အစိုးရ တပ်မတော်နှင့် ရှမ်းပြည် တောင်ပိုင်းတပ်မတော် (SSPP/SSA) တို့ အကြား တိုက်ပွဲဖြစ် ပွားနေမှုကို အမြန်ဆုံး ရပ်တန့်နိုင်ရေး အကူအညီပေးရန် ကြယ်ပွင့်မပြ မေးခွန်းမေးမြန်းထားမှုကို ယနေ့အထိ အကြောင်းပြန်ကြားမှုမရှိကြောင်း ကွန်းဟိန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက နိုဝင်ဘာ ၂၃ ရက်တွင်ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
မေးခွန်းကို အောက်တိုဘာ ၂၈ ရက်က မေးမြန်းခဲ့ခြင်းဖြစ်ပြီး အစိုးရတပ်မတော်နှင့် SSPP/SSA တို့အကြား တိုက်ပွဲများ ကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ၉ ထောင်ကျော်အထိ တိုးလာသည်မှာလည်း နိုင်ငံအတွက် ကောင်းမွန်သည့် လက္ခဏာ မဟုတ်ဘဲ ၎င်းတို့၏ အသက်နှင့် လူမှုကိစ္စများအတွက် စိုးရိမ်ဖွယ်ရာရှိနေကြောင်း ဒေါ်နန်းဝါနုက ပြောကြားခဲ့ သည်။
နိုဝင်ဘာ ၂၃ ရက်နေ့ လွှတ်တော် အစည်းအဝေးတွင် စစ်ဘေးရှောင်ဒုက္ခသည်များနှင့် ပတ်သက်၍ အစိုးရက ပြည့်ပြည့်ဝဝ ကူညီစောင့်ရှောက်ပေးရေး အရေးကြီး အဆိုတရပ်ကိုလည်း ကျေးသီမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအွမ်ဆိုင်မိုင်းက တင်သွင်းခဲ့သည်။
အဆိုနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က စစ်ဘေးဒုက္ခသည်များအပေါ် ကူညီစောင့်ရှောက်လျက်ရှိကြောင်း ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ရှင်းလင်းချက်ကို အခြေခံကာ အဆိုအား မှတ်တမ်းတင်စောင့်ကြည့်သွားရန်သာ ဆုံးဖြတ် ကြောင်း ကြေညာခဲ့သည်။
ဦးစိုင်းအွမ်ဆိုင်မိုင်းက “အဆိုက ပြည်ထောင်စု လွှတ်တော်ကိုတင်ပေမယ့် ပြည်သူ့လွှတ်တော်မှာပဲ ဆွေးနွေးပါ ဆိုလို့ ကြန့်ကြာခဲ့ပါတယ်၊ ဝန်ကြီးဌာနတွေက လာဖြေပေမယ့် ကူညီမှုတွေက အပေါ်သဘော လောက်ပဲ တွေ့နေ ရတယ်” ဟု ဧရာဝတီသို့ပြောသည်။
တပ်မတော်နှင့် SSPP/SSA တို့အကြား အောက်တိုဘာ ၆ ရက်မှ စတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ရာတွင် ဒေသခံ စစ်ဘေးရှောင်ဒုက္ခသည် တသောင်းခန့်မှာ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရပြီး ကျန်းမာရေး စားဝတ်နေရေး အတွက် အခက်အခဲဖြစ်နေကြောင်း ကူညီဆောင်ရွက်နေသည့် အရပ်ဖက်အဖွဲ့များထံမှ သိရသည်။
ယင်းသို့ တိုက်ပွဲဖြစ်ပွားနေမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် SSPP/SSA တို့အကြား ဆွေးနွေးညှိနှိုင်းမှုကို ရန်ကုန်မြို့တွင် ယနေ့ နိုဝင်ဘာ ၂၃ ရက်တွင် စတင်ဆွေးနွေးနေကြောင်း သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၊ မိုင်းရှူး စသည့် မြို့နယ်များတွင်လည်း တပ်မတော်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တပ်ဖွဲ့ တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေသည်။
ကချင်ပြည်နယ်တွင်လည်း အစိုးရ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား ၂၀၁၂ ခုနှစ်မှ စတင်ကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိရာ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ တသိန်းခွဲခန့်မှာ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေထိုင်ရလျက် ရှိနေကြောင်း ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။
လတ်တလော တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် KIA၊ SSPP/SSA၊ TNLA တပ်ဖွဲ့များမှာ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် အဖွဲ့များဖြစ်သည်။