သတင်း

မန္တလေး ခြင်းပြိုင်ပွဲ နိုင်သူများအား ဆုငွေကျပ်သိန်းခုနှစ်ရာ ချီးမြှင့်မည်

This article has been converted from Zawgyi One to Unicode

ကျောက်စိမ်းစေတီ ခြင်းလုံးကွင်းတွင်၂၀၁၆ ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၂၂ရက်ထိ ၇ ရက်ကြာ ကျင်းပ မည့် ခြင်းပြိုင်ပွဲသို့ လာရောက် ကြည့်ရှုသည့် ပွဲကြည့်ပရိသတ်များအနေဖြင့် ခြင်းလုံးကို သုံးချက်တော့နိုင်ပါက အချိုရည် တလုံးတိုက်သွားမည်ဖြစ်ပြီး အဆိုပါ ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကစားသမားများအား ဆုငွေကျပ် သိန်းခုနှစ်ရာချီးမြှင်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌဦးစိုးနိုင်က ဧရာဝတီသို့ ပြောသည်။

“ဒီပြိုင်ပွဲကနေ လက်ရွေးစင်ကစားသမားတွေ ရွေးချယ်ပြီး ဖေဖော်ဝါရီလမှာ ကျင်းပမယ့် နိုင်ငံပေါင်း(၁၂) နိုင်ငံက ကစား သမားတွေပါဝင်တဲ့ အာရှချန်ပီယံရှစ် ပိုက်ကျော်ခြင်းဖလားနဲ့ အာရှခြင်းလုံးအဖွဲ့ချုပ်ဖလားမှာ ထည့်သွင်းယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌဦးစိုးနိုင်က ပြောသည်။ နိုင်လျှင် အချိုရည် တဘူးတိုက်ခြင်းမှာ လူငယ် များ ခြင်းလုံးကစားနည်းကို စိတ်ဝင်စားလာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူူရမြို့နယ်၊ ဆင်ရွာမြင်းမှူး ကျောက်စိမ်းစေတီခြင်းလုံးကွင်းတွင် ကျင်းပမည့်အဆိုပါ ခြင်းလုံး ပြိုင်ပွဲ တွင် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ခြင်းလုံးပြိုင်ပွဲနှစ်ခု ပါဝင်မည်ဖြစ်ပြီး နေ့စဉ် မနက်ကိုးနာရီမှ ညနေငါးနာရီထိ ယှဉ်ပြိုင် ခတ်သွားမည် ဖြစ်သည်။

ခြင်းလုံးပြိုင်ပွဲတွင် တံခွန်စိုက် ဆယ်ပေါက်တန်း(ကျား)၊လေးပေါက်တန်း (ကျား)၊ လူသစ်တန်း(မ)၊ စွမ်းရည်ပြအလှခတ် (ကျား/မ)၊ ခြင်းကြီးအတော့ပြိုင်ပွဲ (ကျား)၊ ခြင်းကြီးအတော့ ပြိုင်ပွဲ(မ)နှင့် ဆယ့်ငါးနှစ်အောက် အတော့ပြိုင်ပွဲ(ကျား/မ)ဟူ၍ အမျိုးအစားရှစ်မျိုးခွဲခြားထားပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အလွတ်တန်း(ကျား/မ)နှင့်လူသစ်တန်း(ကျား)ဟူ၍ သုံးမျိုးခွဲခြား ထားကာ ပိုက်ကျော်ခြင်းပြိုင်ပွဲများအတွက် ဆုကြေးသိန်းသုံးရာနှင့် ခြင်းလုံးပြိုင်ပွဲအတွက် ဆုကြေးသိန်းလေးရာ၊ စုစုပေါင်း သိန်းခုနှစ်ရာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း  ခြင်းလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါခြင်းလုံးပြိုင်ပွဲသို့ လယ်/ဆည်၊ကာကွယ်ရေးး၊ ပို့ဆောင်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ခြင်းလုံးကစားသမားများ၊ တိုင်းနှင့် ပြည်နယ်အသီးသီးမှ ရွေးချယ်ထားသော ခြင်းလုံးကစားသမားများဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြင်ပမှ ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့်လည်း တိုင်းနှင့်ပြည်နယ်များရှိ ခြင်းလုံးအဖွဲ့ချုပ်များထံသို့ဖြစ်စေ၊ ဆင်ရွာမြင်းမှူး ကျောက်စိမ်းစေတီ ခြင်းလုံးအဖွဲ့ထံသို့ဖြစ်စေ ဆက်သွယ် စာရင်းပေးနိုင်ကြောင်း ခြင်းလုံးအဖွဲ့ချုပ်ထံမှ သိရသည်။

Loading