သတင်း

လူ ၆ ဦးသေဆုံးသည့် ဟားခါးပေါက်ကွဲမှု အကြမ်းဖက်မှုမဟုတ်ဘဲ ယမ်းပေါက်ကွဲမှုကြောင့်ဖြစ်

This article has been converted from Zawgyi One to Unicode

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ သီတာလမ်းတွက် နိုဝင်ဘာ ၂၂ ရက် ည ၁၀ နာရီ မိနစ် ၃၀ ခန့်က ပေါက်ကွဲမှုတရပ်ဖြစ်ပွားခဲ့ပြီး အသက် ၇ နှစ်အရွယ် ကလေးငယ်တဦး အပါအဝင် လူ ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိ ခဲ့မှုသည် အကြမ်းဖက်မှုကြောင့်မဟုတ်ဘဲ ကျောက်မိုင်းခွဲရာတွင် အသုံးပြုသည့် ယမ်းပျော့များ သိုလှောင် ထားရာမှ ပေါက်ကွဲဖြစ်ကြောင်း သိရှိရသည်။

“ညက မီးတွေပျက်နေပြီး ၁၀ နာရီခွဲလောက်မှာ မီးပြန်လာတယ်။ မီးလာပြီး ၆ မိနစ်လောက်အကြာမှာ ပေါက်ကွဲမှု ဖြစ်တာပဲ။ ပေါက်ကွဲမှုဖြစ်တဲ့အိမ် ၂ ထပ်စလုံး တစစီဖြစ်သွားတယ်။ ယောက်ျားလေး ၄ ဦး၊ မိန်းကလေး ၂ ဦး သေတယ်။ ၇ ဦး ဒဏ်ရာရတယ်။ သေတဲ့လူတွေရော၊ ဒဏ်ရာရသူအားလုံးကို  ရဲတပ်ဖွဲ့၊ မီးသတ်နဲ့ ကြက်ခြေနီ အဖွဲ့တွေ ပူးပေါင်းပြီး ဟားခါးဆေးရုံကို ပို့ဆောင်ထားပါတယ်” ဟု ချင်းပြည်နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်လွင်က ဧရာဝတီကို ပြောသည်။

ပေါက်ကွဲမှုသည် ဈေးသစ်ရပ်ကွက်ရှိ ဦးယောန၏ နေအိမ်အောက်ထပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပေါက်ကွဲမှုကြောင့် ဦးယောန၏ ၂ ထပ်နေအိမ်တခုလုံး ပျက်စီးခဲ့ပြီး အနီးနားရှိ နေအိမ် ၇ လုံးမှာ အိမ်မျက်နှာ စာများနှင့် အမိုးများ ပွင့်ထွက် ပျက်စီးခဲ့ကြောင်း၊ ယမ်းနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ပေါက်ကွဲမှုဖြစ်ရကြောင်း၊ ပေါက်ကွဲမှု ကြောင့် နေအိမ်အောက်ထပ်တွင် ငှားရမ်းနေထိုင်သူ အိမ်ငှားမိသားစုဝင် ၆ ဦးစလုံးသေဆုံးခဲ့ပြီး နေအိမ်အပေါ်ထပ်တွင် နေထိုင် သည့် အိမ်ရှင်မိသားစုဝင် ၃ ဦး အပါအဝင် လူ ၇ ဦး ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

“အိမ်ငှားနေတဲ့ မိသားစုတွေက ထန်တလန်ဘက်က လာတာ။ ဒီနှစ် ၂ လပိုင်းတုန်းက ကျောက်မိုင်းခွဲတဲ့ ယမ်းပျော့ တွေ ဖမ်းမိလို့ လင်မယား ၂ ယောက် ထောင်ကျခဲ့တယ်။ မိန်းမဖြစ်တဲ့သူက လွန်ခဲ့တဲ့ရက် ၂၀ လောက်က လွတ် လာပြီး ဟားခါးကို ပြန်လာတာ။ ပြီးတော့ သူတို့ဖွက်ထားတဲ့ ယမ်းတွေကို ပြန်ယူပြီး အိမ်မှာထားပုံရတယ်။ နောက် တော့ ဖယောင်း တိုင်မီးနဲ့ ထိမိပြီး ပေါက်ကွဲမှု ဖြစ်တယ်လို့ပဲ ကျနော်တို့ ကောက်ချက်ချထားပါတယ်”ဟု ရဲမှူးကြီး မြင့်လွင်က ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ပူးဟုန်ငိုင်းသည် အခင်းဖြစ်ပွားရာ နေရာသို့ သွား ရောက် ကြည့်ရှုခဲ့ပြီး ဟားခါးဆေးရုံသို့လည်း သွားရောက်၍ လူနာများအခြေအနေကို သွားရောက် ကြည့်ရှုခဲ့ ကြောင်း သိရှိရသည်။

အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သတ်၍ ယနေ့နံနက်ပိုင်းတွင် ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး၌ အရေးပေါ် အစည်း အဝေးတရပ် ကျင်းပခဲ့ပြီး ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သတ်၍ အိမ်ပိုင်ရှင် ဦးယောနအား ဥပဒေအရ အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

Loading