တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ကောင်းမွန်သော ဆက်ဆံရေး မရှိစရာ အကြောင်းမရှိကြောင်း ၊ နိုင်ငံအတွက် အလုပ် လုပ်ကြမည့်သူများဖြစ်ခြင်းကြောင့် ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်၍ နိုင်ငံအား တည်ငြိမ်အောင်၊ တိုးတက်အောင် လုပ်ဆောင်ကြရမည်ဖြစ်ပြီ ယင်းကဏ္ဍတွင် တပ်မတော်အနေဖြင့် အပြည့်အ၀ ပါဝင်သွားမည် ဟု မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Mr. Daniel R. Russel နှင့် မနေ့က နေပြည်တော်၌ တွေ့ဆုံစဉ် ပြောကြား လိုက်သည်။
ယင်းသို့ တွေ့ဆုံရာတွင် မိမိနိုင်ငံ၏ ရွေးကောက်ပွဲကာလ မှန်မှန်ကန်ကန်၊ ခိုင်ခိုင်မာမာ နိုင်ငံရေး လျှောက်လှမ်းမှုနှင့် ယင်းအပေါ် အမေရိကန်ကွန်ဂရက်၏ သဘောထားအမြင်များ၊ ရွေးကောက်ပွဲလွန်ကာလ မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး၊ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံနိုင်မည့်အခြေအနေ၊ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ဆက်လက်လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များ၏ တိုးတက်မှု၊ လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့်အဖွဲ့များ ပါဝင်လာနိုင်မည့် အခြေအနေနှင့် တိုင်းရင်းသားရေးဆိုင်ရာများအားဆွေးနွေးကြောင်းလည်းသိရသည်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးသည် သမ္မတ ဦးသိန်းစိန်၊ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တိုနှင့်လည်း တွေ့ဆုံခဲ့သည်။