အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီဝင်များ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများဖြင့် အပြန်အလှန် တိုင်ကြားမှုက တခြားပါတီထက် များပြားကြောင်း သိရသည်။
“လောလောဆယ် ဖြေရှင်းထားတာ ၄ မှု ရှိတယ်။ တိုင်ကြားမှုတွေကတော့ တက်လာတဲ့စာရင်းအရ NLD နဲ့ USDP ပါတီ ၂ ခုက တိုင်လာတာတွေ အများဆုံးလို့ ပြောလို့ရတယ်။ အားလုံးတော့ မစိစစ်ရသေးဘူး။ စာရင်းတွေက တချို့ တက်လာတုန်းပဲ” ဟု နေပြည်တော် မှုခင်းရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရရှိထားသည့် သတင်းအချက်အလက်များအရ ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ တနိုင်ငံလုံး အတိုင်းအတာအားဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေဖြင့် တိုင်ကြားထားသည့် အမှုပေါင်း ၄၂၂ မှု ရှိကြောင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီ၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့မှ တိုင်ကြားထားသည့် အမှု ၄ မှုကို လတ်တလော ဖြေရှင်းထားပြီးဖြစ်သည်ဟု သိရသည်။
အင်အားကြီး ပါတီ ၂ ခုဖြစ်သည့် NLD နှင့် USDPတို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများနှင့် ပါတီဝင်များက ၎င်းတို့ မဲဆွယ်စည်းရုံးရာတွင် နှောက်ယှက်ခြင်း၊ သြဇာအာဏာသုံး၍ မဲဆွယ်ခြင်း၊ အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခြင်း၊ ရန်စနှောက်ယှက်ခြင်း၊ တားဆီးပိတ်ပင်ခြင်း စသည့် ပြဿနာများဖြင့် သက်ဆိုင်ရာ နယ်မြေခံရဲစခန်းများတွင် အပြန်အလှန် တိုင်ကြားထားကြခြင်းဖြစ်သည်ဟု သိရသည်။
ရန်ကုန်မြို့၊ ကျောက်တန်းမြို့နယ် USDP ပါတီ မှ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်ခဲ့သူ မွေး/ရေဝန်ကြီး ဦးအုန်းမြင့်က ပြိုင်ဘက် NLD ပါတီမှ အနိုင်ရ ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး နှင့်ပါတီဝင်များသည် USDP ပါတီ စည်းရုံး လှည့်လည်ရာတွင် ကား၊ ဆိုင်ကယ်များဖြင့် ပိတ်ဆို့မှုများပြုလုပ်ခဲ့သည်ဟု ဆိုကာ မတရားတားဆီး ကန့်ကွက်မှုဖြင့် လည်းကောင်း၊ လှည်းကူးမြို့နယ် NLD ပါတီက USDP ပါတီဝင်ကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေဖြင့်လည်းကောင်း သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်တိုင်ကြားထားသည်။
ထို့အပြင် နေပြည်တော် ဒကိ္ခဏသီရိမြို့နယ်မှ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန့်စင်ထွန်းက ပြိုင်ဘက် USDP ပါတီ မှ လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်ကို မဲဆွယ်စည်းရုံးရာတွင် သြဇာသုံး၍ လာဘ်ပေးသဖြင့် တရားမဲ့ ပြုကျင့်သည်ဟုဆိုကာ ဒကိ္ခဏသီရိရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။
ဒကိ္ခဏသီရိမြို့နယ်မှ အနိုင်ရခဲ့သည့် NLD ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန့်စင်ထွန်းက “ကျနော့်မှာ လူသက်သေ၊ ပစ္စည်းသက်သေတွေရှိတယ်။ ဒါကြောင့်တိုင်တာဖြစ်တယ်” ဟု ရှင်းပြသည်။
ထို့ုအပြင် ရွေးကောက်ပွဲအပြီး ကိုယ်စားလှယ်လောင်း ကန့်ကွက်လွှာ တင်သွင်းလာမှုများကို ဖြေရှင်းရန် ခုံအဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်တော့မည်ဟုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးတင်အေး က ပြောဆိုထားကြောင်း ကော်မရှင်၏ တရားဝင်ဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။