ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း မြို့နယ် အုပ်ချုပ်ရေးမှူးက လုံခြုံရေးအတွက် စိတ်ချ ရပြီဟု ပြောဆိုပြီး ထောက်ခံစာ ထုတ်ပေးသဖြင့် စစ်ဘေးရှောင် ၅၀၀ ကျော်မှာ နေရပ်သို့ ပြန်သွားကြပြီဟု သတင်းရရှိသည်။
မိုးညှင်းမြို့နယ်၊ အောင်သပြေရပ်ကွက် အုပ်ချုပ်ရေးမှူးက “နိုဝင်ဘာလ ၂၂ ရက်က မြို့နယ် အုပ်ချုပ်ရေးမှူးက စိတ်ချရပြီ၊ ပြန်လို့ရပြီ ရှင်းပြတယ်၊ လုံခြုံရေးအတွက် လိုချင်တဲ့သူကို ထောက်ခံစာ လုပ်ပေး လိုက်တယ်၊ အသက်ကြီးတဲ့ သူတချို့နဲ့ ကလေးတွေ ၃၀ ဦး ဝန်းကျင်လောက်ပဲ ကျန်နေခဲ့တယ်၊ အားလုံး နီးပါးပြန်ပြီ” ဟု ဧရာဝတီကို ပြောသည်။
ပြန်သွားသည့် စစ်ရှာင် ၅၀၀ ကျော်တွင် ထောက်ခံစာ တောင်းယူသွားသည်မှာ ၄၀ ဦးခန့်သာ ရှိသည်ဟုလည်း ဦးနော်လာက ပြောသည်။ ဦးနော်လာက ၎င်းတို့မှာ တိုက်ပွဲဖြစ်ပွားရာ နေရာ၊ ရှေ့တန်းစခန်းများရှိ တပ်မတော်၏ တပ်ရင်းများနှင့်လည်း ညှိနှိုင်းထားသဖြင့် ထောက်ခံစာကို ပြလိုက်ပါက စစ်ဆေး မေးမြန်းခြင်းများ ပြုလုပ်ခံရခြင်း၊ ဖမ်းဆီးခံရခြင်းများ ရှိမည် မဟုတ်ဟုလည်း ပြောသည်။
ထောက်ခံစာတွင် ထောက်ခံစာ ကိုင်ဆောင်လာသူ၏ အမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်နှင့် မိုးညှင်း မြို့နယ်မှ ဒေသခံ ဖြစ်ကြောင်း၊ တိုက်ပွွဲ ဖြစ်ပွားရာ ရှေ့တန်းစခန်းများနှင့် နီးကပ်သည့် နေရာများသို့ လာရသည်မှာ နေအိမ်သို့ ပြန်လာခြင်းနှင့် တောင်ယာစပါးများ၊ အသီးအနှံခင်းများသို့ ပြန်လာခြင်း ဖြစ်ကြောင်း၊ မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှူးက ဟုတ်မှန်ကြောင်း ရေးသားပေးထားကြောင်း သိရသည်။
မိုးညှင်းမြို့ပေါ်တွင် စစ်ရှောင်နေသည့် ဒုက္ခသည် ၅၅၆ ဦး ရှိပြီး ၎င်းတို့မှာ တပ်မတော်က မိုးညှင်းမြို့ အရှေ့ဘက် အခြမ်း၊ ၂ မိုင်အကွာတွင် ရှိသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ရှေ့တန်း တပ်စခန်းများနှင့် တပ်မဟာ (၈) ဌာနချုပ် သို့ နိုဝင်ဘာ ၁၄ ရက်တွင် စတင် ထိုးစစ်ဆင် တိုက်ခိုက် နေချိန်တွင် တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် နီးသဖြင့် ထွက်ပြေးလာခဲ့ရသူများ ဖြစ်သည်။
စစ်ရှောင် ၅၅၆ ဦးမှာ အိမ်ထောင်စု ၁၇၇ စု တို့မှ ဖြစ်ပြီး မိုးညှင်းမြို့ပေါ်ရှိ အရှေ့ရိပ်သာကျောင်းတွင် ၁၆၀ ဦး၊ ကချင်နှစ်ခြင်း ဘုရားကျောင်း (KBC) တွင် ၁၈၉ ဦး၊ စိန့်ပက်ထရစ် ကျောင်းတွင် ၈၀ ဦး၊ ဧမာနွေလ ဘုရားကျောင်း တွင် ၃၉ ဦးနှင့် ဆရာအောင်ကိုလတ် အိမ်တွင် ၈၈ ဦး စသဖြင့် နေထိုင်နေကြသည်ဟု သိရသည်။
စစ်ရှောင်ဒုက္ခသည် ၅၅၆ ဦး၏ နေ့စဉ် စားသောက်ရေးကို မိုးညှင်းမြို့ရှိ ဘာသာရေး ဘုရားကျောင်းများမှ ထောက်ပံ့ပေး ထားသည်ဟု သိရသည်။
ပြန်သွားကြသည့် စစ်ရှောင်ဒုက္ခသည်များမှာ ၎င်းတို့၏ အိမ်တွင် ကျန်ရှိခဲ့သည့် ပစ္စည်းများ၊ ကျွဲ၊ နွား၊ ဝက် များ နှင့် တောင်ယာစပါးများ ရိတ်သိမ်းရန် ပြန်သွားကြခြင်းဖြစ်သည်ဟု ကချင်နှစ်ခြင်းအသင်းတော် (KBC) ၊မိုးညှင်းမြို့နယ် ၊တာဝန်ခံ ဦးဂန်အောင်က ပြောသည်။
ဦးဂန်အောင်က “ ကျနော်တို့ကတော့ မှာလိုက်တယ်၊ မလုံခြုံဘူးဆိုရင် ကြောက်ရင် ချက်ခြင်းပြန်လာခဲ့ကြဖို့ ပြောလိုက်တယ်၊ အခုက အခြေအနေ စောင့်ကြည့်ရမှာပဲ ၊ဘာမှန်းမသိသေးဘူး၊ စိတ်မချရဲသေးဘူး” ဟု ပြောသည်။
တိုက်ပွွဲမှာ မိုးညှင်းမြို့ပေါ်နှင့် ၂ မိုင်ကျော်သာ ကွာဝေးသဖြင့် သေနတ်ပစ်ခတ်သံများ၊ လက်နက်ကြီး ကျသံများကို မြို့မှ ကြားနေရပြီး နိုဝင်ဘာလ ၂၂ ရက်ထိ သေနတ်ပစ်သံများ ကြားနေရသည်ဟု မိုးညှင်း ဒေသခံများက ပြောသည်။