Politics

ဂယက်ထသွားတဲ့ “သမိုင်းတွင်မယ့် ညတည”

This article has been converted from Zawgyi One to Unicode

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့မြေး နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်က သူ့ရဲ့ ဖေ့ဘုတ်စ် စာမျက်နှာမှာ“ဒီနေ့ည သမိုင်းတွင်မယ့် ညတည”လို့ ရေးလိုက်တာကြောင့် သူတို့ ၂ ယောက် တကယ်တွေ့မတွေ့ဆိုတဲ့ သတင်းနဲ့ ဘာကြောင့်တွေ့ရတယ်ဆိုတဲ့ ခန့်မှန်းချက်တွေက လူမှုကွန်ရက်တွေမှာ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။

နောက်ပိုင်းမှာ သူတို့ ၂ ယောက် တကယ်တွေ့ခဲ့တယ် ဆိုတာကို ဘီဘီစီနဲ့ The Voice မီဒီယာတွေက အတည်ပြုပေးခဲ့ပါတယ်။

အဲဒီ နိုဝင်ဘာလ ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် လွှတ်တော်မှာ နိုင်ငံတကာက သံတမန်တွေနဲ့ တွေ့ဆုံခဲ့ပြီး နောက်ပိုင်း ဖိုးလပြည့်ရဲ့ ခွင့်တောင်းမှုအရ သူ့ရဲ့ နှင်းဆီစံအိမ်မှာ ညပိုင်း လက်ခံတွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တွေ့ဆုံပြီး နောက်ပိုင်းမှာ“ဒီနေ့ည သမိုင်းတွင်မယ့် ညတည”လို့ သူ့ဖေ့ဘုတ်စ် စာမျက်နှာမှာ တင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ အဲဒီစာကြောင်းကို တင်ပြီး ပြန်ဖြုတ်ခဲ့သလို အခုလည်း ပြန်တင်ထားတာ တွေ့ရပါတယ်။

သတင်းထောက် တော်တော်များများဟာလည်း ဒီစာတကြောင်းကြောင့် တော်တော်လေး အလုပ်ရှုပ်ကြသလို နိုင်ငံရေး သမားတွေဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး အခြေအနေကို စိတ်ပူခဲ့ကြပါတယ်။
“အဲဒီနေ့ညက သူ့ (နေရွှေသွေးအောင်)က သူဟာသူ ဖေ့ဘုတ်စ်လျှောက်တင်တာ။ သမိုင်းတွင်မယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ တပ်က ထိန်းလိုက်သလိုလိုနဲ့ အများစုက စိတ်ပူပြီး ဖုန်းတွေလည်း ဆက်ကြတယ်။ တကယ်တော့ ဘာမှမဟုတ်ဘူး။ သူ အရှုးထတာ”လို့ နေပြည်တော်က NLD အမတ်တဦးက ပြောပါတယ်။
အဲဒီလို သူတို့ ၂ ယောက် တွေ့ဆုံခဲ့လို့ မြန်မာ့နိုင်ငံရေးမှာ အာဏာကူးပြောင်းနိုင်ဖို့အတွက် နိုင်ငံရေးအရ အရေးကြီးလာတယ်လို့ ဆိုပြီး လူတချို့က ထင်မြင်ကြသလို တချို့ကလည်း ဖိုးလပြည့်ကို တပ်မတော် အကြီးအကဲဟောင်း ဖြစ်သူ ဦးသန်းရွှေက လွှတ်လိုက်တာလို့ ထင်မြင်နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းထားတဲ့ ၄ ပွင့်ဆိုင် မတွေ့ဆုံနိုင်ခင်မှာ ဒီလို တွေ့ကြတော့ အသက်အရွယ် ကြီးရင့်ပြီဖြစ်ပြီး သူ့မိသားစု နောင်ရေးကို စိုးရိမ်နေပုံရတဲ့ ဦးသန်းရွှေဟာ NLD ရွေးကောက်ပွဲမှာ အနိုင်ရလာပြီးနောက်ပိုင်း လူထုရဲ့ Mandate ရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီကို ငြိမ်းချမ်းရေး သံလွင်ခက် ကမ်းလှမ်းလိုက်တာပါလား ဘာလား သို့လော သို့လော တွေးထင်ကုန်ကြပါတယ်။

တပ်မတော်နဲ့ နီးစပ်သူတွေရဲ့ ပြောစကားအရ ဒီကိစ္စကို ဦးသန်းရွှေလည်း မခိုင်းသလို တပ်မတော်ကလည်း မသိဘူးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်ကို အတည်ပြုဖို့ ကြိုးစားခဲ့တဲ့ နိုင်ငံခြား သတင်းထောက်တဦးကလည်း “တပ်က ပြောတာက သူ့တို့ အတွက်ကတော့ မလိုအပ်ဘူးတဲ့။ အခြေခံ ဥပဒေလည်း ရှိနေပြီ။ သူဟာနဲ့သူ အေးအေးဆေးဆေး ဖြစ်လာလိမ့်မယ်လို့ ပြောတယ်။ ဆိုလိုတာက သူ့ကို သူတို့လွှတ်တာ မဟုတ်ဘူး။ သူစိတ်ကူးနဲ့သူ လျှောက်လုပ်ပြီး အစွန်ထုတ်နေတဲ့သဘောပဲ။ နိုင်ငံရေး ပိုးထနေတာလား မသိဘူး”လို့ ဧရာဝတီကို ပြောပါတယ်။
ပြိုင်ကားတွေကို ရူးသွပ်ပြီး Playboy ဆန်ဆန် လူငယ်တယောက်ကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေအတွက် ယုံကြည်စိတ်ချစွာနဲ့ ဘယ်သူကမှ ကိုယ်စားလှယ်အဖြစ် စေလွှတ်လိမ့်မယ်လို့ မထင်ကြပါဘူး။

ဖိုးလပြည့်လို့ ခေါ်တဲ့ နေရွှေသွေးအောင်ဟာ တချိန်တုန်းက တိုင်းပြည်မှာ ဦးဆောင်ခဲ့သူ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ အချစ်တော်၊ မွေးနေ့ပွဲတွေကို တခမ်းတနား ကျင်းပလေ့ရှိသူ တဦးဖြစ်ပြီး လက်ရှိမှာတော့ တက္ကသိုလ်များ ဘောလုံး ချန်ပီယံလိဂ်ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်တုန်းကလည်း ရန်ကုန်က မီးပွိုင့်တခုမှာ သူစီးလာတဲ့ ကားကို မီးစိမ်းပြ မပေးလို့ဆိုပြီး တာဝန်ကျ ယဉ်ထိန်းရဲကို ခေါ်ယူ ဆုံးမခဲ့လို့ ဖိုးလပြည့်ဟာ အများရဲ့ ဝေဖန်မှု ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ဒီဖြစ်စဉ်ဟာ လုံး၀ မဟုတ်ဘူးဆိုပြီး ဖိုးလပြည့်က ပြန်ရှင်းခဲ့ပါတယ်။

အာဏာရှင်တွေရဲ့ မိသားစုဝင်တွေကို မြန်မာပြည်သူတွေက စိတ်ဝင်တစား စောင့်ကြည့်တတ်ကြပါတယ်။ ဒါကလည်း နာမည်ကြီးတွေကို စိတ်ဝင်စားတတ်တဲ့ သဘောသက်သက်မျှသာ ဖြစ်ပါတယ်။ နှိုင်းယှဉ်ရရင် အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေးဖြစ်သူ အေးနေဝင်းတို့ဆိုရင်လည်း လူတွေက စိတ်ဝင်စားပါတယ်။

ဒီမိသားစုတွေဟာ တိုင်းပြည်မှာ စီးပွားရေး လုပ်ငန်းတချို့ကို အေးအေးဆေးဆေး လုပ်ကိုင်ပြီး နေလို့ရနေပါတယ်။ မြန်မာပြည်သူတွေဟာ သမိုင်းအဖြစ်အပျက်တွေကို မေ့မပစ် တတ်ကြပေမယ့် ခွင့်လွတ်တတ်ကြသူတွေပါ။ အဖိုးဖြစ်သူ ဦးနေဝင်းရဲ့ လုပ်ရပ်တွေအတွက် မိသားစုဝင်တွေအပေါ် ပုံချတာမျိုး မလုပ်ကြသလို တိုင်းပြည် အာဏာသိမ်းဖို့တောင် ကြံစည်ခဲ့ကြပေမယ့် အပြစ်ကို လွတ်ငြိမ်းခွင့် ပေးခဲ့ပြီး လူမှုအသိုင်းအဝိုင်းမှာ တရားဥပဒေနဲ့ အညီ နေခွင့်ပေးထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုလို အရေးကြီးတဲ့ နိုင်ငံရေး အကူးအပြောင်း အခြေအနေမှာ နိုင်ငံရေးမှာ တာဝန်ရှိသူတွေက ထိန်းထိန်း သိမ်းသိမ်းနဲ့ လုပ်ဆောင်သွားမယ့် အခြေအနေ ရှိနေပါပြီ။ ပုဂ္ဂိုလ်ရေး ကြောင်ကွက်တွေ ထဖောက်တတ်တာကတော့ တခါတလေ ရှိတတ်ပါတယ်။

Loading