လူမှုကွန်ရက် Facebook စာမျက်နှာမှတဆင့် ပျံ့နှံ့လာသော ကလေးငယ် ၁ဦးကို ကြိုးတုပ် နှိပ်စက်နေသည့် ဓာတ်ပုံများမှ အစပြုလာသော ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းသစ်နေအိမ်မှ အသက် ၈ နှစ်အရွယ် မစုဝေ နှိပ်စက် ညှဉ်းပန်းခံရမှုနှင့် ပတ်သက်၍ ဗဟန်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားပြီဖြစ်ပြီး ရဲစခန်းစစ်ဆေး ချက်များ ပေါ်မူတည်၍ အိမ်ရှင် ဗိုလ်မှူးကျော်နုမော်နှင့်ဇနီး ဒေါ်ယဉ်ယဉ်နွယ်ကို တရားစွဲဆိုသင့်၊ မသင့် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း အမှတ် ၆ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့စု (ရန်ကုန်)မှ ရဲမှူး ရဲဝင်းအောင်က ပြောသည်။
“လက်ရှိ ဗဟန်း ရဲစခန်းမှာ စစ်နေပါတယ်။ သူတို့ ရရှိတဲ့ တွေ့ရှိချက်တွေအပေါ် မူတည်ပြီး ကျနော်တို့က ဆက်လက်ပြီး ဘာလုပ်ရမယ်ဆိုတာ စောင့်နေပါတယ်။ အပေါ်က ညွှန်ကြားချက်အရ ဒါကို ဟိုဟာ လုပ်ရမယ်ဆိုရင် ကျနော်တို့က ဒါကို ဆက်လက်ဆောင်ရွက်မှာပေါ့နော်။ အခုက သူတို့ စစ်ဆေးတဲ့ ကာလဆိုတော့ အမှုသွား အမှုလာအရ ရဲစခန်းက စစ်ဆေး နေတယ်။ သူတို့ ရရှိတဲ့ အချက်တွေနဲ့ ကျနော်တို့က ဆက်လက်ဆောင်ရွက်မှာ ပေါ့နော် ” ဟု ရဲမှူး ရဲဝင်းအောင်က ဆိုသည်။
ဗဟန်းမြို့နယ် တက္ကသိုလ် ရိပ်သာလမ်းသစ်ရှိ တိုက်အမှတ် 25(C/4) နေအိမ် လိပ်စာဖြင့် အသက် ၈ နှစ် အရွယ် မိန်း ကလေး ငယ် တဦး ဒူးထောက်လျက် ထိုမိန်းကလေးငယ်၏ လက်နှစ်ဘက်ကို အမျိုးသမီး တဦး က နောက်ပြန် ကြိုး တုတ် နေ သည့် ဓာတ်ပုံများနှင့်အတူ မိန်းကလေးငယ်အား နေ့စဉ်ဆိုသလို ရိုက်နှက်နေကြောင်း ရေးသားထားသည့် စာသား များ ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းက လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် သက်ဆိုင် ရာ တာဝန်ရှိသူများကလာရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ရာမှ ယင်းအမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။
ကလေးငယ်ကို ညှဉ်းပန်းနှိပ်စက်သည့် နေအိမ်သည် အမျိုးသား လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ကျော်နုမော ်၏ နေအိမ်ဖြစ်ကြောင်း၊ ကလေးငယ်ကို အဒေါ်ဖြစ်သူ အိမ်ဖော် ဒေါ်သန်းနွဲ့ က ငွေကျပ် တသောင်းယူပြီး ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း၊ ကလေးငယ်ကို အဒေါ် ဖြစ်သူက ယင်းအိမ်သို့ ခေါ်ဆောင် လာသည်မှာ တလခန့်သာ ရှိသေးကြောင်း၊ ကလေးငယ်သည် အိမ်ရှင်နှင့် မည်သို့မှ မသက်ဆိုင်ကြောင်း အိမ်ရှင်ဗိုလ်မှူး၏ ဇနီးဖြစ်သူက ဖြေဆိုခဲ့ သည်။
ကလေးငယ် အမှုကို စိတ်ဝင်စားသည့် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းမှ မမီးမီးကလည်း စုံစမ်းခဲ့ပြီး မမီးမီး၏ စုံစမ်း မှုကြောင့် မြိတ်မြို့နယ်ရှိ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း ၉၁၈ တွင် တာဝန်ထမ်းဆောင်နေသည့် ကလေးငယ်၏ ဖခင် (ပထွေး) ရဲဘော်သန်းဦးနှင့် မမီးမီးက ဖုန်းအဆက်အသွယ်ရရှိခဲ့ပြီး ကလေးငယ်၏ ဖခင် ပြောကြားချက်အရ ကလေး ငယ် မစုဝေကို ကလေးငယ်၏ မိဘအရင်းများထံမှ ငွေကျပ် ၁၀ သိန်းဖြင့် အိမ်ရှင် ဗိုလ်မှူး ကျော်နုမော်တို့က ပြီးခဲ့သည့် စက်တင် ဘာလ ၂၉ ရက်နေ့က နှစ်ဦးသဘောတူ မွေးစားထားသည့် စာချုပ်ချုပ်ဆိုပြီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း စာချုပ်နှင့် တကွ သက်သေများ ရရှိခဲ့ကြောင်း၊ ကလေးငယ်နှင့် ဒေါ်သန်းသန်းနွဲ့ ဆိုသူတို့သည် ဗဟန်းနေအိမ်တွင်ပင် ရှိနေ ကြောင်း သိရှိခဲ့ရသည်။
“ကလေးနဲ့ အမျိုးသမီးကို ရှာလို့ မတွေ့ဘူးလို့ ရဲစခန်းက ပြောတာဟာ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ဆန့်ကျင်သလို ဖြစ် နေတယ်။ နောက်ပြီး ကလေးနဲ့ အမျိုးသမီးက အဲဒီအိမ်မှာ ရှိနေရဲ့သားနဲ့ ရဲက ရှာမတွေ့ဘူးလို့ ပြောတာကို တွေ့ရတယ်။ ကလေးသတင်းတွေ တတ်လာပြီး နှစ်ရက်လောက်ကအထိ ကျမ မစုံစမ်းဖြစ်သေးဘူး။ ဖေ့ဘုတ်က သတင်းတွေကို ဖတ် ကြည့် တော့ အဲဒီအထဲမှာ လှို့ဝှက်ချက်တွေ ရှိနေတာကို တွေ့ရတယ်။ ဒါနဲပ ကျမလည်း စိတ်ဝင်စားပြီး မြိတ်က ၈၈ အဖွဲ့ တွေနဲ့ ချိတ်ဆက်စုံစမ်းမိလို့ သိရတာပါ” ဟု မမီးမီးက ဆိုသည်။
နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၃ နာရီတွင် အိမ်ရှင် တပ်မတော်သား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး ကျော်နုမော် ကိုယ်တိုင် နှိပ်စက်ခံရသည့် ကလေးငယ် မစုဝေနှင့် နှိပ်စက်သူ အိမ်ဖော် ဒေါ်သန်းသန်းနွဲ့ကို ဗဟန်းမြို့နယ် ရဲစခန်းတွင် သွားရောက်အပ်နှံခဲ့ပြီးနောက် ဗဟန်းရဲစခန်းက နှိပ်စက်သူ အိမ်ဖော် ဒေါ်သန်းသန်းနွဲ့ကိုသာ ကလေးသူငယ် ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခဲ့သည်။
“မနေ့က အမှုဖွင့်လိုက်တာပါ။ ဒီနေ့တော့ အဲဒီအမှုကို ဆက်လက် မစစ်သေးပါဘူး။ အိမ်ရှင်ကို တရားစွဲ၊ မစွဲဆိုတာလဲ၊ ကျ နော် က ပြောပိုင်ခွင့် မရှိတဲ့အတွက် ပြောလို့မရပါဘူး။ စခန်းမှူးကို မေးကြည့်ပါ” ဟု ဗဟန်းမြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတဦးက ဆိုသည်။
ယင်းအမှုနှင့် ပတ်သက်ပြီး မည်သို့ ဆက်လက်လုပ်ဆောင်သွားမည်ဆိုသည့်ကိစ္စကို ဗဟန်းရဲစခန်းမှ စခန်းမှူး ဦးအေး မင်းသိန်း ကို ဧရာဝတီသတင်းဌာနက ဆက်သွယ်မေးမြန်းရာ ပထမတကြိမ် ဖုန်းခေါ်ရာတွင် အစည်းအဝေး ရောက်နေ သည့် အတွက် နောက်တကြိမ် ပြန်ခေါ်ရန် ပြောကြားခဲ့ပြီးနောက် အကြိမ်ကြိမ် ဖုန်းဆက်ခေါ်ဆိုသော်လည်း ဖုန်းပြန်လည် ဖြေကြားပေးခြင်း မရှိတော့ပေ။
ညှဉ်းပန်းနှိပ်စက်ခံရသူ မစုဝေကို ဗိုလ်မှူး ကျော်နုမော်နှင့် ဇနီးက ကလေးမိဘအရင်းထံမှ ငွေကျပ် ၁၀ သိန်း ဖြင့် အမွေ စား ၊ အမွေခံ(မဟုတ်) ဆိုပြီး နှစ်ဘက်သဘောတူ လက်ရေးနှင့် ရေးသည့် စာချုပ် ချုပ်ဆိုမွေးစားထား ခြင်း ဖြစ်ပြီး ယင်းချုပ်ဆိုမှုသည့် တရားဥပဒေအရ အချုံးမဝင်ကြောင်း ကလေးငယ်ကို တရားဥပဒေအရ မွေးစားခြင်း မဟုတ် ကြောင်း၊ နောက်ပြီး ကလေးငယ်သည် ဗိုလ်မှူး ကျော်နုမော်တို့ လက်ထဲရောက်မှသာ ယခုလို နှိပ်စက်ခံရခြင်းသည် အိမ်ရှင်ဘက်က ကိုယ်ထိ လက်ရောက် မလုပ်သော်လည်း တရားဥပဒေကြောင်းအရ ကြည့်မည်ဆိုလျှင် အိမ်ရှင်တွင် တာဝန်ရှိကြောင်း တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုသည်။
“ကလေးမွေးစားတယ်ဆိုတာ နှစ်ဘက်သဘောတူပြီး မွေးစားလို့မရပါဘူး။ မှတ်ပုံတင်ရပါတယ်။ အဲဒီအချက်နဲ့တင် အိမ်ရှင် တွေ ဟာ လူကုန်ကူးမှု ဥပဒေနဲ့ ငြိစွန်းနေပါပြီ။ နောက်ပြီး ကလေးကို ရိုက်တယ်ဆိုတာ တရားလက်မဲ့ ရိုက်လို့ မရပါဘူး။ အိမ်ရှင် ရှိနေပြီး အိမ်ဖော်က ရိုက်တာနဲ့ အိမ်ရှင်တွေကို တရားစွဲဆိုလို့ မရတော့ဘူးဆိုတာ မဟုတ်ပါဘူး။ အိမ်ရှင် တွေက အားပေး အားမြှောက်ရာ ရောက်ပါတယ်။ နောက်ပြီး သတင်းတွေကို ကြည့်ရင် အိမ်ရှင်တွေက ကလေးနဲ့ ပတ်သက် ပြီး လိမ်လည် ထားတာ တွေ့ရပါတယ်။ ဒါကိုလည်း ဥပဒေကြောင်းအရ အရေးယူနိုင်ပါတယ်” ဟု ရှေ့နေ ဦးရောဘတ် စန်းအောင် က ဆိုသည်။
ကလေးသူငယ် ဥပဒေ ပုဒ်မ ၆၆(ဃ) သည် မိဘ ဆရာ သို့မဟုတ် အုပ်ထိန်းခွင့် ရှိသူက လိမ္မာစေရန် ဆုံးမခြင်းမှ တပါး ကလေးသူငယ်အား တမင်နှိပ်စက်ညှင်းပန်းခြင်းကို တားမြစ်သော ပုဒ်မ ဖြစ်ပြီး ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၂ နှစ် (သို့မဟုတ်) ဒဏ်ငွေ ကျပ် ၁ သောင်း(သို့မဟုတ်) ဒဏ် ၂ ရပ်စလုံး ကျခံရန် ဥပဒေတွင် ပြဋ္ဌာန်းထားသည်။