စိတ်ကူးတခုကို စတင်ဆွေးနွေးခဲ့ပြီး ၁၃ နှစ်အကြာတွင် အရှေ့တောင်အာရှ ခေါင်းဆောင်များက ဥရောပသမဂ္ဂ သို့မဟုတ် မြောက်အမေရိကထက် လူဦးရေ ပိုများ၍ ကွဲပြားခြားနားမှု ပိုများသော ဒေသတခုအတွင်းတွင် ညီညွတ်သော စီးပွားရေး အသိုက်အဝန်းတခု ကို နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြသည်။ တရုတ်နှင့် အိန္ဒိယ နိုင်ငံများကို ယှဉ်ပြိုင်နိုင်ရန် မျှော်လင့်ချက်နှင့် ဖြစ်သည်။
မလေးရှားနိုင်ငံတွင် ကျင်းပသော အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ၏ ထပ်သီး အစည်းအဝေးတွင် အဖွဲ့ဝင် ၁၀ နိုင်ငံမှ ခေါင်းဆောင်များက အာဆီယံ စီးပွားရေး အသိုက်အဝန်း ထူထောင်ရန် ကြေညာချက်တခုကို လက်မှတ်ရေး ထိုးခဲ့ကြသည်။ နိုင်ငံရေး၊ လုံခြုံရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးများ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ထားသော ပိုမိုကျယ်ပြန့်သည့် အာဆီယံ အသိုင်းအဝိုင်းတခု တည်ဆောက်ရေး ၏ တစိတ်တပိုင်းလည်း ဖြစ်သည်။
ထိပ်သီး အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ်ရာဇတ်က အာဆီယံ စီးပွားရေး အသိုင်းအဝိုင်းကို အောင်မြင်မှုမှတ်တိုင် တခုဖြစ်သည်ဟု ပြောဆိုလိုက်ပြီး ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်ရန်လည်း အဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းလိုက်သည်။ “ဒီဒေသက လျှင်လျှင်မြန်မြန် တိုးချဲ့ နိုင်ဖို့ အသင့်ဖြစ်နေပါပြီ” ဟု သူက ပြောသည်။
အတိုကောက် အမည်ဖြင့် AEC ဟု သိကြသည့် အာဆီယံ စီးပွားရေး အသိုင်းအဝိုင်းသည် လက်တွေ့တွင် ရှိနေခဲ့ပြီး ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများကြား ကုန်သွယ်ရေး အတားအဆီးများနှင့် ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်မှုများ ဖယ်ရှားရေးကဲ့သို့သော အခြေခံကျသည့် အချက်များကို ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။ နိုင်ငံရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးများ ပိုမို ကျယ်ပြန့်လာရန်လည်း ရည်ရွယ်ထားသည်။
AEC က ဝင်ငွေနှင့် အလုပ်အကိုင် အခွင့်အလမ်းကို အထောက်အကူပေးနိုင်သလို အင်အားကြီးနိုင်ငံများနှင့် ယှဉ်ပြိုင်ရာ၌ ဒေသတွင်း စီးပွားရေးကို ပိုမို အားကောင်းစေနိုင်မည် ဖြစ်သည်ဟု Johns Hopkins တက္ကသိုလ်၏ အီတလီနိုင်ငံ Bologna မြို့တွင် အခြေစိုက်သော ဥရောပစန်တာမှ နိုင်ငံတကာ စီးပွားရေးပါမောက္ခတဦး ဖြစ်သည့် Michael G. Plummer က ပြောသည်။
“အာဆီယံရဲ့ ပေါင်းစပ်မှုက တရုတ်နဲ့ အိန္ဒိယရဲ့ စီးပွားရေး စွမ်းအားကို ဟန်ချက်ထိန်းညှိရာမှာ အကူအညီ ဖြစ်စေနိုင်ပါလိမ့်မယ်။ တနိုင်ငံချင်း အနေနဲ့ဆိုရင် အာဆီယံနိုင်ငံတွေက စီးပွားရေးနဲ့ လုံခြုံရေး ကစားပွဲမှာ အင်အားကြီးနိုင်ငံတွေထက် သေးငယ်လွန်းနေပါတယ်။ ဒါပေမယ့် လူဦးရေ ဘီလီယံ ဝက်ကျော်လောက်ရှိတဲ့ အဖွဲ့အစည်းတခု အနေနဲ့ ဆိုရင်တော့ သူတို့တွေ ပြိုင်ပွဲကြီး တခုထဲကို ဝင်သွားနိုင်ပါတယ်” ဟု သူက ဆိုသည်။
သို့သော်လည်း ဒီဇင်ဘာ ၃၁ ရက်နေ့တွင် တရားဝင်ပေါ်ပေါက်လာပြီးနောက် အပြည့်အ၀ လုပ်ငန်းဆောင်ရွက်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာရန် AEC အနေဖြင့် သွားရမည့်ခရီးက ဝေးကွာနေပါသေးသည်။ တခါတရံတွင် ဒေသ၏ ကွဲပြားခြားနားမှုများကလည်း အတားအဆီးတခု ဖြစ်လာနိုင်ပါသည်။ အာဆီယံတွင် လူဦးရေ သန်း ၆၃၀ ရှိပြီး ဘာသာစကား မျိုးစုံ ပြောဆိုကြသည်။ ကိုးကွယ်ယုံကြည်မှု အမျိုးမျိုးရှိသလို ဒီမိုကရေစီ စနစ်၊ စစ်အာဏာရှင်စနစ်၊ အရပ်သားတပိုင်း အစိုးရစနစ်၊ ဘုရင်စနစ်၊ ကွန်မြူနစ်စနစ် အစရှိသဖြင့် အုပ်ချုပ်ရေးများကလည်း အမျိုးမျိုးကွဲပြားနေသည်။
“AEC က ဖွံ့ဖြိုးဆဲ ကမ္ဘာမှာ ရည်ရွယ်ကြီးမားတဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တခု ဖြစ်ပါတယ်။ ဒါပေမယ့် AEC ကို အကောင်အထည်ဖော်ရေးကတော့ အခက်အခဲတွေ တိုးလားပါတယ်။ ဆောင်ရွက်စရာတွေ အများကြီးကျန်နေ သေးသလို ပြီးမြောက်ဖို့အတွက် စိန်ခေါ်မှုတွေ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ AEC က လုပ်ငန်းစဉ်တခု ဖြစ်ပါတယ်” ဟု Michael G. Plummer ကပြောသည်။
စိုက်ပျိုးရေး၊ သံမဏိ၊ မော်တော်ကားထုတ်လုပ်ရေးနှင့် အခြားကာကွယ်ထားသည့် ကဏ္ဍများတွင် ဖွင့်လှစ်ပေးရေးကဲ့သို့သော နိုင်ငံရေးအရ ပိုမိုထိရှလွယ်သည့် နေရာများတွင် မျှော်မှန်းသလောက် အလုပ်မဖြစ်မှုများ ရှိနေသည်။ အာဆီယံနိုင်ငံသားများမှာ ဒေသတွင်းရှိ အခြားနိုင်ငံများတွင် အလုပ်လုပ်ခွင့်ရမည်ဖြစ်သော်လည်း အင်ဂျင်နီယာလုပ်ငန်း၊ စာရင်းကိုင် လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများ အပါအဝင် ကဏ္ဍ ၈ ခုတွင်သာ အကန့်အသတ်ဖြင့် ရှိနေမည် ဖြစ်သည်။ အဆိုပါ ကဏ္ဍများက ဒေသတွင်း အလုပ်အကိုင် စုစုပေါင်း၏ ၁.၅ ရာခိုင်နှုန်းသာ ရှိသည်။ အိမ်ရှင်နိုင်ငံများကလည်း ဝင်ရောက်လာသည့် ပညာရှင်များကို လက်ခံနိုင်ရေးအတွက် ၎င်းတို့၏ ဥပဒေ စည်းကမ်းများ၏ ကန့်သတ်မှုများအတွင်းတွင်သာ ခက်ခက်ခဲခဲ လုပ်ကိုင်နေရဆဲ ဖြစ်သည်။
ပြီးခဲ့သည့် ၁၀ စုနှစ် အတွင်းတွင် အာဆီယံနိုင်ငံများကြား ဒေသတွင်းကုန်သွယ်မှုက အာဆီယံ၏ ကုန်သွယ်မှု စုစုပေါင်း၏ ၂၄ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိနေဆဲဖြစ်သည်။ ဥရောပသမဂ္ဂ(EU) ၏ ဒေသတွင်းကုန်သွယ်မှု ၆၀ ရာခိုင်နှုန်း ရှိသည်နှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးနေသေးသည်။
အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှာလည်း ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံကြားမှနယ်မြေ အငြင်းပွားမှု သို့မဟုတ် အင်ဒိုနီးရှား နိုင်ငံတွင် နှစ်စဉ်တောမီးလောင်ကျွမ်းမှုကို ထိန်းချုပ်တားဆီးနိုင်ခြင်း မရှိသည့် အတွက်ကြောင့် မလေးရှား၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့တွင် လနှင့် ချီ၍ မြူခိုးများဖုံးလွှမ်းသည့် အန္တရာယ်နှင့် ကြုံတွေ့နေရခြင်းများ အပါအဝင် သံတမန် ရေးရာအရ ဖြေရှင်းရမည့် ပြဿနာများက ရှိနေသည်။
ဝန်ဆောင်မှုများ လွတ်လပ်မှုရှိလာအောင် ပြုလုပ်ရေးတွင်လည်း တိုးတက်မှုနှေးကွေးနေသည် ဟု Michael G. Plummer က ပြောသည်။ ရင်းနှီးမြှုပ်နှံမှုများ နယ်စပ်ဖြတ်ကျော်စီးဆင်းရေးမှာလည်း ကျယ်ပြန့်သော ခြွင်းချက်များနှင့် နိုင်ငံခြား ပိုင်ဆိုင်မှုအပေါ် တားဆီးမှုများရှိနေသည့် အတွက် အကန့်အသတ်များ ရှိနေသည်။ အစိုးရ၏ ပါဝင်ပတ်သက်မှုနှင့် အစိုးရပိုင် လုပ်ငန်းများ၏ လက်ဝါးကြီးအုပ်မှုများမှာလည်း အလွန်အကဲဆတ်ပြီး မဖြေရှင်းရသေးသည့် အကြောင်းများ ဖြစ်သည်ဟု သူကဆိုသည်။
အခြားနိုင်ငံများထက်စာလျှင် စီးပွားရေး အားနည်းသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံတို့က ကုန်သွယ် ခွန်များကို လျှော့ချပေးရန် ၂၀၁၈ ခုနှစ်အထိ အချိန်ရှိသော်လည်း စီးပွားရေး ပေါင်းစပ်ဆောင်ရွက်မှုက ဒေသတွင်းတွင် ဝင်ငွေ မညီမျှမှုကို ဖြစ်လာစေနိုင်သည်ဟု Michael G. Plummer ကပြောသည်။
“တရားဝင်ကြေညာပြီး ဖြစ်ပေမယ့် AEC က ပြီးဆုံးသွားတဲ့ စာချုပ်တခု မဟုတ်ပါဘူး။ လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ ဘာတွေ ပြီးမြောက်ခဲ့ပြီဆိုတာကို တရားဝင်မှတ်တမ်းပြုထားတာနဲ့ ပုဂ္ဂလိက ကဏ္ဍက သူတို့တွေ့ကြုံနေရတာကို အစီရင်ခံခဲ့တာတွေကြားမှာ ကွာဟမှုရှိနေပါတယ်” ဟု အာဆီယံအဖွဲ့ကို စီးပွားရေး ဆိုင်ရာ ကိစ္စများ အကြံပေးနေသည့် ကောင်စီ တခု၏ ဥက္ကဌ Mohamad Munir Abdul Majid ကပြောသည်။
အကျင့်ပျက်ခြစားမှု၊ အခြေခံ အဆောက်အဦး မပြည့်စုံမှုနှင့် သယ်ယူ ပို့ဆောင်ရေး စရိတ်စက မညီမျှမှု စသည်တို့ကဲ့သို့ အခြားသော အခက်အခဲများ လည်း ရှိနေသေးသည်။ အရှေ့တောင်အာရှမှ ချမ်းသာကြွယ်ဝသော သို့မဟုတ် ဝင်ငွေ အလယ်အလတ်ရှိသည့် စီးပွားရေးများဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဘရူနိုင်း၊ ထိုင်းနှင့် ဖိလစ်ပိုင် စသည့် နိုင်ငံများ နှင့် စီးပွားရေး ဖွံ့ဖြိုးမှု အားနည်းသည့် အဖွဲ့ဝင်နိုင်ငံများဖြစ်သော ဗီယက်နမ်၊ လာအို၊ မြန်မာ နှင့် ကမ္ဘောဒီးယား နိုင်ငံများ ကြားတွင် စီးပွားရေး အရ ကွာခြားမှုက ကျယ်ပြန့်စွာရှိနေသည်။
ဈေးကွက် ဝေစုနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် တရုတ် နှင့် အိန္ဒိယ နိုင်ငံများကို ယှဉ်ပြိုင်နိုင်ရန် အတွက် AEC ကို ၂၀၀၂ ခုနှစ် တွင် စတင်စိတ်ကူးခဲ့ကြပြီး အခြေခံ မူကြမ်းကို ၂၀၀၇ ခုနှစ်တွင် ဖန်တီးနိုင်ခဲ့သည်။ နောက်လာမည့် ၅ နှစ် အတွင်းတွင် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက တနှစ်လျှင် ပျမ်းမျှ ၆ ရာခိုင်နှုန်း အထိနှေးကွေးသွားမည်ဟု မျှော်မှန်းထားသည့် အချိန်တွင် အိန္ဒိယနိုင်ငံက ထိုကာလအတွင်းတွင် ၇.၃ ရာခိုင်နှုန်းအထိ ဖြစ်လာနိုင်သည်ဟု Organization of Economic Cooperation and Development (OECD) ၏ အဆိုအရသိရသည်။
နိုဝင်ဘာလ ၂၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည့် AEC က အာဆီယံ အသိုင်းအဝိုင်း၏ ပင်မ မဏ္ဍိုင် ၃ ခုအနက်မှ တခုဖြစ်သည်။ ကျန် ၂ ခုမှာ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းနှင့် နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ အသိုက်အဝန်းတို့ ဖြစ်သည်။
အာဆီယံ ထိပ်သီး အစည်းအဝေး ပြီးဆုံးသည့် အချိန်တွင် အဖွဲ့ဝင် ၁၀ နိုင်ငံမှ ခေါင်းဆောင်များသည် အခြား အာရှ နိုင်ငံ ၄ ခုမှ ခေါင်းဆောင်များ အပြင် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၊ ရုရှား ဝန်ကြီးချုပ်၊ သြစတြေးလျ ဝန်ကြီးချုပ်နှင့် နယူးဇီလန် ဝန်ကြီးချုပ်တို့နှင့် အတူ ၂ နာရီကြာကျင်းပသည့် အရှေ့ အာရှ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။