သတင်း

အစိုးရအရာရှိတွေ ပိုင်ဆိုင်မှု စစ်တမ်း ကောက်ရန် အစီအစဉ်မရှိဟုဆို

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အစိုးရဝန်ထမ်း အရာရှိများ ၏ ပိုင်ဆိုင်မှု အခြေအနေ စစ် ဆေး ရန် အစီအစဉ်မရှိဟု အဆိုပါ ကော်မရှင် ဥက္ကဋ္ဌ ဦးမြဝင်း က ယနေ့ပြုလုပ်သည့် ပြည်သူ့လွတ်တော် ပုံမှန်အစည်း အဝေးတွင် ပြောကြားလိုက်သည်။

ယနေ့ကျင်းပပြုလုပ်သည့် ၁၃ကြိမ်မြောက် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးတင်မောင်ဦး က “အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများကို ဖြေရှင်းရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် မည်သို့သော စနစ်ဖြင့် အရေးယူဆောင်ရွက်မှု နှင့် အောင်မြင်မှု ရှိ/မရှိ”မေးခွန်းကို မေးမြန်းခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမြဝင်းက “ပိုင်ဆိုင်မှုစစ်တမ်းကောက်ယူရန် လတ်တလောတွင် အစီအစဉ်မရှိပါ”ဟု ဖြေကြားခဲ့ခြင်းဖြစ်သည်။

အစိုးရအရာရှိများ၏ ပိုင်ဆိုင်မှုစစ်တမ်းကောက်ယူခြင်းဖြင့် ၎င်းပုဂ္ဂိုလ်သည် ဌာနတွင်း အဂတိလိုက်စားမှုရှိမရှိ၊ လာဘ်ပေး လာဘ်ယူမှုရှိမရှိကို သိသာစေနိုင်မည်ဖြစ်သော်လည်း ကော်မရှင်အနေဖြင့် လတ်တလောတွင် စစ်ဆေးရန် အစီအစဉ် မရှိသေးဟု ဦးမြဝင်းက ပြောဆိုသည်။
“မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က ဦးဆောင်ညွန်ကြားရေးမှူး၊ ညွန်ချုပ်စတာတွေက တာဝန်ထမ်းဆောင်စဉ်မှာ ပိုင်ဆိုင် မှု အနေအထားကို အစိုးရ ကိုတင်ရတယ်။ ၁ နှစ် ၁ ကြိမ်စစ်ဆေးမှုလုပ်တယ်။ အဲဒီအခါမှာ သတ်မှတ်ထားတဲ့ ဝင်ငွေထွက်ငွေ နဲ့မညီရင် စစ်ဆေးတာ အရေးယူတာရှိတယ်။ အဂတိလိုက်စားမှုကို ပိုင်ဆိုင်မှု စစ်တမ်းအရ ထိန်းကျောင်းတဲ့သဘောဖြစ်ပါတယ် ။ အခုဆိုရင်ယာဉ်ထိန်းရဲတွေ ရဲ့ လာဘ်စားမှုက ပိုများလာတယ်လို့ ပြည်သူတွေက ပြောနေကြတယ်လေ”ဟု ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ဧရာဝတီ သို့ပြောသည်။

အစိုးရဝန်ထမ်းများ  ၏ အဂတိလိုက်စားမှု မှာ တနေ့တခြားဆိုးရွာလာသည့်အတွက် အစိုးရ မှ ဖွဲ့စည်းထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ လုပ်ဆောင်ချက်သည် အောင်မြင်မှုမရှိဟု ဝေဖန်သုံးသပ်မှုများရှိနေသည်။

“နည်းဥပဒေတောင် မထွက်သေးတာ။ မေးသာမေးလိုက်ရတာ ကော်မရှင်ဘက်ကလည်း အခက်အခဲတွေရှိပါတယ်။ ပြည်သူတွေက သုံးသပ်နေတာ၊ အပြင်မှာ သတင်းထွက်နေတာက ကော်မရှင်၏ လုပ်ငန်းသည် အောင်မြင်မှု မရှိဘူး လို့သုံးသပ်နေကြတယ်လေ။ ဒါကြောင့် ဒီနောက်ဆုံးလွှတ်တော်မှာ မေးဖြစ်တာ”ဟု  ဦးတင်မောင်ဦးက ရှင်းပြသည်။

အစိုးရ က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကို ၂၀၁၄ ခုနှစ် မတ်လ တွင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နည်းဥပဒေတရပ်ပြဋ္ဌာန်းနိုင်ရန် လွှတ်တော်သို့ တင်ပြထားဆဲဖြစ်ကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ကို ၂၀၁၃ ခုနှစ် သြဂုတ်လတွင် ပြဋ္ဌာန်းခဲ့ရာ သန့်ရှင်းသောအစိုးရ နှင့် ကောင်း မွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန်၊ လာဘ်ပေးလာဘ်ယူမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများ ကိုထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်၊ လာဘ်ပေး လာဘ်ယူမှု ကျူးလွန်သူများအား ထိရောက်စွာ အရေးယူရန်၊ တရားဥပဒေ စိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုများဖြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

Loading