Su- 24 ဗုံးကြဲ လေယာဉ် ပစ်ချခံရပြီးနောက် လေတပ်စခန်းများ ကာကွယ်ရေးအတွက် ဆီးရီးယား ကမ်းခြေမှာလေကြောင်းရန် ကာကွယ်ရေး ဒုံပျံတတ်ဆင်ထားတဲ့ ရုရှား စစ်သင်္ဘော ဖြန့်ချထားဖို့ ရုရှား လက်နက်ကိုင်တပ်များ၏ ဦးစီးချုပ်က ကြေညာလိုက်ပါတယ်။
အခုအခါမှာတော့ IS ကို တိုက်ခိုက်တဲ့ ရုရှား ဗုံးကြဲလေယာဉ်တွေကို တိုက်လေယာဉ်တွေက လိုက်ပါစောင့် ရှောက်နေတယ်လို့ လည်း ဦးစီးချုပ်က ဆိုပါတယ်။
မနေ့က ရုရှား ဗုံးကြဲလေယာဉ် Su – 24 ကို တူရကီတိုက်လေယာဉ် F-16 က ပစ်ချလိုက်ချိန်မှာတော့ အဆိုပါ ဗုံးကြဲလေယာဉ်ကို စောင့်ရှောက်ပေးမယ့် ရုရှားတိုက်လေယာဉ်တွေ မရှိခဲ့ပါဘူး။
လတ်တလောမှာတော့ ရုရှား လက်နက်ကိုင်တပ်များရဲ့ ဦးစီးချုပ်ဟာ ဆီးရီးယားမှာရှိတဲ့ ရုရှားလေတပ်စခန်းများ လုံခြုံရေး၊ တာဝန်ထမ်းဆောင်နေတဲ့ ဗုံးကြဲလေယာဉ်များကို တိုက်လေယာဉ်များက အကာအကွယ်ပေးရေး၊ ကာကွယ်ရေး လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ရေး ၊ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည် S – 300 တတ်ဆင်ထားတဲ့ ရုရှား စစ်သင်္ဘော မော့စ်ကာဗာကို စေလွှတ်ရေး၊ ရုရှားတို့ကိုတိုက်ခိုက်မယ့် အန္တရာယ်တွေ ကိုလည်း တိုက်ခိုက်ဖျက်ဆီးရေး၊ တူရကီနဲ့ စစ်ရေးအရ ဆက်သွယ်တဲ့ လိုင်းတွေကို ရပ်ဆိုင်းမယ် လို့ ဆိုပါတယ်။
မနေ့ကဖြစ်ရပ်မှာ တူရကီကတော့ သူဝေဟင်ပိုင်နက်ထဲ ဝင်ရောက်လာလို့ ပစ်ခတ်တယ်ဆိုပေမယ့် ရုရှားဘက်ကတော့ ဘယ်လို ခြိမ်းခြောက်မှုမျိုးမှ မလုပ်ပဲ သူရဲ့လေယာဉ်ဟာ ဆီးရီးယားပိုင်နက်မှာ ပစ်ချခံရတာဖြစ်တယ်လို့ အခိုင်အမာ ပြောပါတယ်။
ဒီအဖြစ်အပျက် နဲ့ပတ်သက်ပြီး သမ္မတပူတင်က တူရကီဟာ နောက်ကျောကို ဓားနဲ့ထိုးတာပဲလို့ ပြောလိုက် ပြီး၊အကျိုးဆက်ကတော့ ဆက်ဆံရေးကို သွားထိခိုက်နိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
ပစ်ချခံရတဲ့ Su – 24 ဗုံးကြဲလေယာဉ်က လေထီးနဲ့ ဆင်းသက်ခဲ့ရတဲ့ လေယာဉ်မှူး ၂ ဦးကို ရုရှား ရဟတ်ယာဉ် Mi-8 က ရှာဖွေနေပြီး တချို သတင်းတွေမှာတော့ ရုရှားလေယာဉ်မှူးတဦးဟာ ဆီးရီးယား သူပုန်တွေရဲ့ မြေပြင်က ပစ်ခတ်မှုကြောင့် သေဆုံးသွားတယ်လို့ လည်းသတင်းတွေထွက်ပေါ်နေပါတယ်။