တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို သရော်သည်ဟုဆိုကာ မချောစန္ဒီထွန်း (ခ) ချစ်သမီးကို အီလက်ထရောနစ် ပုဒ်မအပြင် ထပ်တိုး စွဲဆိုထားသည့် အသရေဖျက်မှုပုဒ်မသည် နစ်နာသူကိုယ်တိုင် တရားစွဲဆိုခြင်း မဟုတ်သည့်အတွက် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေအရ တရားရှင် လွှတ်ပေးရန် ရှေ့နေ၏ တောင်းဆိုမှုကို တရားရုံးက ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ စတုတ္ထမြောက် ရုံးချိန်းတွင် ယင်းတောင်းဆိုမှုကို တရားရုံးက ပယ်ချလိုက်ခြင်း ဖြစ်ပြီး နောက်ထပ်ရုံးချိန်းကို လာမည့် နိုဝင်ဘာလ ၃၀ ရက်နေ့ မနက် ၁၀ နာရီတွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဝတ်ဆင်ထားသော ယူနီဖောင်း သည် ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်ထားသော ထမီအရောင်နှင့် ဆင်တူသည်ဟု ဖေ့ဘွတ်စာမျက်နှာတွင် ရေးသား ဖော်ပြခဲ့သည့်အတွက် ချစ်သမီးကို အီလက်ထရောနစ် ဆက်သွယ်ရေး ပုဒ်မအပြင် အသရေဖျက်မှု ပုဒ်မ ၅၀၀ နှင့်ပါ ထပ်တိုး တရား စွဲဆို ခံထားရခြင်းဖြစ်သည်။
နစ်နာသူကိုယ်တိုင် တရားစွဲဆိုခြင်း မဟုတ်သည့်အတွက် တရားရှင် လွှတ်ပေးရန် တောင်းဆိုမှုနှင့် ပတ်သက်ပြီး ယင်းစွဲဆိုမှုသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်သာမက တပ်မတော်သားများနှင့်ပါ သက်ဆိုင်နေသည့်အတွက် တရားစွဲဆိုနိုင်ကြောင်း တရားရုံးက အကြောင်းပြ ပယ်ချလိုက်ကြောင်း မချောစန္ဒီထွန်း၏ ရှေ့နေ ဦးရောဘတ်စန်း အောင်က ဧရာဝတီကို ပြောသည်။
ရှေ့နေဦးရောဘတ်စန်းအောင်၏ အဆိုအရ ထောင်အတွင်းတွင် မချောစန္ဒီထွန်းအား ခြင်ထောင်ထုတ်ပေးရန် သို့မဟုတ် ခြင်ထောင်သွင်းခွင့် ပြုရန် နိုဝင်ဘာလ ၉ ရက်နေ့ကတည်းက တောင်းဆိုထားသည်ကို မအူပင်ထောင်ပိုင်က ယခုအထိ အကြောင်းမပြန်သေးကြောင်း သိရသည်။
မချောစန္ဒီထွန်းကို ပုသိမ် အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) မှ စစ်ဦးစီး (ပထမတန်း) အရာရှိ ဒု ဗိုလ်မှူးကြီး ကျော်ထင်က မအူပင်မြို့မ ရဲစခန်းတွင် တရားလို ပြုလုပ်၍ အောက်တိုဘာ ၁၂ ရက်နေ့က စတင် အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
မချောစန္ဒီထွန်းသည် မအူပင် နည်းပညာတက္ကသိုလ်မှ B.Tech (EC) ဖြင့် ဘွဲ့ရထားသူ ဖြစ်ပြီး မအူပင်ခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်ဟောင်းတဦး ဖြစ်ကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ပေါ်ပေါက်ခဲ့သည့် ဧရာဝတီ ကျောင်းသား သပိတ် စစ်ကြောင်းတွင် လိုက်ပါရင်း အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့သူ တဦးလည်း ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ကျောင်းသားသမဂ္ဂမှ နှုတ်ထွက်၍ မအူပင်မြို့နယ် NLD ပါတီသို့ဝင်ရောက်ပြီး ပါတီ အောင်နိုင်ရေး လုပ်ငန်းများ ဝိုင်းဝန်းကူညီ ဆောင်ရွက်နေခဲ့သူဖြစ်ကြောင်း သိရှိရသည်။
အသရေဖျက်မှု ပုဒ်မ ၅၀၀ သည် ထောင်ဒဏ် ၂ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး အီလက်ထရောနစ်ပုဒ်မသည် ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သည့် ပုဒ်မများဖြစ်သည်။