ်” ဟု သူကဆိုသည်။
မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် စစ်တပ်ခေါင်းဆောင်ပိုင်းကလည်း ရွေးကောက်ပွဲရလဒ်ကို လက်ခံမည်ဖြစ်ကြောင်း ထပ်မံ အတည်ပြုပြောကြားခဲ့သည်ဟု အမေရိကန် တာဝန်ရှိသူများက ဆိုသည်။
“အမေရိကန် ပြည်ထောင်စုနဲ့ နိုင်ငံတကာအသိုင်း အဝိုင်းကလည်း သူတို့ ကတိ တည်မတည်ကို အလေးထားစောင့်ကြည့် နေကြမယ်လို့ ကျနော် ယုံကြည်ပါတယ်” ဟု Daniel Russel က ပြောသည်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ သို့သော်လည်း စစ်တပ်က ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့ပါ။
အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့ အရပ်သားတပိုင်း အစိုးရ အာဏာရရှိလာခဲ့သည့် ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံ အပေါ်ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို ပယ်ဖျက်ခြင်း၊ ဆိုင်းငံ့ခြင်းများ ပြုလုပ်ပေးခဲ့သည်။
အာရှတွင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှု မြင့်တက်လာခြင်းကို တုန့်ပြန်သည့် အနေဖြင့် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို တိုးချဲ့ရန် နှင့် ကမ္ဘာပေါ်မှ အလားအလာ အကောင်းဆုံး ဖွံ့ဖြိုးဆဲ ဈေးကွက် များထဲမှ တခု ဖြစ်သည့် မြန်မာနိုင်ငံက စီးပွားရေးတံခါးဖွင့်လာချိန်တွင် အခွင့်ကောင်းရယူနိုင်ရန် စိတ်အားထက်သန်နေသည်။
သို့သော်လည်း သမ္မတ အိုဘားမား၏ အစိုးရနှင့် ကွန်ဂရက်လွှတ်တော် အတွင်းမှ သြဇာကြီးသည့် ပုဂ္ဂိုလ်များက ရိုဟင်ဂျာများ အပေါ်ဆက်ဆံမှု အပါအဝင် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး အခြေအနေများကို စိုးရိမ်နေကြဆဲ ဖြစ်သည်။
မြန်မာနိုင်ငံမှ အကြီးဆုံး စီးပွားရေး လုပ်ငန်းရှင် အချို့ပါဝင်နေသည့် နာမည်ပျက်စာရင်းက အမေရိကန် ရင်းနှီးမြှုပ်နှံမှုများကို အကန့်အသတ်ဖြစ်စေခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုက မြန်မာနိုင်ငံတွင် သြဇာလွှမ်းမိုးမှုကို ထိန်းသိမ်း ထားနိုင်ရေးအတွက် အလွန် အရေးပါသည်ဟု အမေရိကန် သံတမန်များက ယူဆထားကြသည်။
မြန်မာ- အမေရိကန် ကုန်သွယ်မှု ပမာဏ က ၂၀၁၀ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၀ သန်းထက်နည်းပါး ခဲ့ရာမှ ပြီးခဲ့ သည့် နှစ်တွင် အမေရိကန် ဒေါ်လာ ၁၈၅ သန်းကျော် အထိ မြင့်တက်လာခဲ့သည်။ ထိုသို့ တိုးတက်ခဲ့သော်လည်း အာရှ နိုင်ငံများက လွှမ်း မိုးထားသည့် အမေရိကန် ဒေါ်လာ ၂၇ ဘီလီယံ တန်ဘိုးရှိသော မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးတွင် အလွန်သေးငယ်သော အစိတ် အပိုင်းမျှသာ ရှိနေပါသေးသည်။
Citigroup Inc ၊ Bank of America၊ HSBC နှင့် PNC Financial တို့ အပါအဝင် ဘဏ်အမြောက်အများက မြန်မာနိုင်ငံ နှင့်ပတ်သက်၍ ကုန်သွယ်ရေး ငွေကြးကျောထောက် နောက်ခံပေးမှု ကို လျှော့ချ ဖြတ်တောက်လိုက်ပြီး နောက်ပိုင်း ပြီးခဲ့သည့် လများအတွင်းတွင် မြန်မာနိုင်ငံသို့ အမေရိကန်မှ ကုန်တင်ပို့မှု နှေးကွေးသွားခဲ့ရသည်ဟု အရေးယူပိတ်ဆို့မှု ဆိုင်ရာ ရှေ့နေများနှင့် အဆိုပါကိစ္စနှင့် နီးစပ်သည့် အခြားသူများ၏ အဆိုအရသိရသည်။
ကုန်သွယ်ရေးဆိုင်ရာ စာရွက်စာတမ်းများကိုလေ့လာရင်း ရန်ကုန်မြို့၏ အဓိကဆိပ်ကမ်းတခုကို ထိန်းချုပ်ထားသူမှာ မြန်မာစစ်တပ်နှင့် နီးစပ်မှုရှိသည်ဟု သံသယရှိသောကြောင့် အမေရိကန် အစိုးရက အရေးယူပိတ်ဆို့မှုစာရင်းတွင် ထည့် သွင်းခြင်း ခံထားရသည့် စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် ဖြစ်ကြောင်း ဇွန်လ အတွင်းတွင် Citigroup က သတိပြုမိခဲ့သည်ဟု သူတို့က ဆိုသည်။
အမေရိကန် ဘဏ္ဍာရေးဌာနမှ အရေးယူပိတ်ဆို့မှုဆိုင်ရာ အကြံပေးဟောင်း Peter Kucik က အကယ်၍ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးက ချောချောမွေ့မွေ့ ဆက်သွားခဲ့လျှင် အမေရိကန်တာဝန်ရှိသူများကလည်း နာမည်ပျက်စာရင်းမှ ပယ်ဖျက်ရေး ကိစ္စများကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးကြဖွယ်ရှိပြီး အမေရိကန် စီးပွားရေး လုပ်ငန်းများအဆင်ပြေ စွာ လုပ်ကိုင်နိုင်စေမည့် နည်းလမ်းဥပဒေများကို ထုတ်ပြန်ပေးဖွယ်ရာရှိသည်ဟု ပြောသည်။
“ဥမင်အဆုံးမှာ ပြည်သူတွေ အလင်းကို မြင်နိုင်ရမယ်ဆိုတာကို သေချာဖို့ သူတို့ လုပ်ရပါမယ်” ဟု သူက ပြောသည်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးဟောင်း Jose W. Fernandez က စစ်ဘက်အာဏာပိုင်များနှင့် ၎င်းတို့ ၏ မဟာမိတ်များ အနေဖြင့် ဒီမိုကရေစီနှင့် အညီ နေထိုင်ပြုမူခြင်းအတွက် ဆုလာဘ် အနေဖြင့် နာမည်ပျက်စာရင်းမှ လွတ် မြောက်ရန် အခွင့်အရေး ရကြလိမ့်မည်ဟု ပြောသည်။ သူက မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့သည့် မူဝါဒချမှတ်ရာတွင် အဓိက ပါဝင်ခဲ့သူ တဦးဖြစ်သည်။
“အမေရိကန် ရဲ့ နာမည်ပျက်စာရင်းကနေ ထွက်ချင်နေတဲ့သူတွေ ရှိနေခဲ့တာ ကြာပါပြီ။ အမေရိကန်အစိုးရက အလေးထား စောင့်ကြည့်မှုကို သေသေချာချာ လုပ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ အပြုအမှုမှန်သမျှကို အမေရိကန် အစိုးရက သတိပြုမိတာနဲ့ အမျှ ပိုမိုလွယ်ကူသွားပါလိမ့်မယ်” ဟု သူက ပြောသည်။