ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ် ရိပ်သာလမ်းသွယ်ရှိ နေအိမ်တအိမ်၌ အသက်မပြည့်သေးသည့် မိန်းကလေးငယ် တဦးကို အဝတ်ဗလာ ချွတ် ကြိုးတုပ် ရိုကက်နှက်ခဲ့သည်ဆိုသော အမျိုးသမီးကို အရေးယူနိုင်ရန်နှင့် ထိုမိန်းကလေးငယ် အသက်အန္တရာယ် ကင်းရှင်းရေး အတွက် ဗဟန်း ရဲစခန်း က လိုက်လံစုံစမ်း ရှာဖွေနေကြောင်း သိရသည်။
ဗဟန်း ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး အေးမင်းသိန်းက“ကျနော်တို့တွေ အဝေးပြေး ကားဂိတ်တွေနဲ့ သက်ဆိုင်ရာ ကားဂိတ်တွေမှာလည်း လိုက်လံရှာဖွေနေပါတယ်။ နောက်ပြီး လက်ရှိမှာ ကလေးငယ်အတွက် အန္တရာယ် မဖြစ်အောင် ကူညီနိုင်ဖို့ ကြိုးစားနေပါတယ်။ အိမ်ရှင်တွေက အမျိုးသမီးနဲ့ ကလေးနေတဲ့ အတိအကျ မသိတော့ ရှာဖွေရတာတော့ ခက်ခဲပါတယ်။ တောင်ငူရဲ့ ဘယ်လိုနေရာမှာ နေတာလဲ။ ဘယ်ရွာမှာ နေတာလဲဆိုတာ စုံစမ်း ရမှာပါ”ဟု ပြောသည်။
ဒုရဲမှူး အေးမင်းသိန်း၏ ပြောကြားချက်အရ လက်တလောတွင် ရဲ ဌာန ဘက်မှ တရားလိုပြုလုပ်ပြီး တရားစွဲဆိုရန် မရှိသေးကြောင်း၊ ခေါ်ဆောင်သွားသည့် အမျိုးသမီးနှင့် မိန်းကလေးငယ်ကို အမြန်ဆုံးတွေ့နိုင်ရန်သာ ရှာဖွေနေကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဗဟန်းမြို့နယ် တက္ကသိုလ် ရိပ်သာလမ်းသွယ်ရှိ တိုက်အမှတ် 25(C/4) နေအိမ် လိပ်စာဖြင့် အသက် ၈ နှစ် အရွယ် မိန်းကလေးငယ် တဦး ဒူးထောက်လျက် ထိုမိန်းကလေးငယ်၏ လက်နှစ်ဘက်ကို အမျိုးသမီး တဦးက နောက်ပြန်ကြိုးတုတ်နေ သည့် ဓာတ်ပုံများနှင့်အတူ မိန်းကလေးငယ်အား နေ့စဉ်ဆိုသလို ရိုက်နှက်နေကြောင်း ရေးသားထားသည့် စာသားများ ဖေ့စ်ဘုတ် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက လာရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ရာမှ ယခုကဲ့သို့ ရဲ တပ်ဖွဲ့က စုံစမ်းလာခြင်း ဖြစ်သည်။
ဓာတ်ပုံများထဲတွင် တခြားအမျိုးသမီးတဦးက ရပ်ကြည့်နေပြီး ၎င်းအမျိုးသမီး၏ ဘေးတွင် အိမ်ရှင်ကလေးငယ် ဖြစ်ဟန်တူသော မိန်းကလေးငယ်တဦးကလည်း အတူရပ်ကြည့်နေသည်ကို တွေ့ရသည်။
ယင်းအိမ်ကို ပိုင်ဆိုင်သူသည် လက်ရှိ အမျိုးသား လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ကျော်နုမောင်၏ နေအိမ်ဖြစ် ကြောင်း၊ လက်ရှိ နေအိမ်တွင် အိမ်ရှင်အမျိုးသား မရှိဘဲ မကြာခင် ရက်ပိုင်းလောက်ကမှ ဗိုက်ခွဲ ကလေးမွေးဖွားထားသည့် အိမ်ရှင် အမျိုးသမီးနှင့် အမျိုးသမီး၏ မိခင်၊ အသက် ၁၄ ရက်သား အရွယ် ကလေးငယ်၊ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်ရှိကြောင်း၊ အိမ်တွင် ကူညီလုပ်ကိုင်ပေးရန် ဒေါ်သန်းနွဲ့ အပါအဝင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတဦး နှင့် ဓာတ်ပုံထဲတွင် မြင်ရသည့် ရိုက်နှက် ခံထားရသော အသက် ၈ နှစ်အရွယ် မစုဝေ တို့ကို ခေါ်ထားကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
ယင်းဖြစ်စဉ်ကို တရားဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဆိုလျှင် အိမ်ရှင်နှင့် ရိုက်နှက်သည့် အမျိုးသမီးကိုပါ အရေးယူနိုင်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောသည်။
“အိမ်ရှင်ဆိုတာ ဖြေရှင်းပေးရမှာ၊၊ ဒါကို မတားမြစ်တဲ့အတွက် အားပေးကူညီရာ ရောက်တဲ့အတွက် တရားစွဲလို့ရတယ်။ နောက်ပြီး အရေးယူရမယ့် အခြေအနေဖြစ်နေရင် ပြည်သူ့ဝန်ထမ်းတွေကို တိုင်ကြားရမယ်။ ဒါကို အိမ်ရှင်က မတိုင်ကြားတဲ့အတွက် သတင်း ထိန်ချန်မှု မြောက်တယ်။ ရိုက်နှက်တဲ့ အမျိုးသမီးကိုလည်း ကလေးသူငယ် ဥပဒေနဲ့ တရားစွဲ ရမယ်။ အမှု ဖြစ်မြောက်ပြီ ဆိုတာနဲ့ လူမှုဝန်ထမ်း ဦးစီးဌာနနဲ့ ညှိနှိုင်းပြီး ကျူးလွန်သူ မတွေ့သေးပေမယ့် ရဲက တရားလို ပြုလုပ်ပြီး တရားစွဲလို့ ရနေပြီ”ဟု ဦးရောဘတ် စန်းအောင်က ဆိုသည်။
အသက် ၈ နှစ်အရွယ် ကလေးငယ်ကို အဝတ်ဗလာဖြင့် နေပူလှမ်းခြင်း၊ ကြိုးတုပ် ရိုက်နှက်ခြင်း၊ ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ် စက်ခြင်း လုပ်ဆောင်ခဲ့သည့် ဓာတ်ပုံများ ဖေ့ဘုတ်ခ် စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီးနောက် သက်ဆိုင်ရာ အိမ်သို့ ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့နှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့က ယမန်နေ့ညနေပိုင်းက သွားရောက် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း စုံစမ်းသိရှိရ သည်။
“သူတို့ ပြောပုံ အရ ကလေးကို ရိုက်နေတာက ကလေးမရဲ့အဒေါ် ဒေါ်သန်းနွဲ့လို့ ပြောတယ်။ ဒါပေမယ့် ကျနော်တို့ သွားတော့ ကလေးရော၊ ကလေးအဒေါ်ဆိုတဲ့ ဒေါ်သန်းနွဲ့ရော မနက် ၁၁ နာရီကတည်းက ထွက်သွားပြီလို့ ပြောတယ်။ မသွားခင် အိမ်ရှင်က ငွေ တသောင်း ပေးလိုက်တယ်။ ဘာအဝတ်ထုပ်မှ မယူသွားဘူးလို့ ပြောတယ်”ဟု ယင်းအိမ်သို့ သွားရောက်ခဲ့သည့် ဗဟန်းမြို့နယ် နယ်ထိန်း ရဲ တာဝန်ခံ ဝေမျိုးသန့်က ပြောသည်။
နယ်ထိန်းရဲ တာဝန်ခံ ဝေမျိုးသန့်၏ ပြောကြားချက်အရ အရိုက်ခံရသည့် မိန်းကလေးငယ် မစုဝေ ကို လွန်ခဲ့သည့် နှစ်လခန့်က အိမ် တွင် သန့်ရှင်းရေး လုပ်ကိုင်သည့် အဒေါ်ဖြစ်သူ ဒေါ်သန်းနွဲ့က ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်း၊ အိမ်ရှင် သက်တူ မိန်းကလေးငယ်နှင့် အဖော်ရရန်ရည်ရွယ်ပြီး ခေါ်ဆောင်ထားခြင်း ဖြစ်ကြောင်း၊ အိမ်တွင်ရှိသည့် မုန့်များခိုးစားသည့်အတွက် ဒေါ်သန့်နွဲ့မှ ခေါ်ယူရိုက် နှက်နေစဉ်တွင် ဓာတ်ပုံအရိုက် ခံလိုက်ရခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် ဒေါ်သန်းနွဲ့က ၎င်းသဘောဖြင့် တူမဖြစ်သူ မစုဝေ ကို နံနက် ၁၁ နာရီခန့်က ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း သိရသည်။
လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးမှ ကလေးသူငယ် ဆိုင်ရာ တာဝန်ခံ ရဲမှူး အမ်ခေါင်ဒင်ကလည်း ယင်းအိမ်သို့ သွားရောက် စစ်ဆေး မှုများ လုပ်ဆောင်ခဲ့သည်။
မျက်မြင်ကိုယ်တွေ့ ကြုံရသူ ဖြစ်သည့် ဦးစည်သူက“ကျနော်က အဲဒီအိမ်နဲ့ ကပ်လျက်အိမ် အတွက် ကားမောင်းပေးတာပါ။ အဲဒီအိမ် မှာ ကျနော်ပုံမှန်ရှိနေတဲ့ အချိန်က မနက် ၉ နာရီကနေ ၁၁ နာရီခွဲအထိပါ။ အဲဒီ အချိန်လေးမှာကို တဖက်အိမ်က ကလေး အရိုက် ခံနေရတာကို ကြားနေရတာပါ။ ပထမတော့ သတိမထားမိဘူး။ နောက်မှ သတိထားကြည့်မိတော့ ကလေးကို အကျႌချွတ်ပြီး နေလှန်း တာ၊ ပါးစပ်ထဲ ဆားထည့်လောင်းတာ၊ ကြိုးတုပ် ရိုက်တာတွေ တွေ့ရတာပါ။ ဒါနဲ့ ကျနော် သတိထား စောင့်ကြည့်မိလာတာပါ။ အခုဆို ရက် ၂၀ လောက် ရှိပါပြီ။ ကျနော် သွားပြောသေးတယ်။ ကျနော်နဲ့ စကားများခဲ့ရတယ်။ အခု ကျနော် မကြည့်ရက်တော့လို့ ဓာတ်ပုံ ရိုက်ပြီး ရဲစခန်းတိုင်ခဲ့တာပါ။ ဒါပေမယ့် ဖေ့စ်ဘုတ်ပေါ် တင်တာတော့ ကျနော်မဟုတ်ပါဘူး”ဟု ပြောသည်။
ယင်းအခြေအနေများနှင့် ပတ်သက်၍ နေအိမ်သို့ သွားရောက်ပြီး အိမ်ရှင်များနှင့် တွေ့ဆုံရန် ဧရာဝတီက ကြိုးစားခဲ့သော်လည်း အိမ် ရှင် နေမကောင်းဟု ဆိုကာ တွေ့ဆုံခွင့် မရခဲ့ပေ။
လတ်တလော အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးထွန်းမြင့်က ယင်းကိစ္စရပ်နှင့် ပတ် သက်ပြီး ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူနိုင်ရန် ဗဟန်းမြို့နယ် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း ပြောသည်။
“အဒေါ်နဲ့ တူမ ပြန်သွားတာနဲ့ ဒီကိစ္စက ပြီးသွားလို့ မရပါဘူး။ တရားလက်မဲ့ လုပ်ဆောင်မှုကို တရားဥပဒေအရ ရဲက အမှုဖွင့်ရမှာပါ။ တရားဥပဒေအတိုင်း အမှုဖွင့်နိုင်ဖို့ ကျနော်တို့က စောင့်ကြည့်မှုတွေ လုပ်နေမှာပါ။ တရားဥပဒေအတိုင်း မသွားရင်တော့ ကျနော်တို့ဘက်က လိုအပ်သလို ကူညီဆောင်ရွက်သွားဖို့ ရှိပါတယ်”ဟု ဦးထွန်းမြင့်က ပြောဆိုသည်။