IS အစွန်းရောက် အကြမ်းဖက်အဖွဲ့အား တိုက်ခိုက်ချေမှုန်းရန်အတွက် လုံခြုံရေး ကောင်စီ၏ နိုဝင်ဘာလ ၂၁ ရက်နေ့ အစည်းအဝေးက ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုလိုက်သည်။
ပါရီ တိုက်ခိုက်မှု အပြီး ပြင်သစ်နိုင်ငံက မူကြမ်းရေးဆွဲ တင်ပြသည့် IS အစွန်းရောက် အကြမ်းဖက်အဖွဲ၏ ထိန်းချုပ်ထားရာ ဒေသများကို ပြန်လည်စိုးမိုးနိုင်ရေး ဖြစ်နိုင်သမျှ နည်းလမ်း အားလုံး အသုံးပြုကာ ကုလ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လက်တွဲ ပူးပေါင်း တိုက်ခိုက်ရန်အတွက် တောင်းဆိုထားခြင်း ဖြစ်သည်။
ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့တွင် အဖွဲ့အား တိုက်ခိုက်ချေမှုန်းရေးကို တတ်နိုင်သည့် နိုင်ငံအားလုံး ပူးပေါင်းသင့်ပြီး စစ်သွေးကြွများ၏ နောက်ထပ် တိုက်ခိုက်လာမှုများအား ယခုထက် ၂ ဆ အားစိုက်ထုတ်ကြရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ကန့်ကွက်သူမရှိ ဆုံးဖြတ်ကြေညာလိုက်ခြင်း ဖြစ်သည်။
ပြင်သစ်နိုင်ငံ ပါရီ မြို့တွင် အနည်းလုံး လူ ၁၃၀ ကျော် သေဆုံးခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု အပြီး ပြင်သစ်နိုင်ငံက မူကြမ်းရေးဆွဲ တင်ပြမှုကို သောကြာနေ့က လုံခြုံရေး ကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံတို့ က ယခုကဲ့သို့ဆုံးဖြတ်ချက် ချမှတ်လိုက်ခြင်း ဖြစ်သည်။ ပါရီ တိုက်ခိုက်မှုကို IS အဖွဲ့က မိမိတို့ လက်ချက်ဟု ထုတ်ပြန်ခဲ့သည်။
အမေရိကန်ပြည်ထောင်စု ဦးဆောင်သည့် မဟာမိတ်အဖွဲ့ကလည်း IS စစ်သွေးကြွများအား တနှစ်ကျော်လာသည်ထိ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေဆဲဖြစ်သည်။ လွန်ခဲ့သည့် စက်တင်ဘာလမှ စတင်၍ ရုရှားနိုင်ငံကလည်း ဆီးရီးယားရှိ အိုင်အက်စ်အဖွဲ့များ ထိန်းချုပ်နေရာများကို လေကြောင်းမှ တိုက်ခိုက်နေဆဲဖြစ်သည်။
မကြာသေးခင်က အီဂျစ်နိုင်ငံတွင် လူပေါင်း ၂၂၄ ဦး သေဆုံးခဲ့ရသည့် ရုရှား ခရီးသည်တင် လေယာဉ်ပျက်ကျခဲ့မှုကို လည်း IS အုပ်စုက လုပ်ဆောင်ခဲ့သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ အလားတူ လက်ဘနွန်၊ တူရကီနှင့် တူနီးရှားနိုင်ငံတို့က အကြမ်းဖက်လုပ်ရပ်များကိုလည်း ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြ သည်။
လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်အရ ကုလ အဖွဲ့ဝင်နိုင်ငံများအား ပူးပေါင်းတိုက်ခိုက်ရန် တိုက်တွန်းခြင်းနှင့်အတူ အကြမ်းဖက်မှု ကြိုတင်ကာကွယ်ရေး၊ အကြမ်းဖက်မှုဆိုင်ရာ ဘဏ္ဍာငွေစီးဆင်းမှုများအားလည်း ထိန်းချုပ်ဖိအားပေးကြရန် တိုက်တွန်းချက်လည်း ပါဝင်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့က ကနဦး မူကြမ်းတင်သွင်းထားခဲ့သည့် နိုင်ငံတကာ အနေဖြင့် အဖွဲ့အား စစ်ရေးအရ အရေးယူရေး ဆိုင်ရာ ကုလသမဂ္ဂ၏ အတည်ပြုချက်ရ ရှိရေးအတွက် ဗုဒ္ဓဟူးနေ့က ဆီးရီးယား ၏ မဟာမိတ် ရုရှားက ပြန်လည် အသက်သွင်းခဲ့သေးသည်။
အဆိုပါ မူကြမ်းတွင် ဆီးရီးယား လက်ရှိသမ္မတ အာရှာ အယ်လ် အာဆတ်၏ အစိုးရအဖွဲ့နှင့် စစ်ရေးအရ ပူးပေါင်း လက်တွဲရန် နိုင်ငံများအား တိုက်တွန်းထားခဲ့သည်။ သို့သော် ဗြိတိန်နှင့် အခြားအဖွဲ့ဝင် နိုင်ငံများက ဗီတိုသုံး၍ အဆိုပါ တင်ပြချက်မူကြမ်းကို ပယ်ချခဲ့သည်။
ဗြိတိန်အနေဖြင့် ဆီးရီးယားတွင် မည်သည့် လေကြောင်းတိုက်ခိုက် အရေး ယူမှုမှာမဆို လက်တွဲ ပူးပေါင်းပါဝင်သင့်ကြောင်း ရုရှားက ပြောဆိုသည်။
ပါရီ တိုက်ခိုက်မှုအပြီး ရုရှား၏ အိုင်အက်စ်အခြေစိုက်ဒေသများအား လေကြောင်း တိုက်ခိုက်မှုသည် အံ့မခန်း ဖြစ်ပြီး ပြင်သစ်နိုင်ငံနှင့်လည်း ယခုအခါ ရုရှားနှင့် ပူးပေါင်း၍ လေကြောင်း စစ်ဆင်ရေးများ အရှိန်မြှင့်လုပ်ဆောင်နေသည်။
IS အား ထိုးစစ်ဆင်ချေမှုန်းရေးအတွက် ဂျာမဏီနှင့် အခြား ဥရောပနိုင်ငံများကလည်း စိတ်အားထက်သန် နေကြပြီဖြစ်သည်။ အချို့သော ဥရောပ နိုင်ငံများက သက်ဆိုင်ရာ နည်းလမ်းအသွယ်သွယ်ဖြင့် အိုင်အက်စ် အား ချေမှုန်းရန် အကူအညီပေးမှုများ လုပ်ဆောင်ချက် အရှိန်မြင့်လာနေပြီလည်း ဖြစ်သည်။