Ethnic Issues

မိုင်းရှူးမြို့တွင် တရက်ထဲ ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွား

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းရှူးမြို့တွင် ယနေ့ နံနက် ၈ နာရီကျော်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း၊ ထို့အတူ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ပထမ ဗုံးပေါက်ကွဲသည့် နေရာနှင့် မလှမ်းမကမ်း၌ ဗုံးထပ်မံ ပေါက်ကွဲကာ ထိခိုက် ဒဏ်ရာရသူ မရှိကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုသည် မိုင်းရှူးမြို့ ရပ်ကွက် (၄) ရှိ လယ်ကွင်းများ အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ ဗုံးပေါက်ကွဲမှုကြောင့် ထိုလယ်ကွင်း အနီး ဖြတ်သန်းသွားနေသည့် အသက်၂၅ နှစ် အရွယ် အိုက်ရွှေ၏ ဦးခေါင်းကို ဗုံးစ ထိမှန်ပြီး၊ အသက် ၁၉ နှစ်အရွယ် အိုက်ပေါင် (ခ) မောင်နု၏ ဘယ်ပါး၊ ညာခြေ၊ ဝမ်းဗိုက်တို့ကို ဗုံးစ ထိမှန်ခဲ့ကြောင်း မိုင်းရှူးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)မှ နန်းကောင်ခမ်းက ဧရာဝတီသို့ ပြောသည်။

နန်းကောင်ခမ်းက“ဗုံးထိမှန်တဲ့သူ ၂ ဦးကို ခိုလမ်ဆေးရုံကို ပို့လိုက်ပါပြီ။ ဖြစ်တဲ့နေရာက စစ်ဘေးရှောင် ဒုက္ခသည်စခန်းနဲ့ နည်းနည်း လှမ်းတယ်။ မိုင်းရှူးမှာ ဗုံးပေါက်တာ ၃ ကြိမ် ရှိနေပြီ။ မိုင်းရှူးက လူတွေ တံခါးပိတ်တာ နည်းနည်းကျယ်သွားရင်တောင် လန့်နေရတဲ့ အခြေအနေပါ”ဟု ဆိုသည်။

ထိုဗုံးပေါက်ကွဲမှုသည် မိုင်းရှူးမြို့- တန့်ယန်းမြို့ သွားရာလမ်းပေါ်ရှိ လယ်ကွင်းအနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ ဒေသခံ ရွာသား ၂ ဦး ဒဏ်ရာ ရရှိကာ မိုင်းရှုးမြို့အနီး ခိုလမ်းမြို့ ခိုလမ်ဆေးရုံသို့ ပို့ဆောင်နေကြောင်းနှင့် ၎င်းတို့အခြေအနေမှာ စိုးရိမ်စရာ မရှိကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ဒုရဲမှူးဆန်းလွင်က ဧရာဝတီကို ပြောသည်။

“ဘယ်ကမိုင်းလဲ ဆိုတာကိုတော့ အခုတော့ စစ်ဆေးဆဲပါ။ ပေါက်ကွဲတဲ့ အစအနရှာပြီးမှ ပြောလို့ရပါမယ်။ ၉နာရီ ၁၅ မိနစ်မှာလည်း ပထမမိုင်းကွဲတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာလည်း တလုံးထပ်ကွဲပါတယ်။ လူထိခိုက်မှု မရှိပါဘူး”ဟု ဒုရဲမှူးဆန်းလွင်က ဆိုသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းရှူးမြို့၊ ရပ်ကွက် (၄) ရှမ်းသာရေး/နာရေးအသင်း အနီးတွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက် ကလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အသက် ၇၀ အရွယ် အဘွားအိုတဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ခိုလမ် စစ်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်းနှင့် ကိုရင် ၂ ပါးနှင့် အမျိုးသမီးငယ် ၁ ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ရှမ်းပြည် မြောက်ပိုင်း တပ်မတော် (SSPP/SSA)နှင့် အစိုးရ တပ်မတော်တို့ အောက်တိုဘာ ၆ ရက်မှ စတင်ကာ ယနေ့အထိ ကျေးသီး မြို့နယ်နှင့် မိုင်းရှူးမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားကာ မိုင်းရှူးမြို့ပေါ်တွင် စစ်ဘေးရှောင်ဒုက္ခသည် ၁၀၀၀ ကျော် ခိုလှုံနေကြောင်း သိရသည်။

Loading