Politics

ပြည်နယ်၊ တိုင်းဒေသ အစိုးရတွေ လုပ်ပိုင်ခွင့် ပိုရလာနိုင်မလား

This article has been converted from Zawgyi One to Unicode

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်ရာ၌ ပြည်နယ်နှင့် တိုင်းဒေသ အစိုးရများအား လုပ်ပိုင်ခွင့် ပိုမိုရရှိနိုင်ရေး အချက်များကို ထည့်သွင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ နှင့်နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်း တခုကို အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ နိုဝင်ဘာလ ၁၈ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့စဉ် ပြည်နယ်နှင့် တိုင်းဒေသ အစိုးရများအား လုပ်ပိုင်ခွင့် ပိုမိုပေးနိုင်မည့် အချက်များကို ထည့်သွင်းထားကြောင်း အမျိုးသား စီမံကိန်း ဝန်ကြီးဌာနမှ ဒု ဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ပြောဆိုခဲ့သည်။

ဗဟိုအစိုးရ အနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသ အစိုးရများကို လုပ်ပိုင်ခွင့်များ ခွဲဝေပေးနိုင်မည့် အခွင့်အာဏာနှင့် စပ်လျဉ်းသည့် ပြဌာန်းချက်များအား ထည့်သွင်းထားသည်ဟု ပြောဆိုသော်လည်း မည်ကဲ့သို့ လုပ်ပိုင်ခွင့်များ ပေးမည်ဆိုသည်ကို တိကျသည့် ရာခိုင်နှုန်း ကိန်းဂဏန်းများ မပါဘဲ ယျေဘုယျဆန်ဆန် တင်ပြသွားခြင်းဖြစ်၍ အပေါ်ယံ ပြောဆိုမှုသာ ဖြစ်နေသေးကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဧရာဝတီကို ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက “အမှန်တော့ ဒီဥပဒေဟာ ဗဟိုက ချုပ်ကိုင်တာကို နည်းနည်းလျော့ချဖို့ ခွင့်ပြုတယ် ဆိုတာလောက်ပါပဲ၊ အတိအကျ ဘယ်ပမာဏထိ ပေးမယ်ဆိုတဲ့ဟာမျိုး မဟုတ်ပါဘူး၊ ပြည်နယ်၊ တိုင်းအစိုးရတွေ လုပ်ပိုင်ခွင့်တွေ ဘယ်လောက်ရမယ်ဆိုတာကတော့ နောက်တက်လာမယ့် အစိုးရအပေါ်မှာပဲ မူတည်ပါတယ်” ဟု ဆိုသည်။

ပြည်နယ်၊ တိုင်း အစိုးရများအား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများကို စိစစ်ခွင့်ပြုပေးပါက ရင်းနှီးမြှုပ်နံှမှု လုပ်ငန်းများ ပိုမို မြန်ဆန်လာမည်ဖြစ်ကာ ပြည်နယ်၊ တိုင်းဒေသအားလုံး အချိုးညီစွာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ဥပဒေ ပြင်ဆင်ရေးကို တင်သွင်းရခြင်း ဖြစ်ကြောင်း ဒု ဝန်ကြီးက လွှတ်တော်၌ တင်ပြခဲ့သည်။

သို့သော် ပြည်နယ်၊ တိုင်းဒေသ အစိုးရများအား လုပ်ပိုင်ခွင့်များ တိုးပေးနိုင်ရေး ဆောင်ရွက်မည်ဟု ဆိုသည့်တိုင် ဗဟို အစိုးရ၏ သဘော တူညီချက်ဖြင့်သာ ခွဲဝေသတ် မှတ်ပေးနိုင်မည်ဟု ဥပဒေကြမ်း၌ ကန့်သတ်ထားသေးသည်။ ထိုရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းအား ပြင်ဆင်ရေးနှင့် ပတ်သက်၍ လွှတ်တော်၌ မကြာမီ ဆွေးနွေး အတည်ပြုနိုင်ဖွယ်ရှိပြီး၊ လာမည့် အစိုးရသစ် လက်ထက်၌သာ အသက်ဝင်လာနိုင်မည်ဟု သိရသည်။

ဗဟိုအစိုးရ အနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသ အစိုးရ များအား လုပ်ပိုင်ခွင့် ပေးမည်ဆိုသည်ကို ကြိုဆိုကြောင်း၊ သို့သော် မည်မျှ အတိုင်းအတာထိ လုပ်ပိုင်ခွင့် ပေးမည်ဆိုသည်က ပို၍ အရေးကြီးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

ဦးဖေသန်းက “အဓိကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ပြည်နယ်၊ တိုင်း အစိုးရတွေက တိုက်ရိုက် လုပ်ပိုင်ခွင့်ရမယ်ဆိုရင် ကျနော်တို့ဒေသတွေအတွက် အများကြီး အကျိုးရှိမှာပါ၊ တဆင့်ခံ ရင်းနှီးမြှုပ်နှံမှုနဲ့တော့ ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။

အထူးသဖြင့် ဆိပ်ကမ်းများရှိသည့် ဒေသများ၌ တိုက်ရိုက် ကုန်သွယ်ခွင့် ရရှိမည်ဆိုပါက ပိုမို အကျိုးရှိမည်ဖြစ်ပြီး၊ ဖွံဖြိုးမှု ပိုမို မြန်ဆန်လာနိုင်ဖွယ်ရှိကြောင်း၊ ထို့ကြောင့် နောင်လာမည့် အစိုးရသစ်သည် ပြည်နယ်၊ တိုင်း အစိုးရများ အတွက် အပြည့်အ၀ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ခွင့် ပေးသင့်ကြောင်း ကိုယ်စားလှယ်များက ပြောသည်။

လက်ရှိ အစိုးရသည် ဒီမိုကရေစီ အစိုးရဟု ဆိုသော်လည်း အရေးပါသည့် ကဏ္ဍ အားလုံးကို ဗဟိုချုပ်ကိုင်မှု စနစ်ဖြင့် ချုပ်ကိုင် ဆောင်ရွက်နေသည့်အတွက် တိုင်းရင်းသားဒေသများ၌ သိသာသည့် တိုးတက် ပြောင်းလဲမှု မရှိသေးကြောင်း၊ လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်နိုင်သေးသော်လည်း၊ ၂၀၁၆ ခုနှစ်အတွင်း အသစ် တက်လာမည့် အစိုးရသစ် လက်ထက်တွင် ပြည်နယ်၊ တိုင်းသေဒ အစိုးရများအတွက် လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ခွင့် အတိုင်းအတာတခုအထိ ရရှမည်ဟု မျှော်လင့်ကြောင်းလည်း ကိုယ်စားလှယ်များက ပြောသည်။

Loading