လပိုင်းသာကျန်တော့တဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်း ကုန်ဆုံးသွားပြီးနောက် မဲအပြန်အသတ်နဲ့ အသစ်တက်လာမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ အစိုးရအနေနဲ့ နိုင်ငံအတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စတဲ့ ကိစ္စရပ်များအပါအဝင် ယိုယွင်းပျက်စီးနေတဲ့ ကဏ္ဍအရပ်ရပ်ကို မဖြစ်မနေ လုပ်ဆောင် ကြရမှာ ဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်ရမယ့် ကဏ္ဍတွေအနက် အထူးအလေးထားလုပ်ဆောင်ရမယ့် ကိစ္စရပ်တခုဟာ နိုင်ငံအတွင်း အစိုးရ အဆက်ဆက်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအကြား နှစ်ပေါင်း ၆၀ ကျော်ကြာ အမြစ်တွယ် ဖြစ်ပွားခဲ့တဲ့ ပြည်တွင်း စစ်ရပ်တန့်နိုင်ရေးအတွက် စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အရေးထား ဖော်ဆောင်ရတော့မှာ ဖြစ်ပါတယ်။
အစိုးရသစ်လက်ထက် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး NLD ပါတီ ဗဟိုအလုပ်မှုကော်မတီဝင် ဦးဝင်းထိန်က “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးစီးလုပ်ဆောင်သွားမှာပါ။ တခြားဟာကို မစဉ်းစားပါနဲ့” လို့ ရွေးကောက်ပွဲ မဲအရေအတွက်တွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ ပြောဆိုလိုက်ပါတယ်။
ကြံ့ခိုင်ရေးအစိုးရလက်ထက်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နဲ့သာ ရေးထိုးနိုင်ခဲ့ပြီး စစ်ရေး၊ နိုင်ငံရေး အင်အားတောင့်တင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကြီးတွေ အပါအဝင် စုစုပေါင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကျော်နဲ့ လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးပါဘူး။
အနိုင်ရ NLD ပါတီက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လုပ်မယ်လို့ ပြောဆိုလိုက်တဲ့ နောက်မှာ လက်ရှိ ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) မှာ တာဝန်ထမ်းဆောင် နေကြသူတွေ နောက်အစိုးရ သက်တမ်းမှာ ပါဝင်ခွင့် ရ မရဆိုတဲ့ ပြောဆိုနေသံတွေလည်း တချိန်တည်းမှာပဲ ထွက်ပေါ်လာပါတယ်။
MPC ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှမောင်ရွှေက “လက်ရှိလုပ်ငန်းစဉ်မှာ ပါဝင်နေသူတွေ နောက်အစိုးရလက်ထက်မှာ ပါဝင်ခွင့် ရ မရ ဆိုတာက နောက်အစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်” လို့ဆိုပါတယ်။
သမ္မတဦးသိန်းစိန် အစိုးရက တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နဲ့ NCA လက်မှတ်ထိုးခဲ့မှုအပေါ် သမိုင်းဝင် လက်မှတ်ထိုးပွဲ ဆိုပြီး အမွန်းတင် ပြောဆိုနေကြပေမယ့် တိုင်းရင်းသား လက်နက်ကိုင် အသိုင်းအဝိုင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စောင့်ကြည့် လေ့လာနေသူတွေကတော့ အားလုံးပါဝင်ရေးကို ကန့်သတ်ထားတဲ့ အစိုးရရဲ့ အပစ်ရပ်ရေး စာချုပ်ဟာ “ဟန်ပြ” သက်သက်သာ ဖြစ်တယ်လို့ ထောက်ပြဝေဖန်နေကြပါတယ်။
စစ်မှန်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ရရှိဖို့အတွက် အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ တပ်မတော်တို့အကြား ညှိနှိုင်းဆောင်ရွက်ပေးမယ့် ပုဂ္ဂိုလ်တွေဟာ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပြီး ကိုယ်ကျိုးစီးပွား မဖက်သူတွေနဲ့သာ ဖွဲ့စည်းဆောင်ရွက် သင့်တယ်လို့လည်း တိုက်တွန်းပြောဆိုကြပါတယ်။
NLD ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ “တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး” ဆိုတဲ့ စာကြောင်းကို နံပတ် ၁ နေရာမှာ ထားရှိထားတာကို တွေ့ရတဲ့အတွက် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးအဆင့်မှာ ရှိတယ်ဆိုတာကို ညွန်းဆိုနေတယ်လို့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တချို့က ဆိုပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့က ရွေးကောက်ပွဲကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း စောင့်ကြည့်ခဲ့ကြပြီး အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက အနိုင်ရရှိပြီးတဲ့နောက် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေက ကြိုဆိုကြောင်း ချက်ချင်း သဘောထား ထုတ်ပြန်ခဲ့ကြပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အများစုနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရရှိခဲ့တဲ့ NLD ပါတီကို ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် လက်ရှိအစိုးရနဲ့ သော်လည်ကောင်း၊ အစိုးသစ်နဲ့ သော်လည်းကောင်း ဆက်လက် ညှိနှိုင်းအဖြေရှာသွားမယ်လို့ UNFC က ထုတ်ပြန်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် နောက်အစိုးရသက်တမ်းမှာ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပိုမို ဖြစ်ထွန်းလာလိမ့်မယ်လို့ မျှော်လင့်ထားပြီး တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ UNFC အထွေထွေ အတွင်းရေးမှူး ခူးဦးရယ်က ဆိုပါတယ်။
“ဒေါ်စု ကိုယ်တိုင်ကလည်းပဲ တပ်မတော်၊ လက်ရှိအစိုးရတို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကနေ အတူတကွ လက်တွဲဆောင်ရွက်မယ်ဆိုတဲ့ သဘောထား ပေးထားပြီးသားဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လက်ရှိအစိုးရနဲ့ တပ်မတော်တို့ သွားနေတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းက မတော်သင့်သေးဘူး။ တချို့နည်းလမ်းသစ်တွေနဲ့ သွားသင့်တယ်။ တချို့ အဆင့်တွေကို ပြန်လည်သုံးသပ်ဖို့ လိုတယ်ဆိုရင်လည်းပဲ ကျနော်တို့ အားလုံး အတူတကွ ညှိနှိုင်းပြီးတော့ အဖြေရှာကြမှာပေါ့ဗျာ” လို့ ခူဦးရယ်က ဆိုပါတယ်။
မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့်အမျိုးသားတပ်မတော် (AA) တို့ကလည်း အနိုင်ရ NLD ပါတီ အစိုးရ ဖြစ်လာမယ်ဆိုရင် ပြည်တွင်းစစ်ရပ်စဲပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်ဖို့အတွက် ဝန်းရံသွားမယ်လို့ ပူးတွဲ ကြေညာချက် ထုတ်ပြန်ပြီး သူတို့ရဲ့ သဘောထားကို ပြသခဲ့ကြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအနက် အင်အားအကြီးဆုံး လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ‘ဝ’ ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) ကလည်း နောက်တက်လာမယ့် NLD အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ဖို့အတွက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးပြုလုပ်နေကြောင်း UWSA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လျှောက်ဖူက ဆိုပါတယ်။
“ကျနော်တို့ဘက်က ဆွေးနွေးနေပါတယ်။ NLD နဲ့ ဘယ်လိုဆက်ပြီး ဆွေးနွေးသွားမလဲ ဆိုပြီး။ ကျနော်တို့ဘက်ကလည်း မူဝါဒတွေ ချနေတယ်။ NLD နဲ့ ဘယ်လို ဆက်ဆံမလဲဆိုတာ ကျနော်တို့ အတွင်းပိုင်းမှာ ညှိနှိုင်းနေပါတယ်” လို့ ကျောက်လျှောက်ဖူက ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး ကိစ္စတွေ ဆောင်ရွယ်မယ်လို့ မူဝါဒ ချထားတဲ့ NLD အစိုးရနဲ့ တွေဆုံဖို့ ပြင်ဆင်မှုတွေ ရှိနေကြသလို NLD နဲ့ တပ်မတော်အကြား ဆက်ဆံရေးကိုလည်း တပြိုင်တည်းမှာ စောင့်ကြည့်နေကြပါတယ်။
ဘာကြောင့်လဲဆိုရင် လက်ရှိအစိုးရဟာ တပ်မတော်အပေါ်မှာ သြဇာသက်ရောက်မှုမရှိဘဲ တပ်မတော် မျက်နှာကို ပြန်ကြည့်နေရတယ်လို့ အများက ယုံကြည်ထားလို့ပါ။ လက်ရှိအစိုးရသက်တမ်းမှာ သမ္မတ ဦးသိန်းစိန်က ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ကို မတိုက်ဖို့ ပြောဆိုခဲ့ပေမယ့် တပ်မတော်က တိုက်လေယာဉ်များကိုပါ အသုံးပြုထိုးစစ်ဆင်ခဲ့ပါတယ်။
ဒါ့အပြင် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့တဲ့ ကာလအတွင်းမှာ ပဏာမ အပစ်အခတ် ရပ်စဲရေးပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့တောင် တိုက်ပွဲပေါင်းများစွာ ဖြစ်ခဲ့၊ ဖြစ်နေတဲ့ သာဓကတွေ မြင်နေရဆဲဖြစ်တာကြောင့် လက်ရှိအစိုးရရဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်အပေါ် စိတ်ဝင်စားမှု နည်းပါးနေတာဖြစ်ပါတယ်။
လတ်တလော ရှမ်းပြည်နယ်တောင်ပိုင်းမှာ အစိုးရ တပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံ တိုင်းရင်းသား ၉၀၀၀ ကျော် အိုးအိမ်စွန့်ခွါပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
အလားတူ ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း TNLA နဲ့ တပ်မတော်တို့အကြားမှာ တိုက်ပွဲတွေရ က်ဆက်ဖြစ်ပွားနေသလို ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ထဲမှာလည်း တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပါတယ်။
ဒီလိုပြည်တွင်းစစ်ပွဲတွေ ဘယ်တော့ ရပ်ဆိုင်းသွားမလဲဆိုတဲ့ စိုးရိမ်မှု၊ ဘယ်အချိန်အိမ်ပြန်ရမလဲ ဆိုတဲ့ စိုးရိမ်မှု၊ နောက်ကျောလုံလုံနဲ့ ဝမ်းစာရှာစားချင်တဲ့သူတွေဟာ စစ်မက်ဖြစ်ပွားနေတဲ့ ဒေသက ဒေသခံပြည်သူတွေပဲ ဖြစ်ပါတယ်။ ဒီအခြေအနေတွေ ရရှိအောင် ဆောင်ရွက်ပေးနိုင်မယ့်သူတွေ သူတို့အတွက် စက္ကန့်နဲ့အမျှ အလိုရှိနေပါတယ်။
နောက်အစိုးရသက်တမ်းမှာ ပြည်တွင်း စစ်ပွဲတွေ ရပ်ဆိုင်းသွားဖို့ NLD အစိုးရ ဘယ်လောက် လုပ်နိုင်မလဲဆိုတာကလည်း တပ်မတော်က ဘယ်လောက်အထိ ပူးပေါင်း လုပ်ဆောင်သွားမလဲဆိုတဲ့ အခန်းကဏ္ဍကလည်း အဓိက အရေးကြီးသလို တိုင်းရင်းသား လက်နက်ကိုင် အများစုကလည်း ပူးပေါင်းဆောင်ရွက်ကြမှသာ ပြည်တွင်းစစ်ကို အမြစ်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။