ပြည်သူ့လွှတ်တော် ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေး ကော်မတီက တင်သွင်;သည့် မြေသိမ်းအက်ဥပဒေမူကြမ်း အတည်ပြုမပြုကို ယခုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် ကော်မတီဥက္ကဌ ဦးအောင်သိန်းလင်းက ယနေ့ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် တိုက်တွန်းပြောဆိုသည်။
၁၈၉၄ ခုနှစ်က ပြဌာန်းထားသည့် မြေသိမ်းအက်ဥပဒေသည် ခေတ်ကာလ အခြေအနေများနှင့် ကိုက်ညီမှု မရှိသည့်အတွက် ထိုဥပဒေကို ပယ်ဖျက်နိုင်သည့် ဥပဒေမူကြမ်း တခုကို ရေးဆွဲတင်သွင်းခဲ့ခြင်းဖြစ်ပြီး ကော်မတီသို့ ပေးပို့လာသည့် တိုင်ကြားစာ အများစုသည်လည်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုဖြစ်သည်ဟု ဦးအောင်သိန်းလင်းက ပြောသည်။
ကော်မတီက ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ခဲ့သည့် ကချင်ပြည်နယ်မှ ၁၇ မှု၊ တနင်္သာရီတိုင်း ဒေသကြီးမှ ၁၅ မှု တို့မှ ဖြေရှင်းအကြံပြုချက်များကို တာဝန်ရှိသူအဆင့်ဆင့်ထံ ပေးပို့ခဲ့သော်လည်း ယနေ့အထိ ဖြေရှင်းဆောင် ရွက်မှု ပြန်ကြားချက်ကို မရရှိသည့်အတွက် ကော်မတီအပေါ် လူထုယုံကြည်အားကိုးမှု လျော့ကျစေကြောင်း ဦးအောင်သိန်းလင်းက ပြောဆိုသည်။
ယခုတိုက်တွန်းချက်နှင့် ပတ်သက်၍ မြေသိမ်းဥပဒေသစ်တရပ် ပြဌာန်းပါက ယခင်ဥပဒေ အဆင့်အတန်းထက် မနိမ့်သည့် ဥပဒေတရပ်ဖြစ်ရန် လိုအပ်ပြီး မူလလယ်ပိုင်ရှင်များ၏ အခွင့်အရေးကို အပြည့်အ၀ ကာကွယ်ပေးနိုင်ရန် လိုအပ်ကြောင်း လယ်သမားအရေးလှုပ်ရှား ဆောင်ရွက်သူများက ပြောသည်။
“ဥပဒေအသစ်တရပ် ပြဌာန်းတာနဲ့ အရင်ဥပဒေ အဟောင်းနဲ့ ပတ်သက်တာတွေကို အရေးယူလို့ မရတော့ဘူး၊ ခုချိန်က ဥပဒေဟောင်းနဲ့ အရေးယူ ဆောင်ရွက်ရမှာတွေလည်း မပျက်သေးပါဘူး” ဟု ရှေ့နေဦးဖိုးဖြူက ဧရာဝတီကို ပြောသည်။
စစ်အစိုးရလက်ထက် မြေသိမ်းမှုများသည် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် တနိုင်ငံလုံးအတိုင်းအတာအရ အမှုများစွာ ဖြစ်ပေါ်ခဲ့ရာ တပ်မတော်စီမံကိန်းများဆောင်ရွက်ရန် သိမ်းယူထားသည့် အမှုမှာ စုစုပေါင်းမြေဧက ၂ သိန်းကျော် ရှိခဲ့ပြီး အစိုးရနှင့် နီးစပ်သည့် စီပွားရေး လုပ်ငန်းစုများ၏ သိမ်းယူမှုများလည်း အများအပြားပါဝင်ခဲ့သည်။
မြေယာသိမ်းဆည်းခံရမှုအပေါ် ဒေသခံပြည်သူများက ဆန္ဒထုတ်ဖော ်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြရာမှ အစိုးရက ငြိမ်းချမ်းစွာ စုဝေးလည့်လည်ခွင့် ဥပဒေပုဒ်မ-၁၈ ဖြင့် တရားစွဲဆိုမှုကို ခံခဲ့ကြရပြီး ထောင်ဒက်ချမှတ်ခံရမှုများလည်း ရှိခဲ့သည်။