Ethnic Issues

ရန်ကုန်တွင် ငြိမ်းချမ်းရေးဆွေးနွေးနေစဉ် ရှမ်းတောင်ပိုင်းတွင် တိုက်ပွဲပြင်းထန်

This article has been converted from Zawgyi One to Unicode

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် ရှမ်းပြည် မြောက်ပိုင်း တပ်မတော် (SSPP/SSA) တို့ ရန်ကုန်တွင် ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် ရှမ်းတောင်တွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသည် ဟု သိရသည်။

နိုဝင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းမှ စတင်ကာ မိုင်းရှူးမြို့နယ် မိုင်းအက်ကျေးရွာအနီးတွင် SSPP/SSA နှင့် အစိုးရတပ်များ တိုက်ပွဲပြင်းထန် နေကြောင်းကို SSPP/SSA မှ ဗိုလ်မှူး စိုင်းခမ်းက ဧရာဝတီသို့ပြောသည်။

“ဒီနေ့ UPWC နဲ့ ကျနော်တို့ SSPP/SSA နဲ့ ရန်ကုန်မှာ တွေ့နေပါတယ်။ ဒါပေမယ့် မိုင်းအက် ကျေးရွာမှာတော့ မနက် ၈ နာရီ ၁၅ မိနစ်ကနေ ၂ နာရီခွဲအထိ အစိုးရဘက်က လက်နက်ကြီး ၁၀၅ မမ၊ ၁၂၀ မမတွေနဲ့ ပစ်နေပါတယ်” ဟု စိုင်းခမ်းက ဆိုသည်။

နိုဝင်ဘာ ၂၁ ရက်နေ့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက SSPP/SSA ၏ ဗဟိုကော်မတီဝင် တဦးဖြစ်သည့် စဝ်နော်လိတ်ထံ ဖုန်းဆက်လာကာ မိုင်းရှူး – မိုင်းနောင် ကားလမ်းတောင်ဘက်ခြမ်းရှိ SSPP/SSA တပ်များ ဆုတ်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။

နိုဝင်ဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့ ရွှေလီလမ်း ဗဟန်းမြို့နယ်ရှိ  မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြည်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) တွင် UPWC အဖွဲ့ဝင် ဦးအောင်မင်း၊  ဦးသိန်းဇော်၊ ဦးခင်မောင်စိုး တို့ ဦးဆောင်ပြီး SSPP/SSA ဗဟိုကော်မတီဝင် များနှင့် တွေ့ဆုံခဲ့ကြသည်။

UPWC ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၏ ပြောရေးဆိုခွင့်ရှိသူ ဦးတင်ဌေးက “လက်ရှိ ကတော့ သူတို့ဒေသမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ ဆွေးနွေးပါတယ်။ ၂၄ ရက်နေ့မှာ ထပ်ပြီး ဆွေးနွေးပါမယ်။ မပြီးပြတ်သေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

အစိုးရ တပ်မတော်နှင့် SSPP/SSA တို့အကြား အောက်တိုဘာ ၆ ရက်မှစတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့အထိ တိုက်ပွဲများ ပြင်းထန်နေသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၅ ဖွဲ့ကို အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ထိုးရန် ကမ်းလှမ်းခဲ့ရာ အဖွဲ့ ၈ ဖွဲ့ လက်မှတ်ထိုးပြီး ကျန်လက်မှတ် မထိုးသည့် အဖွဲ့တွင် SSPP/SSA လည်း ပါဝင်နေသည်။

အစိုးရတပ်နှင့် SSPP/SSA အကြား တိုက်ပွဲဖြစ်ပွားနေသည့် တလကျော် ကာလအတွင်း ရှမ်းပြည်နယ် အတွင်းရှိ တောင်ကြီး၊ မိုင်းရှူး၊ လဲချား၊ နမ့်စန်၊ လားရှိုး၊ မိုင်းနောင်မြို့နယ်များမှ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင် နေကြရသည့် စစ်ဘေးရှောင် ဒုက္ခသည် ၁၀၀၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။

Loading