ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) က ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA) ကို လာမည့် နိုဝင်ဘာ ၂၃ ရက် ၌ နေပြည်တော်တွင် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းလိုက်ကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ယနေ့မွန်းလွဲ ၂ နာရီက UPWC အဖွဲ့ဝင်ဖြစ်သူ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင် SSPP/SSA ၏ ဗဟိုကော်မတီဝင် တဦးဖြစ်သည့် စဝ်နော်လိတ် တို့ ရန်ကုန်မြို့ အလုံမြို့နယ် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနရုံးတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
“ဒီနေ့ကျနော်တို့ ဘာမှမဆွေးနွေးခဲ့ဘူး။ ကျနော်ကို ဖိတ်စာလာယူဖို့ ကမ်းလှမ်းလာတာပါ။ ကျနော်တို့ကို ကော်မတီဖွဲ့ပြီး ထပ်လာ တွေ့ဖို့ ပြောပါတယ်။ တနလာၤနေ့ နေပြည်တော်မှာ ဦးအောင်မင်းနဲ့ ဦးသိန်းဇော်တို့ကို လာတွေ့ဖို့ ပြောပါတယ်”ဟု စဝ်နော်လိတ်က ဧရာဝတီကို ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တွေ့ဆုံပါက လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ပေးရန်၊ အစိုးရတပ်မှ သဘောထားကြီးစွာ ပြန်လည်ဆုတ်ခွာပေးရန် ညှိနှိုင်းပြောဆိုမည်ဖြစ်ကြောင်း စဝ်နော်လိတ်က ဆိုသည်။
လက်ရှိအချိန်၌ အစိုးရ တပ်မတော်နှင့် SSPP/SSA တို့အကြား တိုက်ပွဲများ ရပ်ဆိုင်းခဲ့သည်မှာ ၂ ရက်ရှိပြီဖြစ်ကြောင်း SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဆုကလည်း ဧရာဝတီကို ပြောသည်။
အစိုးရ တပ်မတော်နှင့် SSPP/SSA တို့အကြား အောက်တိုဘာ ၆ ရက်မှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး၊ တိုက်ပွဲဖြစ်ပွားနေသည့် တလကျော် ကာလအတွင်း ရှမ်းပြည်နယ်အတွင်းရှိ တောင်ကြီး၊ မိုင်းရှူး၊ လဲချား၊ နမ့်စန်၊ လားရှိုး၊ မိုင်းနောင်မြို့နယ်များတွင် ထွက်ပြေး တိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ဒုက္ခသည် ၁၀,၀၀၀ ကျော် ရှိလာပြီး တချို့စစ်ဘေးရှောင်များသည် ကျေးရွာများတွင် ပိတ်မိနေသေးကြောင်း သိရှိရသည်။