အာဏာလွှဲပြောင်းရေးနှင့် ပတ်သက်၍ သံသယဖြစ်နေမှုများကို တုံ့ပြန်သည့် အနေဖြင့် သမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က တိုင်းပြည်၏ နုနယ်သေးသော ဒီမိုကရေစီ အတွက် အစဉ်အလာကောင်းတခု ချမှတ်ပေး နိုင်ရန် သမ္မတဦးသိန်းစိန်တွင် ရည်ရွယ်ချက် ရှိကြောင်းပြောကြားလိုက်သည်။ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးခြင်းကို အစိုးရအဖွဲ့၏ “နောက်ဆုံး အောင်ပွဲ”ဖြစ်သည်ဟု လည်းသူက ဆိုသည်။
“ကျနော်တို့ အခုကြိုးစားနေတာက ကောင်းမွန်တဲ့ ဒီမိုကရေစီ အစဉ်အလာတခုကို တည်ထောင်ရေးဖြစ်ပါတယ်။ ရွေး ကောက် ပွဲတခုကနေ ဖွဲ့စည်းခဲ့တဲ့ အစိုးရက နောက်ထပ် ရွေးကောက်ခံ အစိုးရတခုကို ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်း ပေးတာမျိုး ကျနော် တို့ နိုင်ငံရဲ့ သမိုင်းမှာ လွတ်လပ်ရေး ရခဲ့တဲ့ ၁၉၄၈ ခုနှစ်ကထဲက ဒီလိုမျိုး မရှိခဲ့ပါဘူး။ ကျနော်တို့ အစိုး ရရဲ့ ပြုပြင်ပြောင်းလဲရေးရဲ့ နောက်ဆုံး တာဝန် တခုအနေနဲ့ ကျနော်တို့ ဒါကိုလုပ်ပါမယ်။ အဲဒါက ကျနော်တို့ရဲ့ နောက်ဆုံး အောင်ပွဲပါ။” ဟု ဦးရဲထွဋ်က ဧရာဝတီသို့ပြောသည်။
နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရှိခဲ့ပြီးနောက် NLD ပါတီ ဥက္ကဌ ဒေါ်အောင် ဆန်း စုကြည် နှင့် တွေ့ဆုံ ဆွေးနွေးရန် သဘောတူခဲ့ပြီး ဖြစ်သော သမ္မတ ဦးသိန်းစိန်က လွန်ခဲ့သော ၁၀ ရက် NLD ပါတီ အနိုင်ရကြောင်း သေချာသွားသည့် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတနှင့် တွေ့ဆုံ ဆွေးနွေးရန် တောင်းဆိုခဲ့ ပါသည်။
သမ္မတက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု ချက်ချင်းမပြုလုပ်ခဲ့ဘဲ နှောင့်နှေးနေခြင်းက NLD ပါတီ ဦးဆောင် သော အစိုးရသစ်တခု ပေါ်ပေါက်လာရေးကို အတားအဆီးဖြစ်နိုင်သည်ဟု တချို့က သတိပေးခဲ့ကြ သည်။
အဆိုပါ စိုးရိမ်မှုများက အခြေအမြစ် မရှိဟု ဦးရဲထွဋ်က ပြောသည်။ ရွေးကောက်ပွဲပြီးသည့် နောက် ပထမဆုံးကျင်းပ သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် သမ္မတဦးသိန်းစိန်က ချောမွေ့ငြိမ်းချမ်းသော အာဏာလွှဲပြောင်းရေးအတွက် ပြင် ဆင်ထား ရန် မှာကြားခဲ့ပြီး ဖြစ်သည်ဟု သူက ထပ်ပြောသည်။
ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံဆွေးနွေးမှု မည်သည့် အချိန်တွင် ဖြစ်လာမည်ဆိုသည်နှင့် ပတ်သက်၍ လည်း သမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူက ယခင်က ထုတ်ပြန်ခဲ့ပြီး ဖြစ်သည့် အတိုင်း ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ငန်း စဉ်များ ပြီးဆုံးသည့် အချိန်တွင် တွေ့ဆုံမည်ဟု အခိုင်အမာပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအရ ရွေးကောက်ပွဲပြုလုပ်ပြီး ၄၅ ရက်အတွင်းတွင် ရွေးကောက်ပွဲကော်မရှင် ၏ လုပ်ငန်းများကို ပြီးစီးအောင်ဆောင်ရွက်ရမည်ဖြစ်သည်။ အညင်းပွားမှုများ၊ တိုင်ကြားမှုများ ရှိလာပါကလည်း အဆိုပါ ရက် အတွင်းတွင် ကော်မရှင်က ဖွဲ့စည်းပေးသည့် ခုံရုံးက ကြားနာဖြေရှင်းပေးရမည် ဖြစ်သည်။ ရွေးကောက်ပွဲက နိုဝင်ဘာ လ ၈ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အတွက် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ၄၅ ရက်ပြည့်မည် ဖြစ်သည်။
“နိုင်ငံတော် သမ္မတက သူအဆင်ပြေတဲ့အချိန် သူဆုံးဖြတ်မှာပေါ့။ အဲဒါရှင်းနေတာပဲလေ။ ဒါပေမယ့် နားလည်ထားဖို့ က တွေ့ခြင်း မတွေ့ခြင်းနဲ့ တာဝန်လွှဲပြောင်းနဲ့ ဘာမှမဆိုင်ဘူး။ အဲဒါတော့ နားလည်ထားဖို့ လိုတယ်။” ဟု ဦးရဲထွဋ် ကပြော သည်။
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ကတိပေးခဲသည့်အတိုင်း လုပ်ဆောင်ခဲ့သည့် အစိုးရတခုကို အသိအမှတ် မပြုဘဲ သံသယရှိနေသူများကိုလည်း ဝေဖန်ခဲ့သည်။
“ကျနော်ပြောမယ်၊ သမ္မတကြီး ဦးသိန်းစိန် ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုတဲ့ ၂၀၁၁ ကလည်း မယုံဘူး။ ငြိမ်းချမ်းရေး လုပ်မယ် ပြောတော့လည်း မယုံဘူး။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတော့လည်း မယုံဘူး။ ဒါပေမယ့် သမ္မတကြီး ဦးသိန်းစိန်က ကတိပေးထားတဲ့ အတိုင်းလုပ်ပြခဲ့ပြီးပြီ။ တာဝန်လွှဲပေးတာကိုလည်း လုပ်ကိုလုပ်မှာ။” ဟု ဦးရဲထွဋ်က ဧရာဝတီသို့ပြောသည်။
မဲမသမာမှုများစွာရှိခဲ့သည်ဟု အများက ယူဆထားခဲ့သော ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် ဦးသိန်းစိန် ခေါင်းဆောင်သော အရပ်သား တပိုင်းအစိုးရ၏ သက်တမ်းက လာမည့် ၂၀၁၆ ခုနှစ် မတ်လ တွင် ကုန်ဆုံးမည်ဖြစ်သည်။
ပြီးခဲ့သည့် အပတ်အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် နှင့် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းတို့ နှင့် တွေ့ဆုံရန် စာရေးသား တောင်းဆိုခဲ့သည်။ စာ များထဲတွင် အတိုက်အခံ ခေါင်းဆောင်က အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဆွေးနွေးရန် ဆန္ဒရှိနေကြောင်းဖော် ပြ ထားပြီး နောက် အပတ်တွင် တွေ့ဆုံနိုင်ရေးအတွက် စီစဉ်ပေးရန် မေတ္တာရပ်ခံခဲ့သည်။
နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လည်း သမ္မတ ဦးသိန်းစိန်ကဲ့သို့ ပင် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်းစဉ်များ ပြီးဆုံးသည့် အချိန်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ပြန်ကြားခဲ့ပါသည်။
နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ကိုယ်စားလှယ် နေရာ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့ပါသည်။ ရွေးကောက်ပွဲတွင် NLD နှင့် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ပြည် ထောင်စုကြံ့ခိုင်ရေး ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၉၀ ခန့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။