စေတီပုထိုးပေါင်းများစွာ တည်ရှိသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ ဘုရားဆင်းတုတော် ၅၇ ဆူကို ရန်ကုန်မြို့တွင် ဖမ်းဆီးရမိခဲ့သည် ဆိုသည့် သတင်းတခု ထွက်ပေါ်လာပြီး ရခိုင်ပြည်နယ်၏ ရှေးဟောင်း သမိုင်းဝင် အမွေအနှစ်များ မကြာခဏ ပျောက်ဆုံးနေသည့်အပေါ် ရခိုင်လူထုကြားတွင် စိုးရိမ်စိတ်ဖြင့် ဝေဖန်မှုများ ထွက်ပေါ်လာလျက် ရှိသည်။
ရခိုင်တို့၏ သမိုင်းဝင် ရှေးဟောင်း အမွေအနှစ်များ ပျက်စီးဆုံးရှုံးမှု၊ ပျောက်ဆုံးမှုများ မရှိစေရန် အစိုးရ၊ ရဲတပ်ဖွဲ့နှင့် ပြည်သူများ ပူးပေါင်း ဆောင်ရွက်ရေး၊ သမိုင်းဝင်စေတီ ပုထိုးများ လုံခြုံရေး၊ ရှေးဟောင်း စေတီပုထိုးများ ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းနိုင်ရေးတို့အတွက် မြောက်ဦးမြို့ ရှေးဟောင်း သုတေသနဌာနတွင် ပြတိုက်မှူးဟောင်းလည်းဖြစ် လက်ရှိတွင် မြောက်ဦးမြို့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်သူ ဒေါ်ခင်သန်းကို ဧရာဝတီ သတင်းဋ္ဌာန ရခိုင်ပြည်နယ် သတင်းထောက် မင်းအောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ မြောက်ဦးက ခိုးလာတဲ့ ရှေးဟောင်းဘုရား ဆင်းတုတော် တချို့ တခြားနေရာတွေမှာ ဖမ်းမိတယ်ဆိုပြီး သတင်းတွေ ကြားနေရပါတယ်။ မြောက်ဦးမြို့မှာ ရှိနေတဲ့ စေတီပုထိုးတော်တွေရဲ့ ဋ္ဌာပနာတွေက ဒီလိုပဲ သူခိုးသူဝှက်တွေက ခိုးနေကျပုံစံမျိုး ဖြစ်နေတာလား။ ဗုဒ္ဓဆင်းတုတော်တွေကို ထိန်းသိမ်းထားတဲ့ အပိုင်းမှာ လုံခြုံမှု အခြေအနေလည်း ဘယ်လို ရှိပါသလဲ။
ဖြေ ။ ။ မြောက်ဦးမှာလေ။ ဒီလိုမျိုး ရှေးဟောင်းပစ္စည်းတွေ ဘုရားဆင်းတုတော်တွေ မကြာခဏ ဖောက်ထွင်းခံရပြီး ပျေက်ဆုံးနေ တာ ကြာပါပြီ။ ကျမတို့မှာ သဇင်ပန်းခိုင် တမြိုင်မြိုင် ရခိုင်ဘုရားပေါင်းဆိုပြီး ဆိုပြီးတော့မှ ရခိုင်မှာ ဘုရားတွေက အများကြီး ရှိပါတယ်။ မြောက်ဦးဒေသ တခုလုံးသည် ဘုရားမရှိဘူးဆိုတဲ့ဟာ မဟုတ်ဘူး။ မြောက်ဦးမှာရှိတဲ့ ရှိသမျှတောင်တွေမှာ ဘုရားရှိပါတယ်။ ဘုရား မရှိတဲ့ တောင်ဆိုလို့ သုံးတောင်ပဲ ရှိပါတယ်။ အားလုံးမှာ ဘုရားဆင်းတုတော်တွေချည်းပဲ။ အများကြီးကို ရှိတာ။ မြို့ပေါ်မှာလည်း ရှိတယ်။ တောတွေထဲမှာလည်း ရှိတယ်။
လူသူအရောက်အပေါက်နည်းတဲ့ နေရာတွေမှာလည်းပဲ ရှိတယ်။ ဆိုတော့။ အခုဟာက ဘယ်လိုမျိုးလဲဆိုတော့ ထိန်းသိမ်းမှုနဲ့ ကာကွယ် စောင့်ရှောက်မှု အားနည်းတဲ့အတွက်ကြောင့်မိုလို့ အဲဒီဘုရားဖောက်တွင်းမှုက မကြာမကြာ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
မေး ။ ။ မကြာခဏ အခိုးခံနေရတယ်ဆိုတော့ ဘုရားခိုးဂိုဏ်းတွေက ဘယ်လို ဆင်းတုတော်မျိုးကို ဖေါက်ထွင်းပြီး ခိုးထုတ် ယူနေတာကို တွေ့ရပါသလဲ။ ဆရာမတို့ လေ့လာတွေ့ ရှိသမျှပေါ့။
ဖြေ ။ ။ အခိုးအများဆုံးကတော့ ဋ္ဌာပနာ ဘုရားဆင်းတုတော်တွေ များပါတယ်။ ဘုရားစေတီတခု တည်တော့မယ်ဆိုရင် ဋ္ဌာပနာ ၃ ရပ် တွေ့ရတယ်။ မြေအောက် ဋ္ဌာပနာရယ်၊ အလယ်ဋ္ဌာပနာရယ်၊ ငှက်ပျောဖူး ဋ္ဌာပနာရယ် ဆိုပြီး ၃ ခု ရှိတယ်။ စေတီပုထိုးထား ကိုး ကွယ်တယ်ဆိုတာ ဋ္ဌာပနာတွေပါတယ်။ ဋ္ဌာပနာမပါရင် အုတ်ပုံကြီး ဖြစ်မှာပေါ့။ စေတီတဆူကို ဖောက်လိုက်ပြီဆိုရင် မြေအောက် ဋ္ဌာပနာ၊ အလယ် ဋ္ဌာပနာ၊ ငှက်ပျောဖူး ဋ္ဌာပနာ ၃ မျိုးစလုံးကို ရတတ်ပါတယ်။ တချို့ ပျက်နေတဲ့ ဘုရားတွေကျတော့ ထီးတော်တွေ
မရှိတော့ဘူး။ ငှက်ပျောဖူးတွေ မရှိတော့ဘူးဆိုတဲ့ ဘုရားတွေကျတော့ အလယ်ဋ္ဌာပနာနဲ့ မြေအောက်ဋ္ဌာပနာတွေကို ဖောက်တတ် ပါတယ်။
အခုအဖောက်ခံရတဲ့ စေတီတွေက ဘယ်စေတီတွေ ဖြစ်တယ်။ အဲဒီအထဲမှာပါတဲ့ ဋ္ဌာပနာအခန်း အရံတွေက ဘုရားဆင်းထုတော် တွေက ဘယ်လောက်ဖြစ်တယ်ပေါ့။ အခုဖမ်းမိထားတယ်ဆိုတဲ့ ဘုရားတွေက ဘယ်ခေတ်က ဘုရားတွေလဲ၊ ရှေးဟောင်းဘုရားတွေ လား။ ဒါမှမဟုတ်ရင်လည်း အတုတွေလား၊ အစစ်တွေလား ဆိုတာကလည်း ဘာမှ မသိရတဲ့အတွက်မို့ ပြောရခက်ခဲနေပါတယ်။
မေး ။ ။ ဘုရားခိုးတဲ့ ဂိုဏ်းသားတွေကရော ဘယ်သူတွေ ဖြစ်မလဲ။ ပြည်ပကနေ တကူးတက လာပြီး ခိုးနေကြတာလား။ ဒေသခံတွေ ကိုယ်တိုင်ကပဲ ခိုးပြီး ရောင်းကုန်အဖြစ် ထုတ်နေကြတာလား။ ဆရာမ အတွေ့အကြုံအရ ဘယ်လို သုံးသပ်ပါသလဲ။
ဖြေ ။ ။ ကျမရဲ့ အတွေ့အကြုံအပေါ့နော်။ ကျမဋ္ဌာနမှာ ရှိခဲ့တုန်းက အချိန်ကပေါ့။ ရဲစခန်းကလည်း အင်အားနည်းနည်းလေးပဲ ရှိတယ်။ စစ်တပ်ကလည်း မရှိသေးဘူး။ ရခိုင်ပြည်နယ် လုံခြုံမှု အားနည်းနေတဲ့ အချိန်ပေါ့နော်။ အဲဒီအချိန်တုန်းကဆို မြို့ပေါ်မှာ တရက်ကို ၃ ဆူလောက်က အဖောက်ခံလိုက်ရတာ။ အဲဒီလို အဖေါက်ခံရတဲ့ အထဲမှာ ကျမရဲ့အတွေ့အကြုံအရဆိုလို့ ရှိရင် ဂိုဏ်းက အဲဒီခေတ်က ဘုရားခိုးတဲ့ ဂိုဏ်း ၆ ဂိုဏ်းလောက် ရှိခဲ့တယ်။
အဲဒီဂိုဏ်း ၆ ဂိုဏ်းမှာ ပါဝင် ပတ်သက်မှု အများဆုံးကတော့ ဘုန်းကြီးတွေ ဖြစ်တယ်။ နောက်တခုက အဖောက်ခံရတဲ့ ဘုရားရဲ့ ပတ်ဝန်းကျင်က ဒေသခံတွေ ပါနေတယ်။ အဲဒါကျမရဲ့ အတွေ့အကြုံပဲ။ အခုလည်း ဖမ်းလိုက်တယ်။ မိတယ်။ ဘုန်းကြီးပါတယ် ဆိုတာကလည်း ဟုတ်တယ်။ အဲဒါ Right။
မေး ။ ။ ဆရာမပြောသလို သဇင်ပန်းခိုင် တမြိုင်မြိုင် ရခိုင်ဘုရားပေါင်းဆိုတဲ့အတိုင်း ဘုရားတွေက အများကြီး။ တောတိုင်း၊
တောင်တိုင်းမှာ ရှိနေတော့ ဒေသဆိုင်ရာ အာဏာပိုင်နဲ့ ရှေးဟောင်း သုတေသနဋ္ဌာနတွေအနေနဲ့ ဘယ်လို လုံခြုံရေးတွေ လုပ်ပေးသင့်လဲ။
ဖြေ ။ ။ ကျမတို့ ဒေသအနေနဲ့ အရေးကြီးတဲ့ ဘုရားတွေမှာ ဘုရားစောင့်တွေ ခန့်ထားသင့်တယ်။ ခန့်ထားပြီးတော့မှ ရှေး/သု ဋ္ဌာနမှာ
တာဝန်ရှိတဲ့သူတွေက ကိုယ်တိုင်သွားပြီး ကြည့်သင့်တယ်။ ကျမတို့တုန်းကဆိုရင် ရှေး/သု ဋ္ဌာနမှာ ကိုယ်ပိုင်ထိုင်ခုံတောင် မရှိဘူး။ နေ့ တိုင်း သွားကြည့်တယ်။ တရက် တရက်ကို မကျော်ရဘူးရင် တောင်သုံးလုံးလောက်ကတော့ နေ့တိုင်းကျော်နေရတာပဲ။ တောင်တွေပေါ် မှာ ရှိနေတဲ့ ဘုရားတွေကို အမြဲတန်း သွားကြည့်တယ်။ သုတေသန လုပ်တယ်။ ဖော်ထုတ်တယ်။ ဋ္ဌာပနာတွေလိုမျိုး အဖောက်ခံရ တယ်ဆိုလို့ ရှိရင် ချက်ချင်းဒေသဆိုင်ရာ အာဏာပိုင်တွေကို တိုင်တယ်။ နောက်တခါ ဋ္ဌာပနာတွေကို ပြန်ပြီးတော့ ဖမ်းမိအောင် ကျမတို့ ကလည်း လိုက်ပြီး စုံစမ်းတယ်။ ဖော်ထုတ်တယ်။ ရှေးဟောင်း သုတေသနမှာ လက်ရှိ ရှိနေတဲ့ ပြတိုက်တစ်ခုလုံးက ဘုရားတွေဟာ ကျမတို့ ဖမ်းဆီးခဲ့တဲ့ ဘုရားတွေပါ။ အစိုးရ အနေနဲ့ လျော်ကြေးပေးပြီးတော့မှ (သို့မဟုတ်) ဆုကြေးပေးပြီးတော့မှ သိမ်းထား
တဲ့ ဘုရားဆိုတာတွေက ရာခိုင်နှုန်းနဲ့ ပြောမယ်ဆိုရင် ၁၀ ရာခိုင်နှုန်းတောင် မပြည့်ပါဘူး။
မေး ။ ။ နောက်တခုက ဘုရားစေတီပုထိုးတွေမှာ ဂေါပက လူကြီးတွေကလည်း ရှိကြတယ်လေ။ အဲဒီဂေါပက လူကြီးတွေကလည်း ဘုရားရင်ပြင်တော်နဲ့ ဘုရားနယ်နိမိတ်တလျောက်မှာ အာဏာပိုင်ကဲ့သို့ လုပ်ပိုင်ခွင့်တွေ ရှိတာပဲ။ သူတို့မှာရော တာဝန် မရှိဘူးလား။
ဖြေ ။ ။ ဘုရားတိုင်းမှာတော့ ဂေါပက ဆိုတာ မရှိပါဘူး။ ဂေါပကရှိတဲ့ ဘုရားတွေမှာဆို ဂေါပကမှာလည်း တာဝန်ရှိပါတယ်။ တာဝန် လို့ပြောမယ်ဆိုလို့ ရှိရင် ဂေါပက ကမြို့ပေါ်နာမည်ကြီး ဘုရားလောက်နဲ့ အဲဒီပတ်ဝန်းကျင် နာမည်ကြီး ဘုရားတွေ လောက်မှာပဲ ဂေါပက က ရှိတာ။ တောထဲမှာရှိနေတဲ့ ဘုရားတွေမှာ ဘယ်မှာ ဂေါကပ ရှိမှာလဲ။ အခု ရှိနေတဲ့ ရှေးဟောင်း သုတေသနမှာ လုပ်နေတဲ့ တာဝန် ရှိတဲ့ လူတွေဟာ ရှေးဟောင်းဘုရားတွေကို ဖမ်းတယ်လို့ ဆိုတာ မကြားမိသလောက်ဘဲ။ မဖမ်းရတဲ့ အကြောင်းရင်းကလည်း သူတို့က ဒီဒေသမှာ ဘယ်သူတွေက ခိုးတတ်တယ်။ ဘယ်လိုဂိုဏ်းတွေ ရှိတယ်ဆိုတာကို သူတို့ ကိုယ်တိုင်က မသိ။
ကျမတို့တုန်းကဆိုရင် သူတို့တွေ ခိုးထုတ်လာတဲ့ ဘုရားတွေဟာ အလယ်ဋ္ဌာပနာကဘုရားဆိုရင် အလယ် ဋ္ဌာပနာမှာ ဘယ်ဘုရား ပါရ မယ်။ အလယ်ဋ္ဌာပနာမှာ ဘုရား အဆူပေါင်း ၂၀ လောက် ထည့်ရမယ်ဆိုရင် သူတို့ဆီက ၁၀ ဆူလောက်ပဲ ဖမ်းမိတယ်ဆိုရင် နောက် ၁၀ ဆူ ဘယ်မှာလဲဆိုပြီး ကျမတို့က ဒီလို ထုတ်ပြီး မေးရတယ်။ အဲဒီလို ကျမတို့ ပြန်စစ်တဲ့အခါမှာလည်းပဲ ပြန်ထပ်ရတာတွေလည်း ရှိတယ်။ အခုဖမ်းမိတဲ့အပေါ်မှာ ဘုရား ဘယ်နှစ်ဆူကနေ ဖောက်လာတာလဲ။ သူတို့က ဒါတွေအကုန်လား။ နောက်ထပ် ဒါတွေ ရှိသေးလား။ သူတို့တွေကို ပြန်ပြီးတော့မှ သေချာစစ်မေးရမှာ ဖြစ်တယ်။ နောက်ပြီးတော့ ထွက်လာတဲ့ ဋ္ဌာပနာ ဘုရားတွေထဲမှာ ကြေးဘုရားက ဘယ်လောက်၊ ငွေဘုရားက ဘယ်လောက်၊ ရွှေဘုရားက ဘယ်လောက်၊ နောက်တခါ ဋ္ဌာပနာစေ့ဘုရားက ဘယ်လောက်၊ ဌာပနာ အခန်းအရန်မှာ ဗဟိုပင်မ ဋ္ဌာပနာက ဘယ်လောက်ပေါ့။ အဲလိုမျိုး ကျမတို့က ဋ္ဌာပနာ အခန်းအရံကို ခွဲတတ်ရတယ်။ နောက်ပြီးတော့မှ ဖမ်းမိတဲ့ ဒီဘုရားတွေက အစစ်၊ အတု။
တခါတခါဆိုရင် ဒီကလူတွေကလည်း အတုလုပ်ပြီး ရောင်းတာ ရှိတယ်။ ဟိုမှာဖမ်းတဲ့ လူတွေကလည်း အတုကြီးကို တခါတည်း အစစ် ထင်ပြီး ဖမ်းလို ဖမ်း။ အဲလိုလဲ ဖြစ်တတ်တယ်။ ဒီဟာတွေဟာ ပညာရပ်ပိုင်းဆိုင်ရာ ကိစ္စတွေ။ အခုလိုမျိုး ဖြစ်လာရင်တော့ ပထမ အတု အစစ် ခွဲရမယ်။ ဒုတိယ ခေတ်ကာလ ခွဲရမယ်။ တတိယကတော့ ဋ္ဌာပနာ အခန်းအရန်ကနေပြီးတော့ ဒါမြေအောက်ဋ္ဌာပနာလား၊
အလယ် ဋ္ဌာပနာလား၊ ငှက်ပျောဖူး ဋ္ဌာပနာလားဆိုတာ ဋ္ဌာပနာ ၃ ရပ် အခန်းအရံထဲမှာ။ ဥပမာ ရှိရမယ့် ဘုရားထဲမှာ ဖမ်းမိတာ ဘယ် လောက်ပေါ့။ စသည်အားဖြင့် ဒါပညာရပ်ပိုင်းဆိုင်ရာတွေပါ။
မေး ။ ။ လက်ရှိမှာရော မြောက်ဦးမှာရှိတဲ့ ရှေးဟောင်း အဆောက်အအုံတွေကို အစိုးရအနေနဲ့ ဘာတွေ လုပ်ကိုင်နေတာကို တွေ့ရပါသလဲ။ ပြုပြင် ထိန်းသိမ်းမှုတွေ အပါအဝင်ပေါ့။
ဖြေ ။ ။ ပြည်နယ် အစိုးရကနေ ဘက်ဂျက်တွေ အများကြီး ချပေးပါလိမ့်မည်။ ဘတ်ဂျက် ချပေးလိုက်တာကတော့ ချပေးလိုက်တာပဲ။ ဒါပေမဲ့ ပြုပြင်တဲ့အခါမှာ ရှေးဟောင်းသုတေသနမှာ ပညာရှင် မရှိဘူး။ ရတာကို ရသလို ပြင်လိုက်တယ်။ အဲဒီတော့ ကျမတို့ ရခိုင်ယဉ် ကျေးမှုက ပိုက်ဆံပေးပြီး မြန်မြန်ဖျက်ပစ်လိုက်ဆိုပြီး ခိုင်းလိုက်တာနဲ့ အတူတူပဲ။ ဒီတော့ ရခိုင်ပြည်နယ် အစိုးရမှာလည်း တာဝန် ရှိတယ် လို့ ကျမအနေနဲ့ ဆိုချင်တယ်။ ပိုက်ဆံချပေးလိုက်တိုင်း ပြီးတာမှ မဟုတ်တာ။ ဒီဟာသည် ရှေးမူမပျက် ပြင်ရဲ့လားဆိုတာ သူတို့ စိစစ် ရမယ်။ ပိုက်ဆံပေးလိုက်ပြီးတော့ တာဝန်ကျေပြီလို့တော့ မယူဆနဲ့။ သူတို့ တာဝန်ပေးပြီး အဲဒီတာဝန်သည် ကျေရဲ့လားဆိုတာ ပြန်လည် စိစစ်ရမယ်။ အဲဒီလိုမှ မလုပ်ရင် ရခိုင့်ယဉ်ကျေးမှုက ကျန်တော့မှာ မဟုတ်ဘူး။ အခုတောင်မှ တော်တော် ပျက်စီးနေပြီ။ မနှစ်ကဆို
သိန်းပေါင်း ကျပ် ၆၆၀၀ ကျော်နဲ့ တခါ။ ဒီနှစ်မှာလည်း သိန်းပေါင်း ကျပ် ၅၈၀၀ ကျော်နဲ့ တစ်ခါ ထပ်ပျက်မယ် ဆိုလို့ရှိရင်။ နောက်နှစ်
ပျက်စရာ မကျန်တော့ဘူးလို့တောင် ပြောလို့ရတယ်။
မေး ။ ။ ဒါဆိုရင် ရှေးဟောင်း အမွေအနှစ်တွေကို ပြန်လည်ထိန်းသိမ်းရေးအတွက် လုပ်ကိုင် ဆောင်ရွက်မှုအပိုင်းမှာ လုပ်ငန်းစစ်တွေ
မရှိဘူးလား။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်တွေက ဒီအတိုင်းပဲ လွှတ်ပေးထားတာလား။
ဖြေ ။ ။ ကျမတို့ စိစစ်ရေးအဖွဲ့တွေ ဖွဲ့တဲ့နေရာမှာ သူတို့က ဘာမှ နားမလည်တဲ့ လူတွေကို သူတို့က နာမည်ပေးပြီးှ ရွေးချယ်ပြီး တော့မှ ပြည်နယ်ကို တင်လိုက်တယ်။ ပြည်နယ်က မေးမြန်းခြင်း၊ စိစစ်ခြင်း မရှိဘဲနဲ့ အဲဒီလူတွေကို ချပေးလိုက်တယ်။ ချပေးလိုက်ပြီးမှ ဘုရားစိစစ်ရန်ဆိုတဲ့ လူတွေက ရှေးဟောင်းနဲ့ ပတ်သက်ပြီး အမြင်ဘာမှမရှိတဲ့ လူတွေချည်းကို ချပေးလိုက်တယ်။ ရှင်းရှင်း ပြောရရင် သူတို့က အရင်ခေတ်ကလို လက်ညိုးထောင် ခေါင်းညိတ်မယ့် လူတွေကို ရမလားဆိုပြီး လုပ်ကြည့်တယ်။ စိစစ်ရေးအဖွဲ့ အမည်စာရင်း စာထွက်ချလာတော့ ကျမတို့ စာကိုကြည့်ပြီး ရယ်ကြတယ်။ မကြာသေးမီ ရက်ပိုင်းကပဲ ပြည်နယ်ကနေ ထွက်ချလာတော့ အရင်ခေတ်က စနစ်တွေ မပျောက်သေးဘူးလား။ ခေတ်ကလ ပြောင်းလဲနေပြီ ဖြစ်တဲ့အတွက်နဲ့ ဒီဟာမျိုးတွေ မရှိသင့်တော့ဘူးပေါ့နော်။
မေး ။ ။ ဆရာမတို့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အနေနဲ့ ရှေးဟောင်းအမွေအနှစ်တွေ
မပျောက်ပျက်အောင်၊ ရှေးမူမပျက်အောင် သက်ဆိုင်ရာ အစိုးရကို ဘယ်လိုတွန်းအားပေးသွားမလဲ။
ဖြေ ။ ။ ကျမတို့ မြောက်ဦးမှာ ရှေးဟောင်း ပစ္စည်းတွေကို ဆိုင်မှာ တင်ပြီးတော့မှ တရားဝင် ပါမစ်တွေနဲ့ ရောင်းနေသလိုမျိုး
နိုင်ငံခြားသားတွေကို ရောင်းနေတာကို ဘယ်သူကမှ အပြစ်ပေး အရေးယူတာ မရှိဘူး။ အဲဒါဟာ မြောက်ဦးမှာ တော်တော်ကို ရင်ကွဲဖို့ ကောင်းတဲ့ ဖြစ်ရပ်လေးတွေပဲ။ ပြည်နယ် အစိုးရအနေနဲ့ ပိုက်ဆံချပေးလိုက်တာနဲ့ တာဝန်ကျေပြီလို့ မယူဆပါနဲ့။ တာဝန်ပေးလိုက်တဲ့ ဋ္ဌာနတွေက အမှန်တကယ် လုပ်ရဲ့လား။ ဒါမှမဟုတ် အဲဒီဌာနကနေ တဆင့် ကုမ္ပဏီတွေကို ပေးလုပ်တဲ့အခါမှာလည်း ကုမ္ပဏီတွေ ကရော ရှေးမှုမပျက် တကယ်လုပ်သလားဆိုတာ သေသေချာချာ စိစစ်သင့်တယ်လို့ ပြောချင်ပါတယ်။