Human Rights

လူနည်းစု အခွင့်အရေး လှုပ်ရှားနေသူ ဝေဝေနု

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံမှာမွေး၊ မြန်မာနိုင်ငံမှာ ကြီးပြင်းခဲ့ကြသူများဖြစ်သည့် မိခင်ဖခင် အပါအဝင် မိသားစုဝင်များကို လူမျိုးရေး ခွဲခြား ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများကို ကိုယ်တိုင်ပါဝင်ခံစားခဲ့ရပြီး ထိုအပြုအမူများက သူမကို ထိုးနှက်မှုတခု ဖြစ်စေခဲ့သည်ဟု မဝေဝေနုက ပြောသည်။

ဖိနှိပ်မှုတခုကို ထပ်မံပြီး ပြောရမည်ဆိုပါက အလုပ်သမား အခွင့်အရေးများကို တစိုက်မတ်မတ် အားပေးကူညီနေသည့် ဖခင်ရှေ့နေ ဦးကျော်မင်းကို နိုင်ငံသား မှတ်ပုံတင်ကတ် တရားမဝင် ပြုလုပ်သည်ဆိုကာ ဖခင်ကြီးဦးကျော်မင်း အပါအဝင် တမိသားစုလုံး ဖမ်းဆီး ထောင်ချခြင်း ခံခဲ့ရသည်။

ဖခင်နှင့်အတူ သူမအပါအဝင် မိသားစုတစုလုံးကို ဆယ်စုနှစ် နှစ်ခုနီးပါးခန့်် ထောင်ထဲပို့ခံခဲ့ရသည့် အချက်က သူမ ထောင်က ပြန်ထွက်လာစဉ်နောက်ပိုင်း လူနည်းစု လှုပ်ရှားမှုများကို တစိုက်မတ်မတ် ဆောင်ရွက်လာစေသည့် တွန်းအား တရပ် ဖြစ်ခဲ့သည်ဟု လူနည်းစု အခွင့်အရေး၊ ကျား- မ အခွင့်အရေးများကို လှုပ်ရှားဆောင်ရွက်နေသည့် အသက် ၂၈ နှစ်အရွယ် မဝေဝေနုက ဆိုသည်။

“ကျမကို ရခိုင်ပြည်နယ်မှာ မွေးတယ်။ အရေးကြီးဆုံး တခုက မြန်မာနိုင်ငံမှာ လူဖြစ်နေပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ကိုယ်တိုင်လည်း ကြုံတွေနေရတယ်။ ကိုယ့်လူ့အဖွ့ဲအစည်း အပေါ်မှာ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေဟာ မှားယွင်းနေပါလားဆိုတဲ့ အသိ၊ ပြောင်းလဲဖို့ လိုတယ်ဆိုတဲ့ အသိကြောင့် ဒါတွေကို လုပ်ဆောင်ဖို့ တွန်းအား ဖြစ်စေခဲ့တာပါ” ဟု မဝေဝေနုက ဆိုသည်။

မဝေဝေနု၏ဖခင် ဦးကျော်မင်းသည် ၁၉၉၀ ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးအဖြစ် ဝင်ပြိုင်ခဲ့သူ ဖြစ်သည်။ ထို့နောက် ၁၉၉၈ ခုနှစ်တွင် CRPP ခေါ် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင် ဖြစ်လာခဲ့သည်။

ယင်းနောက် အလုပ်သမား အခွင့်အရေးများကို ရှေ့နေတဦးအဖြစ် လိုက်ပါ ဆောင်ရွက်ရင်း၂၀၀၅ ခုနှစ်တွင် ဦးကျော်မင်းအပါအဝင် မိသားစုဝင်ငါးဦးကို ဖမ်းဆီးခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးတွင် ရုံးတင်စစ်ဆေးရာ မှတ်ပုံတင်ပြုလုပ်ရာတွင် မမှန်မကန်ဖေါ်ပြမှုနှင့် တရားစွဲဆိုပြီး ဦးကျော်မင်းကို ထောင်ဒဏ် ၄၇ နှစ်၊ ကျန်မိသားစုဝင် လေးဦးကို ထောင်ဒဏ် ၁၇ နှစ်စီ ချမှတ်ခြင်း ခံခဲ့ရသည်။

ဦးကျော်မင်း၏ သမီးငယ်ဖြစ်သူ မဝေဝေနုသည်လည်း ဖခင်ဖြစ်သူအမှုတွင် အပေါင်းပါတဦးအဖြစ် ဖမ်းဆီးထိန်းသိမ်း ထောင်ချခြင်းခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရသည်။

မဝေဝေနု အင်းစိန်အကျဉ်းထောင်သို့ စတင်ရောက်စဉ်က အသက် ၁၈ နှစ်သာရှိသေးပြီး ထောင်ထဲတွင် ၇ နှစ် နေခဲ့ရပြီး နောက် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး အစရှိသည့် နိုင်ငံရေးသမားများ လွှတ်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူ အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။

မဝေဝေနု၏ ငယ်ဘဝတလျှောက်လုံးသည် နိုင်ငံရေး အသိုင်းအဝန်းနှင့် အမြဲမပြတ်ထိတွေ့ခဲ့ရပြီး ကြီးပြင်းခဲ့ရသူတဦး ဖြစ်တာကြောင့် နိုင်ငံအတွင်း ဖြစ်ပျက်ပြောင်းလဲနေခဲ့သည့် လူ့အဖွဲ့အစည်း၏ တိုးတက်ပြောင်းလဲရန် လိုအပ်ချက်များကို သိရှိစေခဲ့သည်ဟု ဆိုရမည်။

ရခိုင်ပြည်နယ်တွင် ၁၉၉၁ – ၁၉၉၄ ခုနှစ်အထိ နေထိုင်ခဲ့သော်လည်း သူမသည် လူနည်းစုအသိုင်းအဝိုင်းမှ ဖြစ်၍ သူ၏ပတ်ဝန်းကျင်တွင် ခွဲခြားဆက်ဆံ ခံခဲ့ရခြင်း မရှိခဲ့သလို ရန်ကုန်ရောက်ပြီးနောက် သူမကျောင်းတက်နေစဉ် တလျှောက်လုံး ခွဲခြားဆက်ဆံခံခဲ့ရခြင်း မရှိခဲ့ကြောင်း မဝေဝေနုက ပြန်ပြောပြသည်။

“ ကျမငယ်ငယ်ကတည်းက ကျမကို ဘာလူမျိုးလဲမေးရင် ရိုဟင်ဂျာလူမျိုး(အစိုးရက တရားဝင် အသိအမှတ် ပြုထားခြင်း မရှိပါ) ဆိုတာ ထည့်ထည့်ပြောလေ့ ရှိတယ်။ ကျမ ရိုဟင်ဂျာလူမျိုးလို့ ကိုယ့်ကိုယ်ကိုယ် ပြောရမှာကို ငယ်ငယ်ကတည်းက မကြောက်ခဲ့ဘူး။ ဒါကြောင့် ခွဲခြားခံခဲ့ရတယ်လို့ မဆိုနိုင်ပေမယ့် ကျမတို့မိသားစုလုံး ထောင်ကျရတာက ဒီရိုဟင်ဂျာဖြစ်လို့ ဒီလောက်နှစ်တွေအများကြီးနဲ့ ကျမတို့ပါအားလုံး ထောင်ကျခဲ့တာလို့ ကျမထင်တယ် ” ဟု မဝေဝေနုက ဆိုသည်။

အကျဉ်းထောင်က ထွက်လာပြီးနောက်ပိုင်း မဝေဝေနုသည် လူ့အခွင့်အရေး လှုပ်ရှားမှုများကို စိတ်ရော၊ကိုယ်ပါ နစ်မြုပ်လုပ်ကိုင်ခဲ့သည်။ ထိုသို့အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက် ၂၀၁၂ ခုနှစ် စက်တင်ဘာ၊ အောက်တို ဘာလများတွင် ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားလာခဲ့သည်။ ထိုပဋိပက္ခများကြောင့် လူနည်းစု အခွင့်အရေး လှုပ်ရှားမှု လုပ်ဆောင်ချက်များသည် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည်ဟု မဝေဝေနုက ပြောသည်။

အကျဉ်းထောင်ထဲတွင် သူမနှင့်အတူ ဖြတ်သန်းခဲ့ရသည့် အမျိုးသမီး အကျဉ်းသားများဘ၀ လူ့အခွင့်အရေး ချိုးဖောက်ခံ နေရသည့် အခြေအနေများကို သိရှိခဲ့ရသည့် အတွက်ကြောင့် လူ့အခွင့်အရေး လှုပ်ရှားမှု၊ ကျား- မ တန်းတူ ညီမျှရေး လှုပ်ရှားမှုများကို ပိုပြီးလုပ်ကိုင်ဆောင်ရွက်ခဲ့သည်။

လူ့အခွင့်အရေး လှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်ရန် Women Peace Network Arakan (ရခိုင် အမျိုးသမီး ငြိမ်းချမ်းရေး ကွန်ရက်) တခုကို သူမကိုယ်တိုင် ဦးဆောင်ဖွဲ့စည်းခဲ့သည်။ ထိုကွန်ရက်က လူနည်းစုအခွင့်အရေး လှုပ်ရှားမှုများကို လုပ်ဆောင်သကဲ့သို့ လူ့အဖွဲ့အစည်းများအကြား ပေါင်းစည်းညီညွှတ်ရေး၊ လူမှုဘဝတိုးတက်ရေး သင်တန်းများကို တဘက်တွင် လူငယ်များကို သင်တန်းပေးခြင်းကို ဆောင်ရွက်နေသည်။

မဝေဝေနုသည် လူငယ်တယောက် ဖြစ်သလို စကားပြော သွက်လက်မှုရှိပြီး မတရားမှုများတွေ့လျှင် ငြိမ်မခံတတ်ဘဲ ရဲဝင့်စွာ ပြန်လည် တုံ့ပြန်တတ်မှုကြောင့် လူမှုအဖွဲ့အစည်းများအကြား သူ့ကို သိရှိစေသည့် အချက်တခုဟု ဆိုနိုင်သည်။

၂၀၁၂ ခုနှစ် အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက်ပိုင်း သူမ၏ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှုသည် သုံးနှစ်ကျော် ကာလသာ ရှိနေသေးသော်လည်း အမေရိကန်သမ္မတ အိုဘားမားကပင် အမေရိကန်ပြည်ထောင်စုသို့ ခေါ်ယူ အသိအမှတ်ပြု ခံရသည့် အခြေအနေအထိ ရှိလာခဲ့သည်။

၂၀၁၅ ခုနှစ် ဇွန်လဆန်းပိုင်း မဝေဝေနု၏ အမေရိကန် လေ့လာရေး ခရီးစဉ်အတွင်း အမေရိကန် သမ္မတအိုဘားမားက အိမ်ဖြူတော်တွင် ညစာဖိတ်ကျွေးခဲ့သည်။ ထိုညစာစားပွဲတွင် နိုင်ငံပေါင်းစုံမှ အစ္စလမ် လူငယ်များနှင့်အတူ တတ်ရောက်ခဲ့ရသည့် မြန်မာနိုင်ငံ၏ တဦးတည်းသော ကိုယ်စားလှယ်ဖြစ်ပြီး သမ္မတအိုဘားမားနှင့်အတူ စားပွဲဝိုင်းတဝိုင်းထဲတွင် ထိုင်ခဲ့ရသူ ဖြစ်သည့်အတွက်လည်း သတင်းဌာနပေါင်းစုံ၏ အာရုံစိုက်မှုကို ခံခဲ့ရသူတဦး ဖြစ်ခဲ့သည်။

“အဲဒီတုန်းက မြန်မာနိုင်ငံက နိုင်ငံရေးလှုပ်ရှားနေတဲ့ လူငယ်တွေနဲ့ သင်တန်းတက်ဖို့ အမေရိကားကို ရောက်နေတာပါ။ အဲဒီမှာအိုဘားမားက ကျမတယောက်တည်းကို ထမင်းဖိတ်ကျွေးတယ်ဆိုတော့ ကျမတော်တော် အံ့သြရပါတယ်။ နောက်ပြီးတစားပွဲထဲ ထမင်းတူတူ စားရတာကိုကြည့်ရင် မြန်မာနိုင်ငံသား တဦးဖြစ်တဲ့ ကျမကို အလေးပေးတယ်လို့ ကျမမြင်ပါတယ်” ဟု သူ့မရဲ့ သဘောထားအမြင်ကို ပြောသည်။

မဝေဝေနု ဦးဆောင်သည့် ကွန်ရက်အဖွဲ့သည် ပြီးခဲ့သည့် သြဂုတ်လက တနိုင်ငံလုံးတွင် ဖြစ်ပွားခဲ့သည့် ရေဘေးဒုက္ခသည်များအတွက် အခြားလူမှုအဖွဲ့အစည်းများနှင့်အတူ အကူအညီများ ပေးခဲ့သည်။

“ငယ်ငယ်ကတည်းက လူ့အဖွဲ့အစည်းကို စိတ်ဝင်စားတယ်။ လူတွေကို စိတ်ဝင်စားခဲ့တယ်။ ဒါကြောင့် ကျမရဲ့ လူ့အဖွဲ့ အစည်းအပေါ်မှာထားတဲ့ ခံစားချက်က နည်းနည်းလေး ပိုများတယ်။ ကျမတို့ လူ့အဖွဲ့အစည်း တိုးတက်ဖို့ဆိုတဲ့ အသိက ကျမကိုနိုင်ငံသားတယောက်ရဲ့ တာဝန်ယူ လုပ်ဆောင်မယ်ဆိုတဲ့ လမ်းကြောင်းပေါ်ကို ရောက်စေတာပါ ” ဟု မဝေဝေနုက ဆိုသည်။

မဝေဝေနုဘဝတွင် သူရဲကောင်းတဦးဖြစ်သူ သူမဖခင်၏ လမ်းညွှန်သင်ကြားချက်များအတိုင်း လူငယ်ဖွံ့ဖြိုးမှုများကို လုပ်ဆောင်နေရာ ယခုဆိုလျှင် တဘက်တွင် လူ့အခွင့်အရေး လှုပ်ရှားမှုများကို ဆောင်ရွက်နေပြီး တဘက်တွင်လည်း သူ၏သင်တန်းကျောင်းတွင် အင်္ဂလိပ်ဘာသာစကားကို လူငယ်များအတွက် သင်ကြားပို့ချပေးလျက် ရှိသည်။

Loading