ကချင်ပြည်နယ်၊ ဖားကန့်ခရိုင်၊ ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများမှ စွန့်ပစ်သည့် မြေစာပုံ ပြိုကျ မှု တွင် လူသေ အလောင်း ၁၀၆ လောင်း ရှာတွေ့ထားပြီဖြစ်သော်လည်း အလောင်းအများစုသည် အမည်နှင့် နေရပ် မသိ သူ များဖြစ်နေပြီး သဂြိုဟ်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်အစောပိုင်း ၃ နာရီအချိန်တွင် မြေပြိုကျချိန်မှစ၍ အလောင်းတူးဖော်ရေး ဆောင် ရွက် ခဲ့ပြီး ယနေ့အချိန်အထိ အလောင်း ၁၀၆ လောင်းရှာဖွေရရှိထားကြောင်း၊ အလောင်းများတွင် ၆၆ လောင်း သာ အမည်နှင့် နေရပ်လိပ်စာများ အတည်ပြုနိုင်ပြီး ကျန်အလောင်းအများစုမှာ အမည်နှင့်နေရပ် လိပ်စာ မဖော် ထုတ် နိုင်ဘဲဖြစ် နေ ကြောင်း၊ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းမှစ၍ အလောင်းများကို စတင် သဂြိုဟ် နေပြီဖြစ်ကြောင်း သိရှိရသည်။
ဖားကန့်မြို့နယ်ရှိ ဆိုင်းတောင်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးခင်မောင်က “ မနေ့(နိုဝင်ဘာ၂၂ ရက်နေ့ ) ညနေကနေ အခုမနက် ထိ တောက်လျှောက် မီးရှို့သဂြိုဟ်နေတာ ၄၁ လောင်းပြီးပါပြီ၊ များလွန်းတော့ ၅ လောင်း တခါ သဂြိုဟ် နေပါ တယ်။ ဆက်ပြီးလည်း ရှာနေပါတယ်။ အလုပ်သမားတွေက ပျံကျဆိုတော့ တော်တော်များများကျ ဘယ်သူမှန်း မသိဘူး။ နာမည် မသိဘူး။ သူတို့ကို သိတဲ့သူတွေကလည်း သေဆုံးပြီဆိုတော့ မသိတော့ဘူး။ ဒါပေမယ့် ဘယ်သူပဲ ဖြစ်ဖြစ် ကျနော်တို့ကတော့ သဂြိုဟ်ပေးနေရတာပဲ” ဟု ဧရာဝတီသို့ပြောဆိုသည်။
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုအတွင်းရှိ တစ်သုံးလုံးအမည်ရှိ ပေတထောင်ကျော်မြင့်သည့် မြေစာပုံမှာ နိုဝင်ဘာလ ၂၁ ရက်၊ မနက် ၃ နာရီဝန်းကျင်တွင် ပြိုကျလာခဲ့ခြင်းဖြစ်ပြီး ထိုမြေစာပုံများ အနီးရှိ ရေမဆေး ကျောက် ကောက် အလုပ်သမားများနေထိုင်သည့် အိမ်ခြေ ၈၀ ကျော်မှာ မြေဖုံးလွှမ်းသွားခဲ့ခြင်း ဖြစ်ကြောင်း၊ မြေစာပုံ ပြိုကျခြင်းကြောင့် နှစ်မြှုပ်သွားခဲ့သည့် အိမ်ခြေ ၈၀ ကျော်မှ လူဦးရေ ၂၀၀ ကျော်မှာ မြေပိသေဆုံး သွား ပြီး လက်ရှိတွင် အလောင်း ၁၀၆ လောင်းကိုသာ ရှာတွေ့ထားပြီး ဆက်လက်ရှာဖွေ နေဆဲ ဖြစ်သည်ဟု ဦးခင်မောင် က ပြောသည်။
အလောင်းရှာဖွေရေးအတွက် ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီအချို့မှ ဘတ်ဖိုး ၂၂ စီး ငှားရမ်းပေးထားပြီး တပ်မတော်၊ ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများက အလောင်းများ တူး ဖော်ရေး ဆက် လက် ဆောင်ရွက်နေသည်ဟု သိရ သည်။
ဖားကန့်ခရိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ အနိုင်ရထားသည့် အမျိုးသားလွှတ်တော် ကိုယ်စား လှယ် လောင်း ဦးခင်မောင်မြင့်က “ ကျောက်စိမ်းတူးတဲ့ ကုမ္မဏီတွေက စွန့်ပစ်မြေစာပုံတွေ အတွက် စည်း ကမ်း မရှိဘူး။ ပုံချင်သလိုပုံတယ်၊သူတို့အကျိုးအမြတ်ကလွဲပြီးဘာမှမတွက်ဘူး၊ ကျောက် ကောက် တဲ့ အလုပ် သမား တွေမှာ လည်း လုပ်ငန်းအာမခံချက်တခုမှ မရှိဘူး၊ လူတွေ ဒီလောက်သေတာ လုပ်ငန်းကို ခဏရပ်ပြီး အစိုးရက ပြန်စိစစ်သင့်တယ်” ဟု မှတ်ချက်ပြုသည်။
ရေမဆေးကျောက် ကောက်သူများသည် ဖားကန့်မြို့နယ်အတွင်းရှိ လောပန်း (သူဌေး) များ၏ အိမ်တွင် နေပြီး လောပန်း များက စားစရိတ်နှင့် နေစရာပေးထားကာ ၎င်းတို့ ရှာတွေ့သည့် ကျောက်စိမ်းများကို ရောင်းချ ရာတွင် တဝက်ပေးခြင်း စနစ် ဖြင့် အလုပ်လုပ်နေကြသူများ ဖြစ်သည်။
ရေမဆေးကျောက် ကောက်သူ အများစုမှ အညာဒေသ၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ကချင်ပြည်နယ် တို့မှ လာ ရောက် အလုပ်လုပ်ကိုင်သူများ ဖြစ်ကြောင်း၊ ဖားကန့်မြို့နယ်အတွင်း အစိုးရ၏ ခွင့်ပြုချက်ဖြင့် ကျောက်စိမ်း တူးဖော် နေသည့် ကုမ္မဏီ ၂၀၀ ကျော်ရှိပြီး အဆို ပါ ကုမ္မဏီများက စွန့်ပစ် သည့် မြေစာပုံများတွင် ရေမဆေး ကျောက် ကောက် နေသူ အလုပ်သမား အရေ အတွက် ၂သိန်းကျော် ရှိသည်ဟု ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့ ထံမှ သိရှိရသည်။